www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 10, 2016

အရှေ့အလယ်ပိုင်း စစ်အင်အားဗျူဟာများကြောင့် နျူကလီးယားပြိုင်ဆိုင်မှု ဒီရေမြင့်တက်လာနိုင်သည့် အမေရိကန်နှင့်ရုရှား



( ရှိန်းထက် )

ဆီးရီးယား အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်ခဲ့ပြီး ထင်မှတ်ထား သည်ထက် အောင်မြင်မှုများစွာ ရရှိခဲ့ကာ မတ် ၁၄ ရက် ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ရက်သတ်မှတ် ပြီးသွားပြီ ဖြစ်သည်။ အပစ်အခတ် ရပ်စဲမှု စတင်ခါနီးမှာပင် နှစ်ဖက်စလုံးမှ ဗုံးကြဲမှုများဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ ကြသောကြောင့် ဆီးရီးယား အပစ်အခတ် ရပ်စဲရေး အောင်မြင်နိုင်ခြေ နည်းပါးသည် ဟု ဝေဖန်ခံ ခဲ့ရသည်။သို့သော် ယခုအခါ၌ မထင်မှတ်ထား နိုင်လောက်သော အောင်မြင်မှု များကို ရက်သတ္တပတ်ကြာ ယခု ဆုပ်ကိုင်ထား နိုင်ကြပြီဖြစ်သည်။ သူပုန်ဘက် ကရော အစိုးရဘက် ကပါ ထိန်းချုပ်ထားသည့် နေရာများ၊ နှစ်ဖက်တိုက်ပွဲများ အစဉ်မပြတ် ဖြစ်ပွားသော နေရာများနှင့် အာဆတ် ၏ ဗုံးဒဏ်ကို အဆက်မပြတ် ခံရသော အလက်ပို တွင်ပင် တိုက်ပွဲများ လုံးဝ ရပ်တန့်သွားပြီး ISIS တို့ထိန်းချုပ် ထားသည့် နေရာမှလွဲ၍ ကျန်နေရာများ အားလုံးနီးပါး ငြိမ်းချမ်းနေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဘက်သို့ လှည့်မည့် ခြေဦးများသည် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း ပိုများလာသည်။

နှစ်ဖက် အပစ်အခတ်များ ရပ်စဲထား သောကြောင့် ကုလသမဂ္ဂ၏ လူသားချင်း စာနာ ထောက်ထားရေး အကူအညီ များနှင့် အစားအသောက် များကို အပြည့်အဝ ပေးခွင့်ရနေသည်။ ထို့ကြောင့် တည်ငြိမ် နေသော အခြေအနေကို ဆက်ထိန်းရန် နှင့် အရှေ့ အလယ်ပိုင်း စစ်အင်အားကို တိုးမြှင့်ရန် အမေရိကန်သည် သူ၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-52 ကို အရှေ့ အလယ်ပိုင်းသို့ စေလွှတ်တော့မည် ဖြစ်သည်။ B-52 သည် နျူကလီးယား လက်နက်ကို သယ်ဆောင် နိုင်ပြီး ပေါင် ၇ဝဝဝဝ ခန့် အလေးချိန် ရှိသည့် ဒုံးကျည်ထိပ်ဖူး များကို သယ်ဆောင် နိုင်သည်။


ယခု အရှေ့အလယ်ပိုင်း သို့လွှတ်မည့် B-52 ၏ စစ်ဆင်ရေး တာဝန်သည် ISIS တို့ကို ထိုးစစ်ဆင်ရေး နှင့် အရှေ့ အလယ်ပိုင်း အမေရိကန် စစ်အင်အားကို အထောက်အကူ ပေးရေးဖြစ်သည်။ ဧပြီလမှ စတင်၍ ISIS တို့ကို စစ်ဆင်ရေး စတင် ထိုးစစ်ဆင်မည် ဖြစ်ပြီး အမေရိကန် စစ်တပ်အတွက် ကျောရိုးမဏ္ဍိုင် တစ်ခုအဖြစ် B-52 သည် ယခုအချိန်ထိ ရပ်တည်နေသည်။ အမေရိကန် စစ်တပ်သည် B-52 ကို ကမ္ဘာ တစ်ဝန်းလုံးရှိ သူ၏ စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ ပြီး B-52 ကြောင့် ပျက်ခဲ့ရသော စစ်ဆင်ရေး သည် ယခုအချိန်ထိ မရှိသေးချေ။ ကောင်းကင်ယံတွင် အမြင့်ဆုံးပေ ၅ဝဝဝဝ အထိပျံဝဲ နေနိုင်ပြီး ခရီးရှည် မိုင် ၇၆၅ဝ ကို မရပ်မနား ပျံသန်းနိုင်သည်။

ထို့ကြောင့် တာဝေးပစ် ဒုံးပျံတစ်စင်း၏ ခရီးရှည်နှင့် B-52 ၏ ခရီးသွားနှုန်း သည် တူညီနေသည်။ တိုက်ကြီး တစ်တိုက်မှ တစ်တိုက်ဆီသို့ ပျံဝဲပြီး စစ်ဆင်ရေး တာဝန်ကို ထမ်းဆောင် နိုင်သည်။ ၁၉၅၄ ခုနှစ်မှ စတင်ကာ ကောင်းကင်ယံတွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၂ဝ၄ဝ ပြည့်နှစ်အထိ B-52 များသည် အမေရိကန် စစ်ဘက်အတွက် မရှိမဖြစ် အသုံးဝင် နေဦးမည် ဖြစ်သည်။ ၂ဝ၄ဝ ပြည့်နှစ် နောက်ပိုင်းတွင် B-52 များ အားလုံးကို အနားပေး တော့မည် ဖြစ်သည်။

ထို့ကြောင့် B-52 ၏ စွမ်းဆောင်ရည် နှင့် နျူကလီးယား သယ်ဆောင် နိုင်သော စွမ်းရည်ကို စိတ်မချသည့် ရုရှားသည် အမေရိကန်ကို သတိပေးသည့် အနေဖြင့် သူ၏ နျူကလီးယား စွမ်းရည်ကို ထုတ်ဖော်ပြသ မည်ဖြစ်သည်။ မတ် ၂ ရက်က ရုရှားသည် နျူကလီးယား ထိပ်ဖူးတပ် ဒုံးပျံ ၁၆ စင်းကို ရေငုပ်သင်္ဘော နှစ်စင်းပေါ်မှ ဆက်တိုက် စမ်းသပ် ပစ်လွှတ်မည်ဟု ကြေညာ ခဲ့သည်။ သတ်မှတ်ထားသည့် ပစ်မှတ်သည် အာတိတ် သမုဒ္ဒရာဖြစ်ပြီး တာဝေးပစ် ဒုံးပျံများနှင့် တိုက်ချင်းပစ် ဒုံးပျံ ICBM ပါဝင်မည် ဖြစ်သည်။

ရုရှား၏ အဆိုပါ နျူကလီးယား ထိပ်ဖူးတပ် တာဝေးပစ် ဒုံးပျံ စမ်းသပ်မှုသည် ရာစုနှစ် လေးပုံတစ်ပုံတွင် အကြီးမားဆုံး စစ်ရေး စမ်းသပ်မှုကြီး အဖြစ် မှတ်တမ်းဝင် သွားမည် ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်ကလည်း ရုရှားသည် သူ၏ လက်နက်တိုက်သို့ တိုက်ချင်းပစ် ဒုံးပျံအစင်း ၄ဝ ထပ်မံဖြည့်သွင်း ထားခဲ့သည်။ ရုရှား သမ္မတ ပူတင် ကတော့ မကြာမီ ပြုလုပ်မည့် နျူကလီးယား ထိပ်ဖူးတပ် ဒုံးပျံစမ်းသပ်မှု ကိုရော လက်နက်တိုက် ကို တိုက်ချင်းပစ် ဒုံးပျံ အားဖြည့်မှု ကိုပါ နိုင်ငံလုံခြုံရေး အတွက်ဟု အကြောင်းပြ ခဲ့သည်။

အရှေ့ အလယ်ပိုင်းတွင် ဧပြီလ၌ အမေရိကန်၏ နျူကလီးယား သြဇာ ရောက်ရှိလာမည့် အချိန် ရုရှားကလည်း သူ၏ နျူကလီးယား အင်အားကို ပြသမည့် ပူတင်၏ မဟာဗျူဟာမြောက် အစီအစဉ် ဖြစ်သည်။ ဘောလ်တစ် ပင်လယ်ပြင်မှ နေ၍ ရုရှားသည် တာဝေးပစ် ဒုံးပျံဖြင့် အီဂျစ်ကို ဖြတ်ကျော်ကာ ဆီးရီးယား နယ်ထဲရှိ ISIS ကို ထိုးစစ်ဆင်ခဲ့သည်။ ပစ်မှတ် အားလုံးသည် သတ်မှတ် ထားသည့် အတိုင်း ထိမှန်ခဲ့ပြီး အမေရိကန်၏ စိုးရိမ်မှုကို မြင့်တက် စေခဲ့သည်။

အမေရိကန် စစ်ဘက်သည် တာဝေးပစ် ဒုံးပျံစမ်းသပ်မှုနှင့် တိုက်ချင်းပစ် ဒုံးပျံ စမ်းသပ်မှုများကို မပြုလုပ်ခဲ့ သည်မှာ အချိန်ကာလ ကြာမြင့်ပြီ ဖြစ်သောကြောင့် ပစ်မှတ်တိကျမှု ကို ရာခိုင်နှုန်း အပြည့်အဝ ထိရောက်မည်၊ မရောက်မည်ကို အာမမခံ နိုင်သည့် အခြေအနေ ဖြစ်သည်။



ထိုအချိန်တွင် ရုရှားက တာဝေးပစ် ဒုံးပျံကို တိတိကျကျ ပစ်ပြလိုက်ခြင်း ဖြစ်သည်။ ယခု ICBM နှင့် နျူကလီးယား လက်နက်များလည်း ထပ်မံစမ်းသပ် ဦးမည်ဖြစ်သည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက် က အလွတ်တမ်း စစ်ဘက်လေ့လာ စောင့်ကြည့်ရေး စင်တာ Stimson Center ၏ သုတေသန မှတ်တမ်းများအရ အမေရိကန်၏ နျူကလီးယား လက်နက် နည်းပညာများသည် ခေတ်နောက်ကျ နေပြီဟု ဆိုသည်။ အဆင့်မီအောင် ပြန်လည် ပြုလုပ်ရန် အမေရိကန် စစ်ဘက်သည် လာမည့် ဆယ်စုနှစ် အတွင်းမှာ အမေရိကန် ဒေါ်လာ ၃၅၂ ဘီလီယံ ကုန်ကျမည်ဟု ဆိုသည်။ ထို့ကြောင့် အမေရိကန် တို့၏ တာဝေးပစ် ဒုံးပျံနှင့် နျူကလီး ယား မသေချာမှု များသည် ရုရှားအတွက် အခွင့်ကောင်း ယူစရာတစ်ခု သဖွယ် ဖြစ်နေသည်။ သို့သော်လည်း နောက်ကျ မခံဖူးသော အမေရိကန်ကြောင့် ရုရှားနှင့်အပြိုင် သူ၏ နျူကလီးယား နှင့် တိုက်ချင်းပစ် ဒုံးပျံများ မည်သည့်အချိန် စမ်းသပ်မည်ကို မေးခွန်း ထုတ်စရာ ဖြစ်လာသောကြောင့် နျူကလီးယား ပြိုင်ဆိုင်မှုသည် ဒုတိယကမ္ဘာ စစ်ပြီးခါစ အစောပိုင်း အချိန်တုန်း ကလို အားကောင်းလာမှာ စိုးရိမ်နေရသည်။

အမေရိကန် သည် ၁၉၄၅ ခုနှစ်မှစတင်ကာ နျူကလီးယား ထိပ်ဖူးပေါင်း ၇၇ဝဝဝ ခန့် ထုတ်လုပ်ခဲ့သည်။ ရုရှားသည် ၁၉၄၉ ခုနှစ်အရောက်တွင် နျူကလီးယား ထိပ်ဖူး ၅၅ဝဝဝ ခန့် ထုတ်လုပ်ခဲ့သည်။ ၂ဝ၁၅ ခုနှစ် စာရင်းဇယား များအရ အမေရိကန်၌ နျူကလီးယား ထိပ်ဖူးပေါင်း ၄၇၆ဝ ရှိပြီး ရုရှားထက် ထိပ်ဖူးပေါင်း ၃ဝဝ ကျော် ပိုရှိသည်ဟု ဆိုသည်။

သို့သော် နျူကလီးယား လက်နက် စမ်းသပ်မှု မပြုလုပ်ခဲ့သည်မှာ နှစ်နိုင်ငံစလုံး သည် ဆယ်စုနှစ်နှင့် ချီကြာမြင့် ခဲ့ပြီဖြစ်သောကြောင့် ခေတ်သစ် နျူကလီးယား လက်နက် နည်းပညာ ပြိုင်ဆိုင်ရေး ပြန်လည် တူးဖော်ရာတွင် ခန့်မှန်းရခက် နေသည်။ သိပံ္ပပညာရှင် များက ကမ္ဘာကြီးပေါ်၌ နျူကလီးယား စစ်ပွဲဖြစ်ပွား မည်ကို စိုးရိမ်သောကြောင့် နျူကလီးယား လျှော့ချရေး စာချုပ်ကို အကောင်အထည် ဖော်ခဲ့သည်။ သို့သော်လည်း စစ်အေးတိုက်ပွဲ ကိုစတင်ခဲ့သည့် ကမ္ဘာ့ထိပ်တန်း နျူကလီးယား အင်အားကြီး နှစ်နိုင်ငံက မည်ရွေ့မည်မျှ လိုက်နာသည်ကို မည်သူကမျှ အတိအကျ မသိနိုင်ပေ။ အမေရိကန်၏ ထုတ်ပြန်ချက် တွင် ရုရှားက နျူကလီးယား လက်နက် လျှော့ချရေး စာချုပ်တွင် လက်မှတ်ရေးထိုး ထားသော်လည်း နျူကလီးယား ထိပ်ဖူးများကို ဖျက်ဆီးသည်ထက် လျှို့ဝှက်သိမ်းဆည်း ထားသည်က ပိုများသည်။

ရုရှားက ထုတ်ပြန်သည့် ကြေညာချက် တွင် အမေရိကန်က နျူကလီးယား လျှော့ချရေးကို အပြည့်အဝ မလိုက်နာဘဲ သူ၏  Global Power ကို ထိန်းဖို့အတွက် နျူကလီးယား လက်နက်များကို ထိမ်ချန်ထားကာ သူ့ ထက်သာအောင် အမြဲတမ်း ပစ်မှတ်ထား နေသည်။ အမေရိကန်၌ သတ်မှတ်ထားသည့် အရေအတွက် ထက် အများကြီး ပိုရှိနေသည် စသည်ဖြင့် တစ်ဖက်စောင်းနင်း အမြင်များနှင့် မယုံကြည်မှု များကြောင့် ယခု အချိန်ထိ အမေရိကန်၌ နျူကလီးယား လက်နက် မည်မျှရှိသည်၊ ရုရှားတွင် မည်မျှ ရှိသည်ကို အတိအကျ မသိနိုင် ကြခြင်းဖြစ်သည်။

သို့ဖြစ်၍ ယခု အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသသို့ နျူကလီးယား လက်နက် သယ်ဆောင် နိုင်သော B-52 များကိုပို့၍ ရုရှားက နျူကလီးယား လက်နက် စမ်းသပ်သည် ဆိုခြင်းသည် အနာဂတ် နျူကလီးယား စစ်ပွဲများကို မဖြစ်ပွားရေး တားဆီးနေကြသူ များအတွက် စိုးရိမ်ကြီးစွာသော အခြေအနေ ကို ဆိုက်ရောက် နေပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger