www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 11, 2016

အပူလှိုင်းဖြတ်သန်းမှုအတွင်း လူသေဆုံးမှုနှုန်းကို လျှော့ချနိုင်မည့် အိန္ဒိယအစို့း၏ ကြိုတင် ကာကွယ်ရေး အစီအစဉ်များ



( နိုင်အောင် )

အိန္ဒိယ အစိုးရသည် နိုင်ငံအတွင်း အပူလှိုင်း ဖြတ်သန်းမှုကြောင့် လူအသေအပျောက် နှုန်းကို လျှော့ချနိုင်ရေး အတွက် ကြိုတင် ကာကွယ်ရေး အစီအစဉ် များအား အပူလှိုင်းဒဏ် အဆိုးရွားဆုံး ခံရဖွယ်ရှိသည့် ဒေသများတွင် အကောင် အထည်ဖော် လုပ်ဆောင်ရန် စီစဉ်လျက် ရှိသည်။

အိန္ဒိယနိုင်ငံ သည် အပူလှိုင်း ဖြတ်သန်းမှု အန္တရာယ်ကို နှစ်စဉ်နီးပါး ကြုံတွေ့ရလေ့ ရှိပြီး ပြောင်းလဲလာသည့် ရာသီဥတု ကြောင့် အပူချိန် မြင့်တက်မှုကို နိုင်ငံအတွင်းရှိ လူပေါင်း ၁ ဒသမ၂၅ ဘီလီယံတို့ ခံစားရလျက် ရှိသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ကြိုတင် ကာကွယ်ရေး အစီအစဉ်များကို ကောင်းစွာ ချမှတ်ပြင်ဆင် ထားခြင်း မရှိပါက ရာသီဥတု ပူပြင်းခြောက်သွေ့ မှုကြောင့် သစ်ပင်၊ သစ်တောများနှင့် ကောက်ပဲသီးနှံ များ ပျက်စီး ဆုံးရှုံးရမည့် အန္တရာယ် အပြင် ထောင်ပေါင်း များစွာသော လူနှင့်တိရစ္ဆာန်များ သေကျေ ပျက်စီးမှုဖြင့် ရင်ဆိုင်ကြုံတွေ့ ရဖွယ်ရှိသည်။

အိန္ဒိယအစိုးရ သည် ရာသီဥတု ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အစီအစဉ် များကို နိုင်ငံ အရှေ့ဘက် သြဒိဿပြည်နယ် ၊ ဘူဘာနက်ရှ်ဝါ နှင့် တခြားမြို့ကြီး သုံးမြို့ အပါအဝင် နိုင်ငံ အနောက်ဘက်ရှိ နက်ဂ်ပူရမြို့ နှင့်အနီးရှိ မြို့ကြီးလေးမြို့ ၌ လာမည့် ရက်သတ္တပတ် အတွင်း စတင်အကောင် အထည်ဖော်မည် ဖြစ်သည်။ ယင်းဒေသများ၌ လွန်ခဲ့သည့် နှစ်က အပူချိန် ၄၇ ဒီဂရီအထိ မြင့်တက်ခဲ့သည်။ အစိုးရ၏ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွင် ဒေသအတွင်းရှိ ကလေးငယ် များအား ရာသီဥတု ပူပြင်းမှုကြောင့် ဖြစ်ပေါ် တတ်သည့် အန္တရာယ်နှင့် စပ်လျဉ်း၍ ပညာပေးခြင်း၊ ဆေးရုံများ၌ အပူလျှပ် ဝေဒနာရှင်များကို ကုသပေး နိုင်ရန် ရေခဲထုပ်များ အသင့်ထားရှိခြင်း၊ အပူချိန် မြင့်တက်မှုကြောင့် ဝေဒနာခံစား ရသူများကို ထိရောက်စွာ ကုသပေး နိုင်ရေးအတွက် ဆေးဝန်ထမ်း များကို လေ့ကျင့် သင်ကြား ပေးခြင်းတို့ ပါဝင်မည် ဖြစ်သည်။ အစိုးရသည် ယခင်ကလည်း အပူချိန် မြင့်တက်မှုကြောင့် လူသေဆုံးခြင်းမှ ကာကွယ်နိုင်ရန် ကြိုတင် ကာကွယ်မှုများကို လုပ်ဆောင်ခဲ့ သည်။ နိုင်ငံ အနောက်ပိုင်းရှိ မြို့တစ်မြို့ ဖြစ်သည့် အမတ်တာဘတ်မြို့ ၌ အာဏာပိုင် များက အပူချိန်မြင့်တက် မှုကြောင့် ဖြစ်ပွားတတ်သော ကျန်းမာရေးဆိုင်ရာ အန္တရာယ် များနှင့် စပ်လျဉ်း၍ ၂ဝ၁၃ ခုနှစ်က ခုနစ် ရက်ကြာ သတိပေးချက် ထုတ်ပြန်ခြင်း နှင့် ရာသီဥတုဆိုင်ရာ သတင်း အချက်အလက် များကို ပြည်သူများ သိရှိစေရန် မှန်မှန် ထုတ်ပြန်ပေးခြင်း တို့ကြောင့် ယင်းဒေသ အတွင်း၌ လူအသေအပျောက် နှုန်းကို အများအပြား လျှော့ချ နိုင်ခဲ့သည်။ ယင်းမှာ ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်နှင့် စပ်လျဉ်း၍ ကြိုတင် ကာကွယ်မှု ပြုလုပ်ခြင်း၏ အကျိုးဟု ဆိုနိုင်ပေသည်။




အဆိုပါမြို့၌ ၂ဝ၁ဝ ပြည့်နှစ် အတွင်းက အပူချိန် မြင့်တက်မှုကြောင့် လူပေါင်း ၁၂ဝဝ သေဆုံးခဲ့သည်။ ယခုနှစ်တွင် ပြုလုပ်မည့် အစိုးရ၏ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွင် ကာယလုပ်သား များအတွက် အထောက်အကူ ပြုမည့် အစီအစဉ် များကိုပါ ထည့်သွင်းထား သည်ကို တွေ့ရသည်။ အစိုးရ၏ အစီအစဉ်အရ ရာသီဥတု ပူပြင်းလှ သော်လည်း ဆင်းရဲနွမ်းပါး မှုကြောင့် ပူပြင်းသည့် ရာသီဥတုကို အန်တုပြီး ကာယအား အသုံးပြု၍ အလုပ်လုပ်ကိုင် နေရသော လုပ်သားများ အတွက် သောက်ရေ အပိုများကို ပံ့ပိုးပေးအပ်ခြင်း နှင့် လုပ်သားများ နားနေနိုင်ရန် လေဝင်လေထွက် ကောင်းမွန်ပြီး အရိပ်အာဝါသ ကောင်းမွန်သည့် နားနေဆောင်များ တည်ဆောက် ပေးခြင်းတို့လည်း ပါဝင်သည်။ ထို့ပြင် အစိုးရ အနေဖြင့် ရာသီဥတု ပူပြင်းမှုနှင့် စပ်လျဉ်း၍ စီမံကိန်းများ ကောင်းစွာရေးဆွဲ ချမှတ်နိုင်ရေး အတွက် အထောက်အကူ ပြုစေရန် အိန္ဒိယ မိုးလေဝသဌာန က ရာသီဥတု ခန့်မှန်းချက် များကို အချိန်မီ သတင်းပေးပို့ သွားမည် ဖြစ်သည်။

ရေအရင်းအမြစ် ရှားပါးခြင်းသည် အိန္ဒိယနိုင်ငံ၏ ရာသီဥတု ပူပြင်း ခြောက်သွေ့မှုကို ပိုမိုဆိုးရွား စေပြီး အပြောင်းအလဲ မြန်လှသည့် မုတ်သုံမိုး များလည်း နိုင်ငံအတွက် လိုအပ်သည့် သောက်သုံးရေ ပမာဏကို ဖြည့်ဆည်းပေး နိုင်ခြင်းမရှိပေ။ အိန္ဒိယနိုင်ငံသည် ၂ဝ၃ဝ ပြည့်နှစ်တွင် သောက်သုံးရေ အလွန်ရှားပါး မှုဖြင့် ရင်ဆိုင်ရဖွယ် ရှိပြီး ယင်းအချိန်တွင် နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း နှင့် ပြည်သူများ သောက်သုံးရန် လိုအပ်သည့် ရေအရင်းအမြစ်မှာ လက်ရှိ ပမာဏ၏ ထက်ဝက်ခန့်သာ ကျန်ရှိတော့မည် ဖြစ်သည် ဟု ကျွမ်းကျင်သူများက သတိပေး ထားသည်။

အိန္ဒိယနိုင်ငံ၌ ၂ဝ၁၅ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သည့် အပူလှိုင်း ဖြတ်သန်းမှုကို နိုင်ငံ တောင်ပိုင်းရှိ ဒေသများက အဆိုးရွားဆုံး ကြုံတွေ့ခဲ့ ရသည်။ အပူလှိုင်း ဖြတ်သန်းမှုကြောင့် အန်ဒရာပရာဒက်ရှ် ပြည်နယ် တစ်ခုတည်း မှာပင် လူပေါင်း ၁ဝဝဝ ကျော် သေဆုံးခဲ့သည်။ ယင်း ပမာဏမှာ၂ဝ၁၄ ခုနှစ်အတွင်း က ဖြစ်ပွားခဲ့သည့် ရာသီဥတု ပူပြင်းမှုကြောင့် သေဆုံးခဲ့သူ ဦးရေထက် နှစ်ဆကျော် ရှိသည်။ အဆိုပါ ပြည်နယ် အတွင်းရှိ ဂန်တာ ခရိုင် သည် အပူချိန် မြင့်တက်မှုကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး ရာသီဥတု ပူပြင်းမှုကြောင့် အပူလျှပ် ဝေဒနာရှင် များကို ဆေးကုသ ပေးနိုင်ရေး အတွက် ယင်းဒေသရှိ ဆရာဝန်အားလုံးကို ခွင့်မယူရန် ပိတ်ပင်ခဲ့ရသည်။ အပူလျှပ် ၍ သေဆုံးသူများ အနက် အများစုမှာ အသက်အရွယ် ကြီးရင့်သူ များနှင့် ပျံကျ နေထိုင်ကြသည့် ဆင်းရဲနွမ်းပါး သူများဖြစ်သည်။ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အပူလှိုင်း ဖြတ်သန်းမှုကို ပိုမိုဆိုးရွား စေသည့် အချက်မှာ လျှပ်စစ်မီး ပြတ်တောက်ခြင်း ပင်ဖြစ်သည်။ လေအေးပေးစက် (အဲကွန်း) မတတ်နိုင်သူ ဆင်ခြေဖုံး ရပ်ကွက်များ၌ နေထိုင်သူများမှာ သစ်ရိပ်၊ ဝါးရိပ် များ၌ နားခိုနိုင် သော်လည်း မြို့လယ်ကောင်ရှိ တိုက်ခန်းများ၌ နေထိုင်ကြ ရသည့် 

ပြည်သူများ အနေဖြင့် အပူလှိုင်း ဖြတ်သန်းချိန်တွင် အခန်းကျဉ်း လေးများ အတွင်း၌ လေအေးပေးစက် ကိုသာ အားထား နေရသည်။ သို့သော် လျှပ်စစ်မီး ပြတ်တောက်မှု များကြောင့် မြို့ပြနေ ပြည်သူများမှာ အပူချိန် မြင့်တက်မှုကို ၄င်းတို့၏ အခန်းကျဉ်းလေး များအတွင်း မချိမဆံ့ ခံစားခဲ့ရသည်။ ဒေလီမြို့၌ လည်း အပူချိန် အဆမတန် မြင့်တက် ခဲ့ခြင်းကြောင့် လမ်းမကြီးများ ပေါ်၌ ခင်းထားသည့် ကတ္တရာ များပင် အရည်ပျော်ခဲ့ ရသည်။


အိန္ဒိယနိုင်ငံ၌ မေနှင့် ဇွန်လတို့သည် အပူပြင်းဆုံးသော လများဖြစ်ပြီး ယင်း ကာလအတွင်း အပူချိန်မှာ ခါတိုင်းထက် ပိုမိုမြင့်တက် လာနိုင် သောကြောင့် အစိုးရ အနေဖြင့် ရာသီဥတု ပူပြင်းမှုနှင့် စပ်လျဉ်း၍ ကြိုတင် ကာကွယ်မှု အစီအစဉ်များကို ချမှတ်ထားခြင်း မရှိပါက နိုင်ငံအတွင်း လူသေဆုံးမှု နှုန်းကို လျှော့ချနိုင်မည် မဟုတ်ကြောင်း နယူးယောက်မြို့ အခြေစိုက် သဘာဝ အရင်းအမြစ် ကာကွယ် စောင့်ရှောက်ရေး ကောင်စီမှ အိန္ဒိယနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး အန်ဂျာလီဂျာအီဆွဲ က သတိပေး ထားသည်။ ထို့ကြောင့် အိန္ဒိယအစိုးရက ယခု ချမှတ်ခဲ့သည့် ကြိုတင် ကာကွယ်ရေး အစီအစဉ် များသည် နိုင်ငံအတွင်း အပူလျှပ်မှု၊ အပူချိန် မြင့်တက်မှုတို့နှင့် စပ်လျဉ်းသည့် လူသေဆုံးမှုများကို အတော်အတန် လျှော့ချနိုင်မည်ဟု မျှော်လင့်ရ ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger