www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 28, 2016

မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်ထပ်မံ စမ်းသပ်ပါက အရေးယူမည်ဟု ဆိုလာသည့် အမေရိကန်




( အောင်နှင်းဆီ )

မြောက်ကိုရီးယား အစိုးရ အနေဖြင့် တားမြစ်ထားသည့် နျူကလီးယား နှင့် ဒုံးကျည် စမ်းသပ်မှု များကို ထပ်မံလုပ်ဆောင် သွားမည်ဆိုပါက အမေရိကန် ပြည်ထောင်စုမှ ပိတ်ဆို့မှုသစ်များ ချမှတ်ခြင်း သို့မဟုတ် လုံခြုံရေးအရ တုံ့ပြန် လုပ်ဆောင် ခြင်းဖြင့် အရေးယူ သွားမည်ဟု အမေရိကန် အစိုးရက ဧပြီ ၂၆ ရက်တွင် ထုတ်ဖော် ပြောကြား လိုက်သည်။

အမေရိကန် အစိုးရ၏ ပြောကြားချက် တွင် မြောက်ကိုရီးယား နိုင်ငံသည် တာလတ်ပစ် ဒုံးကျည်တစ်စင်း ကို စမ်းသပ် ပစ်ခတ်ရန် စီစဉ်လျက် ရှိသည်ဟု တောင်ကိုရီးယား ယွန်ဟပ် သတင်းအေဂျင်စီ က အစောပိုင်းတွင် ထုတ်ပြန် ခဲ့ပြီးနောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ စမ်းသပ်မှုများကို ပဉ္စမ အကြိမ်မြောက် ပြုလုပ်ရန် ကြိုးပမ်းနေသည် ဟု နိုင်ငံရေး သုံးသပ်သူများက မျှော်လင့်ထားပြီး အဆိုပါ စမ်းသပ်မှုကို မေလ အစောပိုင်းက ကျင်းပမည့် မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီ ကွန်ဂရက် လွှတ်တော် အစည်းအဝေး မတိုင်မီ ပြုလုပ်သွားဖွယ် ရှိသည်။

မြောက်ကိုရီးယား အစိုးရက ပြုလုပ်လာ နိုင်ဖွယ်ရှိသည့် နျူကလီးယား စမ်းသပ်မှု၏ ခြိမ်းခြောက်မှု အန္တရာယ်မှ အမေရိကန် ပြည်ထောင်စု အပါအဝင် ဒေသတွင်းရှိ မဟာမိတ်နိုင်ငံ များကိုပါ ကာကွယ် နိုင်ရေးအတွက်အမေရိကန် အစိုးရက လုပ်ဆောင်လျက် ရှိကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ဧပြီ ၂၆ ရက်တွင် ပြောကြား ခဲ့သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြောက်ကိုရီးယား နိုင်ငံမှ ထွက်ပေါ်လာ နိုင်သည့် အဆင့်နိမ့် ခြိမ်းခြောက်မှု အန္တရာယ် များကို တားဆီးနိုင်ရေး အတွက် ဒုံးခွင်းဒုံး စနစ်တစ်ခုကို ဖြန့်ချနိုင်ရန် အချိန်ယူ လုပ်ဆောင်လျက် ရှိသည်ဟု အိုဘားမားက CBS သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်း တစ်ခု၌ ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ၄င်းတို့၏ စတုတ္ထ အကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ်မှုကို ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ်ခဲ့ပြီး နောက်တစ်ရက် အကြာတွင် တာဝေးပစ် ဒုံးပျံတစ်စင်းကို ထပ်မံစမ်းသပ် ပစ်ခတ်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံ၏ အဆိုပါ လုပ်ဆောင်ချက် များကို တုံ့ပြန်သည့် အနေဖြင့် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စု တို့က ပိတ်ဆို့မှုများ ထပ်မံ ချမှတ်ခဲ့သည်။

ထိုအချိန်မှစ၍ မြောက်ကိုရီးယား အစိုးရသည် ပိတ်ဆို့မှုများကို အာခံသည့် အနေဖြင့် ဒုံးကျည်စမ်းသပ်မှု များကို ထပ်မံလုပ်ဆောင် ခဲ့သည့်အပြင် ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်း ကလည်း ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်တစ်စင်း ကိုပါ စမ်းသပ်ပစ်ခတ် ခဲ့သည်။

ထို့ပြင် ယခုနှစ် ဧပြီ ၁၅ ရက်က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား ၏ ဒုံးကျည်စမ်းသပ် မှုသည် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက် နိုင်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် အဆိုပါ  စမ်းသပ်မှုအတွင်း ကီလိုမီတာ ၃ဝဝဝ ကျော် (မိုင် ၁၈ဝဝ) အထိ ပစ်ခတ်နိုင်သည့် Musudan အမျိုးအစားဒုံးကျည် တစ်စင်းကို စမ်းသပ် ခဲ့ဖွယ်ရှိသည်။ သို့သော် ယင်း စမ်းသပ်မှုမှာ အောင်မြင်ခဲ့ခြင်း မရှိပေ။

မြောက်ကိုရီးယား အစိုးရ အနေဖြင့် ယင်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ် နိုင်ခဲ့မည် ဆိုပါက ယင်းဒုံးကျည်ဖြင့် ဂျပန် တစ်နိုင်ငံလုံး ကိုသာမက အမေရိကန် ပြည်ထောင်စု ၏ ပိုင်နက်တစ်ခု ဖြစ်သည့် ဂူဟန်ကျွန်း ကိုပါ ခြိမ်းခြောက် လာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကင်ဂျုံအွန် အစိုးရသည် အောင်မြင်ခဲ့ခြင်း မရှိသည့် ဒုံးကျည် စမ်းသပ်မှု အတွက် တခြားဒုံးကျည် တစ်စင်းကို ထပ်မံ စမ်းသပ်မည့် အလားအလာများ ထွက်ပေါ်လျက် ရှိသည်။ မြောက်ကိုရီးယား နိုင်ငံက Musudan အမျိုးအစား ဒုံးကျည်ကို တိုက်ချင်းပစ် ဒုံးကျည် ထုတ်လုပ်ရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသ အဖြစ် စမ်းသပ်ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လုပ်ဆောင်မှု များကို အမေရိကန် ပြည်ထောင်စု က စောင့်ကြည့်ရန် လိုအပ်မည် ဖြစ်သည်။ တစ်ချိန်တည်း မှာပင် အမေရိကန် အစိုးရ၏ ရန်လိုမှုနှင့် ခြိမ်းခြောက်မှု များကို ကာကွယ်နိုင်ရေး အတွက် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် အစွမ်း ထက်မြက်သည့် နျူကလီးယား တားဆီးရေး လက်နက် များကို လိုအပ်လျက် ရှိသည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန က ဧပြီ ၂၆ ရက်တွင် ထုတ်ဖော် ပြောကြား ထားပြီး အမေရိကန် အစိုးရ၏ ခြိမ်းခြောက်မှု များသည် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကိုသာ ပိုမို မြင့်တက် လာစေနိုင်သည် ဟု မြောက်ကိုရီးယား အစိုးရက ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စုက ၄င်းတို့၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော တောင်ကိုရီးယား နိုင်ငံနှင့် ပူးတွဲ ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှု များသည် နိုင်ငံအတွင်းသို့ ကျူးကျော် ဝင်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံက ရှုမြင်လျက်ရှိပြီး ယင်းပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းကို မကြာခဏ ဆိုသလို ပြစ်တင် ရှုတ်ချထားပြီး ဒုံးကျည် စမ်းသပ်ခြင်းများ ပြုလုပ်၍ တုံ့ပြန်ခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီးယား နိုင်ငံမှ ထွက်ပေါ် လာနိုင်သည့် ခြိမ်းခြောက်မှု များကို တားဆီးနိုင်ရန် THAAD ဒုံးကျည် ကာကွယ်ရေး စနစ်ကို တောင်ကိုရီးယား နိုင်ငံ၌ ဖြန့်ကြက်ချထား နိုင်ရေး အမေရိကန် နှင့် တောင်ကိုရီးယား အစိုးရအဖွဲ့ တို့မှာ အပူတပြင်း ဆွေးနွေးခဲ့ ရသည်။ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တို့သည် ၁၉၅ဝ-၁၉၅၃ ကိုရီးယား စစ်ပွဲကို ငြိမ်းချမ်းရေး စာချုပ်ချုပ် ဆိုနိုင်ခြင်း မရှိဘဲ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ဖြင့် သာ အဆုံးသတ်  ထားနိုင်ခဲ့ သောကြောင့် မြောက်ကိုရီးယား အစိုးရ၏ နျူကလီးယား နှင့် ဒုံးကျည် အစီအစဉ် များသည် တောင်ကိုရီးယား နိုင်ငံအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရပ်တည်လျက် ရှိသည်။




ထို့ပြင် မြောက်ကိုရီးယား အစိုးရသည် ၄င်းတို့၏ အစွမ်းထက် ဒုံးကျည်များဖြင့် တောင်ကိုရီးယား နှင့် အမေရိကန် ပြည်ထောင်စု တို့ကို ပစ်ခတ်ဖျက်ဆီး ပစ်မည်ဟု မကြာခဏ ခြိမ်းခြောက်လေ့ ရှိသောကြောင့် ယင်း ခြိမ်းခြောက်မှု များသည် ကိုရီးယား ကျွန်းဆွယ်ပေါ်ရှိ တင်းမာမှု များကို ပိုမိုမြင့်တက် လာစေခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယား နိုင်ငံက မကြာမီ ပြုလုပ်လာနိုင်ဖွယ် ရှိသည့် နျူကလီးယား စမ်းသပ်မှုသည် ဒေသတွင်း တည်ငြိမ်မှုကို လျော့ပါး စေနိုင်သောကြောင့် ယင်းသို့သော လုပ်ရပ်များကို ရှောင်ရှားရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆို ထားသည်။ အမေရိကန် ပြည်ထောင်စု ၏ တောင်းဆိုချက်ကို မြောက်ကိုရီးယား နိုင်ငံက လိုက်နာခြင်း မရှိပါက အမေရိကန် အစိုးရ အနေဖြင့် တုံ့ပြန်သွားရမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ မာ့ခ်တိုးနား က သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ထုတ်ဖော် ပြောကြား ခဲ့သည်။

သို့ရာတွင် မည်သို့သော တုံ့ပြန်မှုကို လုပ်ဆောင်မည် နှင့် စပ်လျဉ်း၍ ၄င်းက အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။ မြောက်ကိုရီးယား နိုင်ငံ၏ ခြိမ်းခြောက်မှု များနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စု အနေဖြင့် အလွယ်တကူ ဖြေရှင်း လုပ်ဆောင်နိုင်မည့် အလားအလာ မရှိပေ။ သို့ရာတွင် အမေရိကန် အစိုးရ အနေဖြင့် ၄င်းတို့၏ နျူကလီးယား လက်နက်များကို အသုံးပြု၍ မြောက်ကိုရီးယား နိုင်ငံအား တိုက်ခိုက် ဖျက်ဆီးမည် ဆိုပါက ဖြစ်နိုင်ဖွယ် ရှိသော်လည်း ယင်းသို့ တိုက်ခိုက်ခြင်း သည် လူသားချင်း စာနာမှုအပြင် အိမ်နီးချင်း တောင်ကိုရီးယား နိုင်ငံသို့ပါ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်လာ နိုင်ခြင်းကြောင့် မြောက်ကိုရီးယား ၏ နျူကလီးယား နှင့် ဒုံးကျည် စမ်းသပ်မှု များကို ထိန်းချုပ်နိုင်ရေး အတွက် ယင်းနိုင်ငံ၏ အဓိက မဟာမိတ် နိုင်ငံကြီး ဖြစ်သည့် တရုတ်နိုင်ငံ နှင့်ပူးပေါင်း၍ မြောက်ကိုရီးယား အစိုးရအား ဖျောင်းဖျခြင်းဖြင့် မြွေမသေ တုတ်မကျိုး ဆိုသကဲ့သို့ ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းထား နိုင်မည် ဖြစ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger