www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 24, 2016

ဒလမြို့နယ်၌ ရေချိုသန့်စင်စက်ရုံ တည်ဆောက်မည်


ရန်ကုန် ၊ ၂၄-၄-၂၀၁၆

ရန်ကုန် တောင်ပိုင်းခရိုင် ဒလမြို့နယ် အပါအ၀င် အနီးပတ်ဝန်းကျင် မြို့နယ်များ၌ သောက်သုံးရေ ရှားပါးမှုပြဿနာ ဖြေရှင်းနိုင်ရန် ရေချိုသန့်စင် စက်ရုံ တည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ရေချိုသန့်စင် စက်ရုံကို ဒလမြို့နယ် ၌ တည်ဆောက်ရန် ၂ဝ၁၆-၂ဝ၁၇ ဘတ်ဂျက်အရ ငွေကျပ်သိန်း ၁ဝဝဝ တောင်းခံထားရာ လက်ရှိတွင် တွံတေးမြို့နယ် ပေါက်ကျေးရွာရှိ ရေပေးဝေရေး စခန်းမှ ဒလမြို့နယ်သို့ ရေပေးဝေလျက် ရှိသည်။ ၄င်းဘတ်ဂျက်ငွေ ရရှိလာပါက အဆိုပါစခန်းမှ ပေးဝေသော ရေများကို သန့်စင်ရန် ရေချိုသန့်စင် စက်ရုံကို တစ်နှစ်အတွင်း အပြီး တည်ဆောက်ရန် စီစဉ်ရခြင်း ဖြစ်သည်။

ထို့ပြင် သောက်သုံးရေ ရရှိစေရန် ရေကန်များ တူးဖော်ခြင်း ကိုလည်း ဆောင်ရွက်ထားပြီး မြို့ပေါ်၌ ၁၂၉ ကန်နှင့် ကျေးရွာများ၌ ၁၃၄ ကန် စုစုပေါင်း ၂၆၃ ကန် တူးဖော် ထားကြောင်း၊ တွံတေးမြို့နယ် ပေါက်ကျေးရွာ ရှိ ရေပေးဝေရေး စခန်းမှလည်း နေ့စဉ် ရေဂါလန်ပေါင်း ၁ ဒသမ ၂ သန်းကို ဒလမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း ၂၃ ခုသို့ ရေဖြန့်ဝေပေး နေကြောင်း၊ ထို့ပြင် ရန်ကုန်-ဒလ ဆက်သွယ် မည့် တံတားစီမံကိန်း တွင်လည်း ရေဖြန့်ဖြူး ပေးနိုင်သော ပိုက်များ သွယ်တန်းကာ ရေရရှိစေရန် စီစဉ်ထားသည်။ ယခုနှစ် ရေဖြန့်ဖြူး ရာတွင် အစီအစဉ် နှစ်ခုဖြင့် ဆောင်ရွက် နေပြီး ရေဂါလန်ပေါင်း ၃၆ဝဝ ဆံ့ ရေသယ်ယာဉ် များဖြင့် လိုက်လံ ပေးဝေလျက် ရှိနေကာ  ရေလှူဒါန်း လိုသော အလှူရှင် များကိုလည်း ဖိတ်ခေါ် ထားကြောင်း သိရသည်။

ဒလမြို့နယ်၌ မြို့ပေါ် ရပ်ကွက်ပေါင်း ၂၃ ခုအတွက် ရေရရှိရေးကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး  ကော်မတီ၏ အစီအစဉ် ဖြင့် ရေပေးဝေမှုများ ရှိနေကြောင်း၊ ထိုကဲ့သို့ ပေးဝေရာတွင် လောက်ငမှု မရှိသည့် အတွက် ရေသန့် ရရှိစေရန် စီမံကိန်းများကို ဆက်လက် အကောင် အထည်ဖော် ရခြင်း ဖြစ်ကြောင်း သိရသည်။

စိုးမိုး ၊ နေနေ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger