www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 2, 2016

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ စည်းကမ်း ၊ ဥပဒေဘောင်ထဲမှ အလုပ်ကို ကြိုးစားလုပ်ဆောင် ကြမည်ဆိုလျှင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာ အထောက်အကူ ရရှိစေမည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက် ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်ဖွင့်ပွဲနှင့် ထားဝယ်မြို့ သန့်ရှင်းသာယာလှပရေး အတွက် လမ်းသန့်ရှင်းရေးယာဉ် လွှဲပြောင်းပေးအပ်ပွဲ 
အခမ်းအနားတွင် အမှာစကား ပြောကြားစဉ်

နေပြည်တော် ၊ ၂-၃-၂၀၁၆

တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရှိရန်အတွက် တရားဥပဒေ စိုးမိုးမှုရှိရန် လိုကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိရန် အတွက် စည်းကမ်း ရှိရမည်ဖြစ်ပြီး စည်းကမ်း လိုက်နာရန်၊ အခြေခံအားဖြင့် အသိပညာ၊ အတတ်ပညာများ ရှိရန်လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာ အတတ်ပညာ များကို တိုးပွားစေမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုး တိုးတက်မှုကို လူတိုင်းရယူ လိုကြပြီး တိုးတက်ရန် အတွက် လူတိုင်း အလုပ်လုပ် ကြရမည် ဖြစ်ကြောင်း၊ လူတစ်ဦးချင်း အနေဖြင့် ဖြစ်စေ၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည် အနေဖြင့်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်ရန် အတွက် နေထိုင်ကြ သူများအားလုံး အလုပ်လုပ် ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ သွားနေသည့် ဒီမိုကရေစီ စနစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ စည်းကမ်း၊ ဥပဒေဘောင်ထဲမှ အလုပ်ကို ကြိုးစားလုပ်ဆောင် ကြမည်ဆိုလျှင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာ အထောက်အကူ ရရှိစေမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရွှေဝယ်သီရိ ပညာဗိမာန် စာကြည့်တိုက် ဖွင့်ပွဲ နှင့် ထားဝယ်မြို့ သန့်ရှင်း သာယာလှပရေး အတွက် လမ်းသန့်ရှင်းရေး ယာဉ်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားကွင်း ရှိ ရွှေဝယ်သီရိ ပညာဗိမာန် စာကြည့်တိုက် ဖွင့်ပွဲနှင့် လမ်းသန့်ရှင်းရေး ယာဉ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးတို့က ရွှေဝယ်သီရိ ပညာဗိမာန် စာကြည့်တိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က စာကြည့်တိုက် ကမ္ပည်းမော်ကွန်း ကျောက်စာကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်း ပေးကြသည်။

ယင်းနောက် အခမ်းအနားကို ဆက်လက် ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည်နှင့် အညီ ပညာတတ်ရန်၊ ခေတ်နှင့်အညီ လိုက်နိုင်ရန် လိုကြောင်း၊ ပြည်သူတို့၏ ပကတိ လိုအပ်ချက် ဆန္ဒမှာ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပင် ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းရေး အတွက် တရားဥပဒေ စိုးမိုးရေး နှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့မှာ မရှိမဖြစ် လိုအပ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများချုပ် ငြိမ်းရေးအတွက် နိုင်ငံတော် အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)အား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ဖြင့် လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း၊ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေကြောင်း၊ တရားဥပဒေ စိုးမိုးရေးတွင် စည်းကမ်း လိုက်နာမှုသည် အရေးကြီးသဖြင့် ယင်း၏ အခြေခံဖြစ်သည့် အသိပညာ၊ အတတ်ပညာ များအား စာဖတ်ခြင်းမှ ရရှိနိုင်ကြောင်း၊ မိမိဘဝ တိုးတက်ရေး ကိုလည်း အထောက်အကူ ပြုစေနိုင်ကြောင်း၊ ထားဝယ်ဒေသ ရှိ လူငယ် လူရွယ်များ၊ ဒေသခံပြည်သူများ အသိပညာ တိုးပွားစေရန် ရွှေဝယ်သီရိ ပညာဗိမာန် စာကြည့်တိုက်အား ရည်ရွယ်ချက် ကြီးမားစွာဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့ သန့်ရှင်းသာယာလှပရေး အတွက် လှူဒါန်းသည့် လမ်းသန့်ရှင်းရေးယာဉ် မှတ်တမ်းကို လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက 
လက်ခံရယူစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာကြည့်တိုက်အတွင်းရှိ e-Library နှင့်ကလေးစာဖတ်ခန်း များကို လိုက်လံကြည့်ရှုစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ထားဝယ်တပ်နယ် တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြ သူများကို ကျန်းမာရေး အခြေအနေများ ၊ ဆေးကုသနေမှု အခြေအနေများ မေးမြန်းကာ အားပေးစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များ အမျိုးသမီး ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြသည့် တပ်မတော်သား မိသားစုဝင်များကို ရင်းရင်းနှီးနှီး လိုက်လံ ကြည့်ရှု အားပေးစကား ပြောကြားစဉ်

ပညာရေးကဏ္ဍ နှင့် ပတ်သက်၍လည်း တနင်္သာရီတိုင်း ဒေသကြီး၏ ပညာရေး အချက်အလက် များအရ ၂ဝဝ၅ ခုနှစ်တွင် သူငယ်တန်း တက်ရောက်သူ ၄၅ဝဝဝ ကျော်အနက် ၂ဝ၁ဝ ပြည့်နှစ် ပဉ္စမတန်း တက်ရောက်သူ ၂၁ဝဝဝ ကျော်သာ ရှိ၍ ရာခိုင်နှုန်း အားဖြင့် ၄၇ ရာခိုင်နှုန်းသာ ပဉ္စမတန်း ရောက်ခဲ့ပြီး ၅၂ ရာခိုင်နှုန်း  ကျော်မှာ မူလတန်းတွင် ကျန်ခဲ့ကြောင်း၊ ယင်းမှ ၂ဝ၁၄ ခုနှစ် နဝမတန်း တက်ရောက်သူ ၁ဝဝဝဝ ကျော်သာ ရှိ၍ ၂၃ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း၊ ၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူမှာ ၈၇ဝဝ ကျော်သာ ရှိသဖြင့် ၁၉ ရာခိုင်နှုန်း ကျော်သာရှိသည်ကို တွေ့ရကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် တိုင်းဒေသကြီး၏ တက္ကသိုလ် ဝင်တန်း အောင်ချက်မှာ ၃၄ ဒသမ ၈၉ ရာခိုင်နှုန်း သာရှိကြောင်း တွေ့ရှိရသဖြင့် တက္ကသိုလ် အဆင့် ရောက်ရှိမှု ရာခိုင်နှုန်း နည်းပါးသည်ကို တွေ့မြင် ရပါကြောင်း၊ ခေတ်ပညာတတ် များပေါကြွယ်ဝရေး အတွက် များစွာ လုပ်ဆောင်ရန် လိုအပ် နေသေးကြောင်း၊ သို့ဖြစ်၍ တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက ပညာရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ယခု စာကြည့်တိုက် ကို ဝိုင်းဝန်း လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

မြို့သန့်ရှင်း သာယာလှပရေး နှင့်ပတ်သက် ၍ ပြောကြားရာတွင် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ဆက်သွယ်ရေး လမ်းများ တစ်နှစ်ထက် တစ်နှစ် တိုးတက် ကောင်းမွန်မှု ရှိလာသည်ကို တွေ့မြင်ရ ပါကြောင်း၊ ထိုအတွက် လည်း မြို့သန့်ရှင်း သာယာလှပရေး အတွက် အထိုက်အလျောက် အထောက်အကူ ဖြစ်စေရန် လမ်းသန့်ရှင်းရေး ယာဉ်တစ်စီး ကိုပါ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့သန့်ရှင်း သာယာ လှပရေး အတွက် မြို့သူမြို့သားများ ကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်မှု သည် အရေးကြီးကြောင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းသည် အမှိုက် ထိန်းသိမ်းမှု လုပ်ငန်းအတွက် များစွာ အထောက်အကူ ပြုပါကြောင်း၊ ပတ်ဝန်းကျင် ၏ သန့်ရှင်း သာယာလှပ မှုသည် စိတ်ကြည်လင် လန်းဆန်းမှု ကို ဖြစ်ပေါ်စေခြင်း ကြောင့် မြို့သန့်ရှင်း သာယာလှပ ရေးအတွက် မြို့မိမြို့ဖ များမှ ဦးဆောင်၍ အားလုံးပါဝင် ဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဖွံ့ဖြိုး တိုးတက်မှုကို လူတိုင်း ရယူလို ကြကြောင်း၊ ယင်းအတွက် လူတစ်ဦးချင်း အလိုက် လည်းကောင်း၊ ဒေသ တစ်ခုချင်း အလိုက် လည်းကောင်း၊ တစ်နိုင်ငံလုံး အနေဖြင့် လည်းကောင်း၊ အားလုံး အလုပ်လုပ် ကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်တွင် အခြေခံ ဥပဒေမူဘောင် အတွင်းမှ အလုပ်ကြိုးစား ဆောင်ရွက် သွားရန် လိုကြောင်း၊ ထို့အတူ မိမိတို့ နေ့စဉ်စားသုံး နေသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်း များကို ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည် အတွင်း ထုတ်လုပ် နိုင်အောင် ကြိုးစား လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက် ရာတွင်လည်း အကျိုးရှိသည့် ကုန်ထုတ်လုပ် မှုများကို မြှင့်တင်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ ယနေ့ လှူဒါန်းခဲ့သည့် စာကြည့်တိုက်မှ တစ်ဆင့် အသိပညာများ ပေါကြွယ်ဝပြီး ယင်းကို အခြေခံ၍ တစ်ဦးချင်း သော်လည်းကောင်း၊ ဒေသအတွက် သော်လည်းကောင်း တိုးတက်ရန် အထောက်အကူ ရမည်ဟု မျှော်လင့်ကြောင်း နှင့် မိမိဘဝ တိုးတက်မှု အတွက် စည်းကမ်း ရှိကြရန်၊ တိုင်းပြည် အပေါ် သစ္စာရှိ ကြရန် ၊ အလုပ်လုပ် ကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။

ထို့နောက် အလှူရှင်များမှ စုပေါင်း လှူဒါန်းသော ရွှေဝယ်သီရိပ ညာဗိမာန် စာကြည့်တိုက် ဆိုင်ရာ မှတ်တမ်းနှင့် လမ်းသန့်ရှင်းရေး ယာဉ်မှတ်တမ်း တို့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ရှိသူ များထံ လွှဲပြောင်း ပေးအပ်သည်။

၎င်းနောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ ကိုယ်စား စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး နှင့် စေတနာရှင် အလှူရှင် များက စာကြည့်တိုက်နှင့် လမ်းသန့်ရှင်းရေး ယာဉ်အတွက် အလှူငွေ များကို အသီးသီး ပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။

အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် စာကြည့်တိုက် အတွင်းရှိ စာဖတ်ခန်းများ၊ e-Library နှင့် ကလေး စာဖတ်ခန်း များကိုလည်းကောင်း၊ လှူဒါန်းထားသည့် လမ်းသန့်ရှင်းရေး ယာဉ်ကို လည်းကောင်း လိုက်လံကြည့်ရှု ကြသည်။

ရွှေဝယ်သီရိ ပညာဗိမာန် စာကြည့်တိုက်ကို ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားဝင်း အတွင်းရှိ မြေနေရာတွင် တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင် များ၏ စုစုပေါင်း လှူဒါန်းငွေကျပ် သိန်းပေါင်း ၂၆ဝဝ ကျော်ဖြင့် ၂ဝ၁၅ ခုနှစ်၊ ဇွန် ၄ ရက်တွင် ပန္နက်တော်တင် အခမ်းအနား ပြုလုပ်၍ စတင်တည်ဆောက် ခဲ့ကြောင်း၊ RC သုံးထပ်ဆောင် အဆောက်အအုံ ဖြစ်ပြီး မြေညီထပ်တွင် ကလေး စာဖတ်ခန်း များနှင့် ရသ စာအုပ်စင်များ၊ ပထမထပ်တွင် e-Library သုတစာအုပ်စင် များနှင့် စာဖတ်ခန်း၊ ဒုတိယ ထပ်တွင် စာကြည့်တိုက်မှူး ရုံးခန်း၊ အစည်းအဝေးခန်း နှင့် ခန်းမတို့ ပါဝင်ကြောင်းနှင့် စာကြည့်တိုက် အတွင်း၌ လက်ရှိတွင် သုတ၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် ဝတ္ထုစာအုပ် စသည့် အမျိုးအစားစုံ စာအုပ် စုစုပေါင်း ၁ဝဝဝဝ ကျော်ရှိကြောင်း သိရှိရသည်။

မွန်းလွဲပိုင်းတွင် ထားဝယ်တပ်နယ် တပ်မတော်ဆေးရုံ တွင် ဆေးရုံ တက်ရောက် ကုသမှုခံယူ နေကြသော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဆေးကုသမှု ခံယူနေကြသည့် အရာရှိ၊ စစ်သည်များကို တစ်ဦးချင်း လိုက်လံ ကြည့်ရှု၍ ကျန်းမာရေး အခြေအနေများ၊ ဆေးကုသ နေမှု အခြေအနေ များကို မေးမြန်းကာ အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး အုပ်ချုပ် ထောက်ပံ့မှု ဆိုင်ရာ လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

အလားတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင် များသည် အမျိုးသမီး ကုသဆောင်တွင် ကုသမှုခံ ယူနေကြသည့် တပ်မတော်သား မိသားစုဝင် များကို ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှု အားပေးစကား ပြောကြား ပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး ယနေ့ တပ်မတော် ဆေးရုံတွင် မွေးဖွားခဲ့သည့် မိခင်နှင့် ကလေးငယ် တို့ကို ဂုဏ်ပြု ဆုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger