www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

ကြိုတင်မှန်းဆနိုင်သည့် အခြေအနေများအတွက် ရည်ရွယ်ချမှတ်ခဲ့သည့် တရုတ်အစိုးရ၏ ကာကွယ်ရေး အစီအမံ




( အောင်နှင်းဆီ )

တရုတ်နိုင်ငံသည် ယင်းနိုင်ငံ၏ ဆိုက်ဘာ နယ်ပယ်၌ အမျိုးသားရေး ဆိုင်ရာ အချုပ်အခြာ အာဏာကို ကာကွယ် နိုင်ရေးအတွက် အဓိကထား ချမှတ်ခဲ့သည့် ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဆိုင်ရာ အစီအစဉ် များကို မတ် ၁၃ ရက်က တရားဝင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီအစဉ်များကို တရုတ်အစိုးရ ရှေ့နေချုပ် ကောင်းကျန်းမင် က အမျိုးသား လွှတ်တော်၌ နှစ်စဉ်ပြောကြားမြဲ ဖြစ်သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်း ကာကွယ်ရေး အစီအစဉ်အရ တရုတ်အစိုးရ အနေဖြင့် အကြမ်းဖက် အဖွဲ့များနှင့် မျိုးနွယ်စုဝင် များ၏ ခွဲထွက်ရန် ကြိုးပမ်းမှု၊ ဘာသာရေး အစွန်းရောက်များ အပြင် နိုင်ငံအပေါ် ရန်လိုသည့် အဖွဲ့အစည်းများ ကို ယခုနှစ်အတွင်း ဦးစားပေး နှိမ်နင်းတိုက်ဖျက် သွားမည်ဖြစ်သည်။

ထို့ပြင် တရုတ် အစိုးရသည် နိုင်ငံတစ်ဝန်းလုံး၌ သုံးနှစ်ကြာ လုပ်ဆောင်လျက် ရှိသည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်ကိုလည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်သည်။ သို့ရာတွင် နိုင်ငံအတွက် ခြိမ်းခြောက်မှု အဖြစ် ရပ်တည်နေသည့် အဖွဲ့အစည်းများ နှင့်စပ်လျဉ်း၍ တရုတ် အစိုးရက တိတိကျကျ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိဘဲ ရန်လိုသော အဖွဲ့အစည်း များကို တရုတ်နိုင်ငံ၌ ကွန်မြူနစ် အစိုးရ ပြုတ်ကျစေရေး နှင့် နိုင်ငံအား ပရမ်းပတာ အခြေအနေသို့ ဆိုက်ရောက်စေပြီး စီးပွားရေး အခြေအနေများ ပျက်စီးစေရန် ကြိုးပမ်းနေသော အဖွဲ့အစည်းများ အဖြစ်သာ ရည်ညွှန်းခဲ့သည်။




တရုတ်အစိုးရက ရည်ညွှန်းခဲ့သော အဖွဲ့အစည်း များတွင် ပြည်ပမှ အစိုးရအဖွဲ့များ၊ ကွန်မြူနစ် ပါတီ၏ အချုပ်အခြာ အာဏာကို စိန်ခေါ်လိုသည့် လူမှု အဖွဲ့အစည်း များနှင့် တရုတ်အစိုးရက တားမြစ်ထားသည့် ဘာသာရေး အဖွဲ့အစည်း များအပြင် နိုင်ငံ၏ အနောက် မြောက်ပိုင်း ရှင်းကျန်းဒေသ ရှိတာကစ် မျိုးနွယ်စုဝင် ဝီဂါမျိုးနွယ် များလည်း ပါဝင်နိုင်သည်။ တရုတ်အစိုးရ၏ ကာကွယ်ရေး အစီအစဉ်ကို ရုတ်တရက် ကြည့်မည် ဆိုပါက နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကျင့်ပျက် ခြစားမှုများကို တိုးမြှင့် တိုက်ဖျက်ရန်၊ ဆိုက်ဘာ လုံခြုံရေးကို တိုးမြှင့်ရန် နှင့် နိုင်ငံအတွင်း မှ မျိုးနွယ်စုဝင်များ ခွဲထွက်ရေးကို တားမြစ်ရန်ဟု ရှုမြင်နိုင် သော်လည်း တခြား အကြောင်းအရာ များကိုလည်း တွေ့နိုင်သည်။

တရုတ်အစိုးရ ရှေ့နေချုပ်က အဆိုပါ ကာကွယ်ရေး အစီအစဉ်ကို ထုတ်ပြန် ကြေညာလိုက်သည့် အချိန်သည် အာရှ-ပစိဖိတ် ဒေသ၌ တင်းမာမှုများ မြင့်တက်နေချိန် နှင့် တိုက်ဆိုင် နေသည်ကို တွေ့ရမည် ဖြစ်သည်။ စင်စစ်တွင် တရုတ်နိုင်ငံသည် မြောက်ကိုရီးယား ၏ နျူကလီးယား အစီအစဉ်နှင့် တောင်တရုတ် ပင်လယ် ရေပိုင်နက် အငြင်းပွားမှု စသည့် အခြေအနေ များကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေသည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုနိုင်သည်။

တရုတ်နိုင်ငံ၌ လက်ရှိသမ္မတ ရှီကျင့်ဖျင် အာဏာရရှိခဲ့ပြီး နောက်ပိုင်း အချိန်မှစ၍ အစိုးရက ကွန်မြူနစ်ပါတီ အဓွန့်ရှည်ရေး အတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့ပြီး ပါတီ၏ ရပ်တည်မှုကို ခြိမ်းခြောက် နေသည့် အကျင့်ပျက် ခြစားမှုများကို ထိရောက်စွာ တိုက်ဖျက် နိုင်ခဲ့သည်။ စီးပွားရေးနှင့် နိုင်ငံရေးအရ ကြည့်မည် ဆိုပါကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးအရ လွှမ်းမိုးနိုင်စွမ်း သည် အာရှဒေသ ကိုသာမက အာဖရိကတိုက် သို့ပင် နယ်မြေချဲ့ထွင် နိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ သို့သော် တခြားတစ်ဖက် ကိုကြည့်မည် ဆိုပါက အာရှ-ပစိဖိတ် ဒေသအတွင်း၌ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ချဲ့ထွင်နိုင်ရေး ကြိုးပမ်းမှုမှာ ယခုအခါ စိန်ခေါ်မှု များစွာဖြင့် ကြုံတွေ့ရလျက် ရှိသည်။တစ်နည်းအားဖြင့် ဆိုရပါက တရုတ်နိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံက ပြုလုပ်ခဲ့သော နျူကလီးယား စမ်းသပ်မှုများမှ ထွက်ပေါ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးများကို သွယ်ဝိုက်ခံရ နေသည်ဟု ဆိုနိုင်သည်။

အမေရိကန်နှင့် ၄င်းတို့၏ မဟာမိတ် တောင်ကိုရီးယား နိုင်ငံတို့သည် မြောက်ကိုရီးယား ၏ ကျူးကျော် ရန်စမှုကို ကာကွယ်နိုင်ရန် တောင်ကိုရီးယား နိုင်ငံအတွင်း အစွမ်းထက် လေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ခု ဖြစ်သည့် THAAD ဒုံးကျည်စနစ်ကို ဖြန့်ချရန် စီစဉ်လျက် ရှိသည်။ ယင်း အစီအစဉ်မှာ မြောက်ကိုရီးယား နျူကလီးယား အန္တရာယ်မှ ထွက်ပေါ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ဟုဆိုနိုင်ပြီး ယင်းဒုံးကျည် စနစ်သည် တရုတ်နို င်ငံအတွက် ထိန်းချုပ်ရေးစနစ် တစ်ခုအဖြစ် ထွက်ပေါ် လာနိုင်သည်။ တရုတ် နိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံ၏ မဟာမိတ် နိုင်ငံကြီးအဖြစ် ကာလ ရှည်ကြာ ထောက်ခံခဲ့သည့် နိုင်ငံ ဖြစ်သော်လည်း ယခုအခါ အမေရိကန် အပါအဝင် ကုလသမဂ္ဂ ၏ ဖိအားပေးမှုကြောင့် ၄င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲခဲ့ရပြီး မြောက်ကိုရီးယား အစိုးရအား နျူကလီးယား စမ်းသပ်မှုနှင့် စပ်လျဉ်း၍ ပြစ်တင် ပြောကြား ခဲ့ရသည်။

ထို့ပြင် အမေရိကန်နှင့် တောင်ကိုရီးယား တို့အကြား ပြုလုပ်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုနှင့် စပ်လျဉ်း၍ တရုတ် အစိုးရမှာ ခေါင်းခဲလျက် ရှိသည်။ အကြောင်းမှာ အာရှ-ပစိဖိတ် ဒေသအတွင်းရှိ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စု က စစ်ဘက် ဆက်ဆံရေး တိုးမြှင့် နေခြင်းသည် ဒေသတွင်း အင်အားကြီး နိုင်ငံအဖြစ် ရပ်တည် လိုသည့် တရုတ်နိုင်ငံ၏ ဆန္ဒအတွက် အဟန့်အတား ဖြစ်လျက်ရှိသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုသည် နျူကလီးယား သယ်ဆောင်နိုင်စွမ်း ရှိသည့် ၄င်းတို့၏ B-2 ဗုံးကြဲ လေယာဉ်များကို အာရှ-ပစိဖိတ် ဒေသသို့ စေလွှတ် လိုက်ခြင်းသည် တရုတ်နိုင်ငံ အတွက် သတင်းဆိုးတစ်ရပ အဖြစ် ထွက်ပေါ် လာခဲ့သည်။ အမေရိကန် ပြည်ထောင်စု သည် ၄င်းတို့၏ B-2 ဗုံးကြဲလေယာဉ် သုံးစင်းကို သြစတြေးလျ လေတပ်မှ လေယာဉ်များနှင့် ပူးပေါင်း ပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှု အတွက် စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် စစ်မဟာဗျူဟာ ဌာနချုပ် က မတ် ၉ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

သို့ရာတွင် စေလွှတ်ခဲ့သည့် နေရာဒေသကို အတိအကျ ဖော်ပြခဲ့ခြင်း မရှိသောကြောင့် တရုတ်အစိုးရမှာ ဇဝေဇဝါ ဖြစ်ခဲ့ရသည်။ နောက်တစ်ချက်မှာ ကိုရီးယား ကျွန်းဆွယ်ပေါ်၌ တင်းမာမှုများ မြင့်တက် လေလေ၊ အမေရိကန် အစိုးရ အတွက် ၄င်းတို့၏ အာရှ-ပစိဖိတ် ဒေသ ဗဟိုပြုရေး မဟာဗျူဟာကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်နိုင် လေလေ ဖြစ်သည်။ အကြောင်းမှာ အမေရိကန် ပြည်ထောင်စုသည် ဂျပန်နိုင်ငံ အတွင်း၌ အခြေစိုက်စခန်း ဖွင့်လှစ်ထားပြီး ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ထား နိုင်ရုံသာမက တောင်ကိုရီးယား နိုင်ငံ၌လည်း ၄င်းတို့၏ မဟာဗျူဟာမြောက် လက်နက်များကို ဖြန့်ကြက်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ကိုရီးယား ကျွန်းဆွယ် ပေါ်၌ တင်းမာမှုများ ပိုမိုမြင့်တက် လာပါက တောင်ကိုရီးယား နိုင်ငံကို မြောက်ကိုရီးယား နိုင်ငံ၏ ကျူးကျော် ရန်စမှုမှ ကာကွယ်ရန် အမေရိကန် အစိုးရက အကြောင်းပြကာ စစ်လက်နက် များကို ထပ်မံဖြန့်ချ နိုင်မည် ဖြစ်သည်။ ထိုအချက်ကို အမေရိကန် ပြည်ထောင်စုက ၄င်းတို့၏ ''တရုတ်နိုင်ငံအား ထိန်းချုပ်ရေး'' မဟာဗျူဟာ အဖြစ် အသုံးချမည်ကို တရုတ်နိုင်ငံ က ကောင်းစွာ ရိပ်မိပုံရသည်။ ထို့ကြောင့် မတ် ၁၃ ရက်က ထုတ်ပြန် လိုက်သည့် တရုတ် အစိုးရ၏ ကာကွယ်ရေး ဆိုင်ရာ အစီအစဉ် သည် ဆိုက်ဘာနှင့် တခြား အကြမ်းဖက်မှုများ အပေါ် အဓိကထား ချမှတ်ထား သည်ဟု ရှုမြင်နိုင် သော်လည်း ဒေသအတွင်း စစ်ရေးအရ တင်းမာအောင် ပြုလုပ် နေသည်ဟု အမေရိကန် အစိုးရအား စွပ်စွဲထားသည့် တရုတ် အစိုးရသည် နောက်ပိုင်းတွင် မမြင်နိုင် သော်လည်း ကြိုတင်မှန်းဆ နိုင်သည့် အခြေအနေများ အတွက် ရည်ရွယ်ချမှတ် ခဲ့သည်ဟု ယူဆနိုင် ပါကြောင်း သုံးသပ် ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger