www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 21, 2016

ကျောင်းပြင်ပရောက် ကလေးငယ်များ အလယ်တန်းပညာ ဆက်လက်သင်ကြား လိုစိတ်ရှိ-မရှိ စစ်တမ်း ကောက်ယူမည်



ရန်ကုန် ၊ ၂၁-၄-၂၀၁၆

ကျောင်းပြင်ပရောက် ကလေးငယ်များ အလယ်တန်းပညာ ဆက်လက် သင်ကြားလိုစိတ် ရှိ၊ မရှိ စစ်တမ်း ကောက်ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ သိရသည်။

'' မြို့နယ်အလိုက် ပညာရေးမှူးတွေ၊ အုပ်ချုပ်ရေးပိုင်းက သူတွေနဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပါပြီ။ နောက်ပိုင်းမှာ မြို့နယ်အလိုက် ကြော်ငြာဘုတ်တွေ ထောင်ပြီးတော့ အဲဒီလို ကလေးတွေ ပညာသင်ကြား နိုင်ဖို့ အခွင့်အရေး တွေ ရအောင် လုပ်ကြတယ်။ မိဘတွေကိုယ်တိုင် လိုလိုလားလား လက်ခံအောင်လည်း ဆောင်ရွက် သွားမယ်'' ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူ ပြုပင်မဌာနမှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်ညို က ပြောသည်။

လာမည့် ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်တွင် မြို့နယ် ခြောက်မြို့နယ်၌ ကျောင်းပြင်ပ အလယ်တန်း စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် လှိုင်သာယာ၊ ဒလ၊ မြစ်ကြီးနား၊ စစ်တွေ၊ ကျိုက်ထိုနှင့် လွိုင်ကော်မြို့တို့၌ စတင် လှုပ်ရှားပြီး ၄င်းဒေသရှိ ကျောင်းသား၊ ကျောင်းသူများ သင်ယူနိုင်စေရန် သင်ရိုးကို ရေးဆွဲထားပြီ ဖြစ်သည်။

''အသက် ၁၃ နှစ်နဲ့အထက် ကျောင်းပြင်ပ မူလတန်းပြီးဆုံး သွားတဲ့ ကလေးတွေ၊ အလယ်တန်း မပြီးဆုံးဘဲ ထွက်သွားရတဲ့ ကလေးတွေနဲ့ မူလတန်း ပြီးဆုံးပြီးတော့ အလယ်တန်း မတက်နိုင်တဲ့ ကလေးတွေကို သင်ကြားပေးမယ်။ ကျောင်းပြင်ပ အခြေစိုက် စခန်းတွေမှာ သင်ယူနိုင်အောင် လုပ်ဆောင် သွားမယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ပညာရေး ဝန်ကြီးဌာနမှ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် အခမဲ့မူလတန်း ပညာရေးစနစ် ကျင့်သုံးခဲ့သော်လည်း မူလတန်း မပြီးဆုံးသေးသည့် ကလေးများစွာ ရှိနေပြီး လက်ရှိတွင် ကျောင်းပြင်ပ လှုပ်ရှားမှုအဖြစ် ၉၄ မြို့နယ်၌ ဆောင်ရွက်နေပြီး အလယ်တန်း အဆင့်ထိသာ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝဝ၈ ခုနှစ်တွင် မြို့နယ် ငါးမြို့နယ်၌ စတင် သင်ကြားပေးခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် မြို့နယ်ပေါင်း ၈၉ မြို့နယ်နှင့် ၂ဝ၁၅ ခုနှစ်တွင် ၉၄ မြို့နယ်အထိ တိုးချဲ့သင်ကြား ခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး စာသင်ခန်း ၅၇၁ ခု ဖွင့်လှစ်၍ သင်တန်းသား တစ်သောင်းကျော် ကို ဆရာအင်အား တစ်ထောင်ကျော်ဖြင့် ဇွန်လတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာန၊ ယူနီဆက် နှင့်ပြင်ပ အလှူရှင်များက ပံ့ပိုးကူညီ နေပြီး သင်ယူ တတ်မြောက်ခဲ့သူ ဦးရေ ၅၆ဝဝဝ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger