www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 20, 2016

မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံများ၌ ယာဉ်တိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှု ထက်ဝက်ခန့် လျှော့ချနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်း



ရန်ကုန် ၊ ၂၀-၄-၂၀၁၆

မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများ၌ ယာဉ်တိုက်မှု ကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရမှု ထက်ဝက်ခန့် လျှော့ချနိုင်ရေး အတွက် တာဝန်ယူ လုပ်ဆောင်ကြရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က တိုက်တွန်း ထားကြောင်း သိရသည်။

အာရှနိုင်ငံ ၂၄ နိုင်ငံအတွင်း အဝေးပြေး လမ်းများပေါ်၌ ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင် သေဆုံးသူဦးရေ ၇၅ဝဝဝဝ ခန့်ရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ အရေအတွက်မှာ သန်း ၅ဝ ခန့်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

ယာဉ်တိုက်မှု များကြောင့် ဆုံးရှုံးမှုသည် အမေရိကန် ဒေါ်လာ ၈ဝဝ ဘီလီယံခန့် ရှိပြီး အာရှနိုင်ငံ၂၄ နိုင်ငံ ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှု တန်ဖိုး၏ ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ အခြေအနေ များကို ဖော်ပြရာတွင် မြန်မာနိုင်ငံ အတွင်း အသုံးပြုမှု များသည့် ယာဉ်များ၏ အဆင့်အတန်းကို ကန့်သတ်မှု မရှိခြင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ကူညီ စောင့်ရှောက်မှု အားနည်းခြင်း၊ ခါးပတ်ပတ်ရန် ဥပဒေ ပြဋ္ဌာန်းချက် မရှိခြင်း၊ ကားရှေ့ခန်း၌ ကလေးငယ်များ လိုက်ပါစီးနင်း မှုကို ကန့်သတ်မှု မရှိခြင်းနှင့် ယာဉ်မောင်းနေစဉ် ဖုန်းမပြောရ ဆိုသည့် ကန့်သတ်ချက်ကို ဥပဒေပြု တားမြစ်ထားမှု မရှိခြင်း စသည့် အချက်များကို ထောက်ပြ ထားသည်။

နိုင်ငံတော် အစိုးရ၏ ရက် ၁ဝဝ စီမံကိန်းတွင် အမြန်လမ်း အန္တရာယ် ကင်းရှင်းရေး စီမံကိန်းကို ထည့်သွင်းထားပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရမှု များကို လျှော့ချနိုင်ရန် လမ်းများ၏ ဘေးကင်း လုံခြုံရေးကို ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ယာဉ်မောင်းသူ များနှင့် ခရီးသည်များ၏ အမူအကျင့်များ ပြောင်းလဲလာရေး ကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြ ကြသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger