www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 25, 2016

ဥရောပကို ပိုမိုခြိမ်းခြောက်လာသည့် အကြမ်းဖက်ဝါဒ


ဥရောပကို ပိုမိုခြိမ်းခြောက်လာသည့် အကြမ်းဖက်ဝါဒ

( တီအာမွန် )

ကမ္ဘာတစ်ဝန်းကို သတိပေး ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည့် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တော်၌ မတ် ၂၂ ရက်က ဖြစ်ပွားခဲ့သော ဗုံးခွဲ တိုက်ခိုက်မှု များသည် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်မှု ပြီးနောက် ဥရောပ နိုင်ငံများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်သည့် ဒုတိယမြောက် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုပင် ဖြစ်သည်။ များစွာသော နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဥရောပသမဂ္ဂ ဌာနချုပ်ရုံး စိုက်ရာ ဘရပ်ဆဲလ် မြို့သည် လူမှု အဖွဲ့အစည်း အချက်အချာ နေရာတစ်ခု ဖြစ်ပြီး ယခုအခါ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် လုံခြုံရေး ခြိမ်းခြောက်မှု နှင့် ရင်ဆိုင် လာခဲ့ရသည်။

မတ် ၂၂ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီခန့်က ဘရပ်ဆဲလ်မြို့ ရှိ လေဆိပ်နှင့် မြေအောက် မီးရထားဘူတာရုံ တို့၌ ဖြစ်ပွား ခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုများ အတွင်း လူ ၃၄ ဦး သေဆုံးပြီး ၂ဝဝ ခန့် ဒဏ်ရာရရှိ ခဲ့သည်။

Brothers Khalid El Bakraoui, left, and Ibrahim El Bakraoui, right.

The three men who are suspected of taking part in the attacks at Belgium's Zaventem Airport.

ယင်းဗုံးခွဲ တိုက်ခိုက်မှု များကြောင့် လေကြောင်း ခရီးစဉ်များကို ဖျက်သိမ်း၍ ခရီးသည် များအား ဘေးကင်းရာသို့ ပို့ဆောင်ပေး ခဲ့ရပြီး တိုက်ခိုက်မှု တစ်ခုနှင့် တစ်ခုအကြား တစ်နာရီခွဲ ခန့်သာ ကြာမြင့်သည်။ ယင်း တိုက်ခိုက်မှု များကို ဖောက်ခွဲရေး ပစ္စည်းများ ဝတ်ဆင် ထားသည့် အသေခံ ဗုံးခွဲသမားများ က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုသည် လူပေါင်းများစွာ သေဆုံးခဲ့သည့် ပဲရစ်မြို့ တိုက်ခိုက်မှု ဖြစ်ပွားပြီး လအနည်းငယ် အတွင်း ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဥရောပနိုင်ငံ များအတွက် ခြိမ်းခြောက်မှု တစ်ရပ် အဖြစ် ထွက်ပေါ် လာခဲ့သည်။ ထို့ပြင် ယင်း တိုက်ခိုက်မှု များသည် ပြီးခဲ့သည့် ရက်ပိုင်းက ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ အများအပြား ကို ဘရပ်ဆဲလ်မြို့ အတွင်း၌ ဖမ်းဆီး နိုင်ခဲ့သည့် အတွက် ယင်း အစိုးရကို လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ယူဆရ ပေသည်။

ဘရပ်ဆဲလ် တိုက်ခိုက်မှု များတွင် ပါဝင်ခဲ့သည့် အကြမ်းဖက် သမားများ အနက် တစ်ဦးမှာ တူရကီနိုင်ငံမှ ပြည်နှင်ဒဏ် ပေးခံထားရသူ ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်က ဘယ်လ်ဂျီယံ အာဏာပိုင် များထံ သတိပေး အကြောင်းကြား ခဲ့သည်ဟု တူရကီ သမ္မတ ရီဆက်တေရစ် အာဒိုဂန် က ပြောကြား ထားသည်။

အဆိုပါ အမျိုးသားကို ၂ဝ၁၅ ခုနှစ်တွင် တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ရှိ ဂါဇီအန်တပ် ပြည်နယ်၌ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ၄င်းမှာ ပြည်ပ အကြမ်းဖက် သမားတစ်ဦး ဖြစ်သည်ဟု အာဒိုဂန် က ထပ်မံ ပြောကြားသည်။ သို့သော် ဘယ်လ်ဂျီယံ အစိုးရ အနေဖြင့် ၄င်းအမျိုးသားတွင် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ သံသယ ရှိဖွယ် တစ်စုံတစ်ရာ မတွေ့ရှိ ခဲ့သောကြောင့် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဘရပ်လ်ဆဲလ် အာဏာပိုင် များသည် နာဂျင်မ်လာ ချာရာအိုင် နှင့် မိုဟာမတ် အတ်ရင်နီ အမည်ရှိ အသေခံဗုံးခွဲ သမားနှစ်ဦး၏ ဓာတ်ပုံများကို မတ် ၂၂ ရက် က ထုတ်ဖော်ပြသ ခဲ့သည်။

အကြမ်းဖက် သမားများသည် ယခင်က ဆီးရီးယားနှင့် အီရတ် အစရှိသည့် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် နိုင်ငံများ အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများကို မကြာခဏ လုပ်ဆောင် ခဲ့ပြီးနောက် ယခုအခါ ဥရောပ နိုင်ငံကို ဒုတိယ အကြိမ်မြောက် အကြမ်း ဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့များ အနေဖြင့် ယင်း အကြမ်းဖက် အန္တရာယ်ကို ရပ်တန့်နိုင်ရန် ရုန်းကန် နေရလျက် ရှိသည်။

ယခုအခါ ဥရောပသည် အကြမ်းဖက် သမားများအတွက် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် မျက်စိကျစရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်း နှင့် ပြင်ပမှ အကြမ်းဖက် သမားများသည် နိုင်ငံတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရေး အတွက် သွေးထိုးလှုံ့ဆော် ပေးမည့် လုပ်ဆောင်ချက် များအပေါ် အာရုံစိုက် လာလျက် ရှိသည်။

ဥရောပသမဂ္ဂ (EU) အနေဖြင့် နိုင်ငံတွင်း တည်ငြိမ်မှု ရှိစေရေးကို ဆောင်ရွက်နိုင်ခဲ့ သော်လည်း လုံခြုံရေးမှာ အားနည်းလျက် ရှိသည့်အတွက် ၄င်းတို့ အနေဖြင့် အမေရိကန် ပြည်ထောင်စု ကဲ့သို့ လုပ်ဆောင်သင့် ပေသည်။ အမေရိကန် ပြည်ထောင်စု သည် ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု ပြီးနောက် နိုင်ငံ၏ လုံခြုံရေးကို ထိထိရောက် ရောက် တိုးမြှင့်ခဲ့သည့် အပြင် နယ်စပ်ဒေသ များတွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး များကို အရှိန်အဟုန်မြှင့် လုပ်ဆောင် ခဲ့သည်။

ဥရောပတွင် ယင်းကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများ လွယ်ကူစွာ လုပ်ဆောင်နိုင် ရခြင်းမှာ လက်ရှိ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ရင်ဆိုင်ကြုံတွေ့ နေရသော ရွှေ့ပြောင်း ဒုက္ခသည် အရေးကြောင့် ပင် ဖြစ်သည်။အကြမ်းဖက် သမားများသည် ဒုက္ခသည်များ အယောင်ဆောင် ၍ ဥရောပနိုင်ငံ များအတွင်း သို့ ဝင်ရောက် လာကြပြီး အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်ခဲ့ ကြသည်။ လက်တွေ့လည်း လုပ်ဆောင်ခဲ့ သည်မှာ ပဲရစ် မြို့ တိုက်ခိုက်မှု နှင့် ဘရပ်ဆဲလ်မြို့ ရှိ လေဆိပ်နှင့် မြေအောက် မီးရထားဘူတာရုံ တို့၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများက သက်သေပင် ဖြစ်သည်။

အကြမ်းဖက် ဝါဒသည် ယခုအခါ ဥရောပ နိုင်ငံများရှိ ပြည်သူတို့ကို အန္တရာယ် များနှင့် ပြည့်လျှံနေသော အဆုံးသတ် ချောက်ဆီသို့ ဆွဲခေါ်သွားမည့် အသွင် ရှိနေသည်။ အလားတူ ရွှေ့ပြောင်း ဒုက္ခသည် များကို နိုင်ငံအတွင်း သို့ ဒလဟော ဝင်ရောက်ခွင့် ပြုခဲ့သည့် ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ် သည် နိုင်ငံရေး ဖိအားများနှင့် ရင်ဆိုင် နေရသည့်အပြင် ပြည်သူများ အနေဖြင့်လည်း ယင်း ဒုက္ခသည် များ၏ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနှင့် တခြား အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင် ရန် မျက်ရည်ယို ပစ္စတို သေနတ်များ၊ စပရေးဘူး များကို ကိုယ်နှင့်မကွာ သယ်ဆောင် ခဲ့ကြရသည်။

ထို့ကြောင့် အကြမ်းဖက် သမားများ အတွက် ဥရောပ၌ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်း တစ်ခု ရရှိလျက် ရှိသည်။

ဘရပ်ဆဲလ်မြို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် နယ်သာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်နိုင်ငံ တို့မှ ရဲတပ်ဖွဲ့ဝင် များသည် နိုင်ငံ၏ လေဆိပ်များနှင့် အထင်ကရ နေရာများတွင် လုံခြုံရေး ပိုမိုတိုးမြှင့် ချထားပြီးနောက် စုံစမ်း စစ်ဆေးမှုများကို လုပ်ဆောင်လျက် ရှိသည်။ မည်သို့ပင် ဖြစ်စေ အကြမ်းဖက် သမားများသည် ယခုအခါ ၄င်းတို့၏ အကြမ်းဖက်ဝါဒ ဆိုင်ရာ ဗျူဟာများ ကိုပြောင်းလဲ၍ အရှေ့ အလယ်ပိုင်း ဒေသများထက် ဥရောပရှိ နိုင်ငံများကို ပိုမိုမျက်စိ ကျလာပြီး ဥရောပကို စစ်မြေပြင် အဖြစ် ပြောင်းလဲပစ်မည် ဟု ဆက်လက် ခြိမ်းခြောက် ထားသောကြောင့် ယင်းနိုင်ငံများ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်နှင့် ပိုမို ရင်ဆိုင်လာနိုင် ဖွယ်ရှိရာ သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်ရမည် ဖြစ်သည့်အပြင် အကြမ်းဖက် သမားများ၏ အဓိက ဝင်ပေါက် ဖြစ်သည့် ရွှေ့ပြောင်း ဒုက္ခသည်များ အရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ် ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger