www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 18, 2016

ဒုက္ခသည်အရေး ဖြေရှင်းမည့် ဘရပ်ဆဲလ် ဆွေးနွေးပွဲ




( ခေတ္တာကြည် )

လက်ရှိတွင် ဥရောပနိုင်ငံများ အကြား ရင်ဆိုင်ကြုံတွေ့ နေရသည့် ပြဿနာ တစ်ရပ်မှာ ဒုက္ခသည် များက ဥရောပ နိုင်ငံများ အတွင်းသို့ စိမ့်ဝင်နေမှုပင် ဖြစ်ပြီး ၄င်းဒုက္ခသည် အရေးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဥရောပ ခေါင်းဆောင် များက မတ် ၁၇ ရက်တွင် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ ၌ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဒုက္ခသည် တစ်သန်းကျော် သည် အန္တရာယ် များလှသည့် ပင်လယ်ပြင်ကို ဖြတ်ကျော်၍ တူရကီနိုင်ငံနှင့် ဂရိကျွန်းဆွယ် တို့မှတစ်ဆင့် ဂျာမနီနိုင်ငံ သို့ သွားရောက်ရန် ကြိုးပမ်းလျက် ရှိပြီး ၄င်းတို့အနက် အများစုမှာ ဆီးရီးယားမှ စစ်ဘေးရှောင် ပြည်သူများ ဖြစ်သည်။ တူရကီ နိုင်ငံသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဂရိကျွန်းဆွယ်သို့ နိုင်ငံတွင်းမှ တစ်ဆင့် သွားရောက်ခဲ့ ကြသော ဒုက္ခသည် များကို ၄င်းတို့၏ နိုင်ငံအတွင်း ခေတ္တ လက်ခံထားရန် သဘောတူခဲ့ပြီး ယင်းသို့ လက်ခံထား နေစဉ် ဥရောပသမဂ္ဂ က ထောက်ပံ့ကြေး ပေးရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် အဆိုပါ ဆွေးနွေးပွဲသည် တူရကီ အစိုးရ၏ ကတိကဝတ်ကို ဖြည့်ဆည်းပေး နိုင်မည်ဟု မျှော်လင့် ရသည့်အပြင် ဒုက္ခသည်များ စိမ့်ဝင်စီးဆင်း မှုကို လျှော့ချနိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိ နိုင်မည်ဟု မျှော်လင့်ရ ပေသည်။

သို့သော် ယင်းကဲ့သို့ ဖြေရှင်း ဆောင်ရွက်ရာတွင် အကြမ်းနည်းဖြင့် မဟုတ်ဘဲ လူ့အခွင့်အရေး ဆိုင်ရာ စည်းမျဉ်းများ အရ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဥရောပ နိုင်ငံများမှ ခေါင်းဆောင် များက ပြောကြား ထားသည်။

ဒုက္ခသည်အရေး ဖြေရှင်းဆောင်ရွက် နိုင်ရန်အတွက် ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်လ်တက်ခ် က အဖွဲ့ဝင် နိုင်ငံများသို့ စာဖြင့်ရေးသား ဖိတ်ခေါ်ခဲ့သည်။ ယင်း ဆွေးနွေးပွဲတွင် ဥရောပအဖွဲ့ဝင် ၂၈ နိုင်ငံမှ ခေါင်းဆောင်များ အနေဖြင့် စီးပွားရေး အခြေအနေ များကို ကနဦးဆွေးနွေး ခဲ့ပြီးနောက် ဒုက္ခသည်အရေးနှင့် ပတ်သက်၍ အကောင် အထည်ဖော် ကြိုးပမ်းချက် များကို ဆွေးနွေး ခဲ့ကြသည်။ ဒုက္ခသည်အရေး နှင့်ပတ်သက် သည့် ဆောင်ရွက်ချက် များကို လုပ်ဆောင်လျက် ရှိသော်လည်း ယခုထက်ပိုမို လုပ်ဆောင် ရမည့်အချက်များ ရှိနေသေးသည် ဟု တက်ခ် က ပြောသည်။

တက်ခ် သည် ဒုက္ခသည် အရေးကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် အတွက် မတ် ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် ကျင်းပမည့် ဘရပ်ဆဲလ် ဆွေးနွေးပွဲ၌ တူရကီနိုင်ငံနှင့် သဘော တူညီချက် တစ်ရပ် အပြီးသတ် ချမှတ်နိုင်ရန်
မျှော်လင့်လျက် ရှိသည်။ အဆိုပါ သဘော တူညီချက်အရ တူရကီနိုင်ငံ အနေဖြင့် ၄င်းတို့၏ ကမ်းရိုးတန်းမှ တစ်ဆင့် ဂရိကျွန်းဆွယ် သို့ သွားရောက်ခဲ့သော ဆီးရီးယား ဒုက္ခသည်များ အပါအဝင် ရွှေ့ပြောင်း ဝင်ရောက်သူ အားလုံးကို ပြန်လည်ခေါ်ဆောင် ရမည်ဖြစ်သည့် အပြင် ရွှေ့ပြောင်း ဒုက္ခသည်များအား လှေများဖြင့် မှောင်ခိုကူးမှု များကိုပါ ဟန့်တားရမည် ဖြစ်သည်။

Thousands of migrants and refugees have been camped at the Greece-Macedonia border

Turkish Prime Minister Ahmet Davutoglu said he wanted to keep a humanitarian perspective

အဆိုပါ သဘော တူညီချက် မူကြမ်းပါ အစီအစဉ်သည် ပင်လယ်ပြင် အတွင်း ဒုက္ခသည်များ လှေနစ်မြုပ် သေဆုံးမှုနှုန်း နည်းပါး သွားမည့်အပြင် လူမှောင်ခိုကူး သူများ၏ တရားမဝင် လုပ်ဆောင်မှုကိုပါ ပျက်ပြားစေမည် ဖြစ်သည်။ ဥရောပသမဂ္ဂ အနေဖြင့် ဒုက္ခသည်အရေး ဖြေရှင်းနိုင်ရန် တူရကီနိုင်ငံ နှင့် လက်တွဲ ဆောင်ရွက်သွား မည်ဟု တက်ခ် က ပြောကြားခြဲ့ပီး ဥရောပသမဂ္ဂ နှင့် နိုင်ငံတကာ ဥပဒေအရ ဂရိနှင့် တူရကီနိုင်ငံတို့ ကလည်း ဂျီနီဗာ ကွန်ဗင်းရှင်း အချက်များနှင့် အညီ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများကို ကာကွယ်ပေးနိုင်ရန် ဒေသတွင်း ဥပဒေများကို ပြင်ဆင်ပြောင်းလဲ ရမည်ဖြစ်သည်။

သို့သော် တူရကီနိုင်ငံက ယင်း ဒုက္ခသည်များကို ပြန်လည်လက်ခံ ထားရှိမှုသည် ဂရိနိုင်ငံကဲ့သို့ ယိုယွင်းပျက်စီး နေသော အခြေအနေများ ဖြစ်ပေါ်စေရန် ဒုက္ခသည်များကို မွေးထားခြင်း ဖြစ်သည်ဟု ဥရောပသမဂ္ဂ တာဝန်ရှိ သူများက ကန့်ကွက်ပြောကြား ထားသည်။ ဂရိနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဥရောပနိုင်ငံများမှာ ၄င်းတို့၏ နယ်စပ်ဒေသ များကို ပိတ်ပစ်ခဲ့ရသည် အထိပြုလုပ် ခဲ့ရပြီး လက်ရှိတွင် ဒုက္ခသည်ပေါင်း ၄ဝဝဝဝ ကျော်မှာ ယင်းနယ်စပ် များတွင် သောင်တင်လျက် ရှိသည်။ ထို့ကြောင့် ယင်း သဘောတူညီချက် သည် ဒုက္ခသည်အရေးကို ဖြေရှင်း ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေသည်ဟု ကုလသမဂ္ဂ အပါအဝင် တခြား အဖွဲ့အစည်း များက ပြောကြား ထားသည်။ သို့သော် ပြီးခဲ့သည့်နှစ်က ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက်မှာ တစ်နေ့လျှင် ထောင်ချီရှိသည့် အတွက် ၄င်းတို့ ဝင်ရောက်မှုကို ပိတ်ပစ်ရန်သာ အလေးထား လုပ်ဆောင်သင့်ပြီး လက်ရှိတွင် ယင်း အရေအတွက် တိုင်းသာ ဆက်လက်ဝင်ရောက် နေပါက တက်ခ် ၏ အစီအစဉ်မှာ အောင်မြင်နိုင်ခြင်း မရှိဟု ဥရောပသမဂ္ဂ တာဝန်ရှိသူ များက ပြောကြား ထားသည်။

မတ် ၁၆ ရက်ကလည်း ရွှေ့ပြောင်း ဒုက္ခသည် ၁၅ဝဝ ခန့်သည် နယ်စပ်ဒေသကို ပိတ်ထား သော်လည်း မက်ဆီဒိုးနီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ၄င်းတို့ကို ဂရိနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကာ ယခုဆိုလျှင် ဂရိနိုင်ငံရှိ ဒုက္ခသည်စခန်း များ၌ ပြည့်သိပ်လျက် ရှိကြောင်း တာဝန်ရှိသူများက ပြောကြား ထားသည်။ တူရကီ အစိုးရသည် ယင်းဒုက္ခသည် များကို နိုင်ငံအတွင်း ခေတ္တလက်ခံ ထားပြီးနောက် ဥရောပ နိုင်ငံများသို့ ပြန်လည် နေရာချထား ပေးသွားမည်ဖြစ်ပြီး တူရကီနိုင်ငံ အတွင်း၌ ဒုက္ခသည် ၇၂ဝဝဝဝ ခန့်သာ ထားရှိရန် တက်ခ်၏ မူကြမ်းတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်။ အဆိုပါ ဒုက္ခသည်များကို ဥရောပ နိုင်ငံများသို့ အညီအမျှခွဲဝေ သွားမည်ဟု ပြီးခဲ့သည့်နှစ် ကတည်းက သဘောတူညီ ခဲ့ပြီးဖြစ် သော်လည်း သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင် များအနေဖြင့် ခွဲဝေမည့် ဒုက္ခသည် အရေအတွက်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာမည် ဖြစ်သည်။

နိုင်ငံအတွင်းသို့ ဒုက္ခသည် အလုံးအရင်း ဝင်ရောက်လာမှုကို လက်ခံခဲ့သည့် ဂျာမနီ အစိုးရသည် လက်ရှိတွင် နိုင်ငံရေး၊ လုံခြုံရေး အစရှိသည့် ပြဿနာပေါင်း များစွာနှင့် ရင်ဆိုင်နေရ သောကြောင့် ယင်း သဘောတူညီချက် မူကြမ်းသည် အမှန်တကယ် အရေးပါမည် ဟုတ်၊ မဟုတ်ကို ဥရောပသမဂ္ဂ ခေါင်းဆောင်များက သံသယရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တူရကီနိုင်ငံသည် ဥရောပသမဂ္ဂ ထံမှ ယူရိုဘီလီယံပေါင်း များစွာကို ရရှိရန် ကြိုးပမ်း လုပ်ဆောင် နေသည်ဟု ချက်သမ္မတ မီလိုစ်ဇီမန်း က ပြစ်တင်ပြောကြား ထားသည်။ အလားတူ ပြင်သစ်နိုင်ငံ ကလည်း ဒုက္ခသည် အရေးနှင့် ပတ်သက်၍ ပိုမို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိ သော်လည်း ကိုယ်ကျိုးအတွက် လုပ်ဆောင်သော မည်သည့် ကြိုးပမ်းချက် ကိုမျှ လက်ခံမည် မဟုတ်ဟု တူရကီနိုင်ငံကို ပြောကြားခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ ယင်းဒုက္ခသည် ဝင်ရောက်မှုကို ကိုင်တွယ်ဖြေရှင်း နိုင်ရန် လက်ရှိအခြေအနေ အရ ကောက်ရိုးတစ်မျှင် ဖြစ်သည့် တူရကီနှင့် သဘော တူညီချက် ချမှတ်နိုင်ရန် ဥရောပ ခေါင်းဆောင်များက
မျှော်လင့်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန် မှစ၍ ဥရောပနိုင်ငံများ အတွက် အကြီးမားဆုံး အခြေအနေ ဖြစ်စေခဲ့သော ယင်းဒုက္ခသည် အရေးကို ဖြေရှင်းရန် ရည်ရွယ် ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲတွင် အများ မျှော်လင့် ထားသော နည်းလမ်းတစ်ရပ် ကို ရှာဖွေတွေ့ရှိ နိုင်ပြီး သဘော တူညီချက် တစ်ရပ်ချမှတ် နိုင်မည်ဟု မျှော်လင့်ရကြောင်း သိရှိနိုင်ရန် ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger