www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 22, 2016

ဆယ်စုနှစ်များစွာအတွင်း ကျူးဘားသို့ ပထမဆုံး သွားရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား ၏ ခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေး ကို တိုးတက်စေမည်လား



နိုင်အောင်

အမေရိကန် သမ္မတ ဘားရက် အိုဘားမား သည် ပြိုင်ဘက်နိုင်ငံ အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သည့် ကျူးဘားနိုင်ငံသို့ မတ်၂ဝ ရက်က တရားဝင် အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိ လာခဲ့သည်။ ယင်း ခရီးစဉ်ကြောင့် အိုဘားမား သည် ၁၉၅၉ ခုနှစ်အတွင်း အမေရိကန် အစိုးရက ထောက်ခံ ထားသည့် ဖူဂျင်ဆီယို ဘက်တစ် စတာ အစိုးရအား ဖီဒယ်ကတ် စထရို ၏ ပြောက်ကျား တပ်ဖွဲ့က ဖြုတ်ချ ခဲ့ပြီးနောက် အလားတူ ၁၉၈၂ ခုနှစ်မှစ၍ အဆိုပါ ကာရစ်ဘီယံ ကျွန်းနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်ခဲ့သည့် တာဝန် ထမ်းဆောင်ဆဲ အမေရိကန် သမ္မတ အဖြစ် သမိုင်းတွင် နိုင်ခဲ့ပြီ ဖြစ်သည်။ အမေရိကန် နှင့် ကျူးဘားနှစ်နိုင်ငံ စလုံးသည် ၄င်းတို့ အကြားရှိ ရာစု နှစ်ဝက်ကြာ ပြိုင်ဆိုင်ခဲ့သည့် အတိတ်ဟောင်း များကို ပြည်ဖုံးကားချ ၍ အဆုံးသတ် နိုင်ရန် ကြိုးပမ်းခဲ့ ကြသည်။

President Obama and Cuban President Raul Castro review troops before bilateral meetings at the Palace of the Revolution on March 21, 2016, in Havana.


President Obama listens to questions along with journalist and small business owner Soledad O'Brien while attending a business summit in Havana.

ယခု ခရီးစဉ်တွင် အိုဘားမားသည် ၂ဝဝ၈ ခုနှစ် အတွင်းက အစ်ကိုဖြစ်သူ ထံမှ အာဏာဆက်ခံ ခဲ့သည့် သမ္မတ ရော်ကတ်စထရို နှင့် တွေ့ဆုံ ဆွေးနွေးမည့် အပြင် အတိုက်အခံ အဖွဲ့များ နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။ အမေရိကန် အစိုးရသည် ကျူးဘားအစိုးရ နှင့် သံတမန် ဆက်ဆံရေးကို၂ဝ၁၅ ခုနှစ် ဇူလိုင်လက တရားဝင် ပြန်လည် ထူထောင်ခဲ့ပြီး ကျူးဘားနိုင်ငံ အတွင်းသို့ အမေရိကန် ပြည်သူများ သွားရောက် လည်ပတ်နိုင် ရန်နှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပိတ်ဆို့မှု တချို့ကိုပါ ဖြေလျှော့ပေး ခဲ့သည်။ သို့ရာတွင် ကျူးဘားနိုင်ငံ အပေါ် ချမှတ်ထားသည့် အလုံးစုံ ကုန်သွယ်ရေး ပိတ်ဆို့မှုကို ရပ်တန့်နိုင်ရေး အတွက် အမေရိကန် ကွန်ဂရက် လွှတ်တော် အနေဖြင့် ယင်းပိတ်ဆို့မှု ဆိုင်ရာ မူကြမ်းအား ပြဋ္ဌာန်းခဲ့သည့် ၁၉၆ဝ ဥပဒေမူကြမ်းကို ဖျက်သိမ်း ပစ်ရန် သို့မဟုတ် ပြောင်းလဲပစ်ရန် လိုအပ်မည် ဖြစ်သည်။

အိုဘားမား သည် ကျူးဘားနိုင်ငံသို့ လာရောက်စဉ် အတွင်း နှစ်နိုင်ငံအကြား ကူးသန်း ရောင်းဝယ်ရေး အပြင် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် တခြားကိစ္စရပ် များကို ပါ ကတ်စထရို နှင့် ဆွေးနွေးမည့် အလားအလာ ရှိသည်။ ယခု ခရီးစဉ်သည် ကျူးဘားပြည်သူ များနှင့် တိုက်ရိုက် ထိတွေ့နိုင်မည့် သမိုင်းတွင် အခွင့်အရေး တစ်ရပ်ဟု အိုဘားမား က ဆိုထားသည်။ အိုဘားမား သည် ကျူးဘားနိုင်ငံ အပေါ် ကာလရှည်ကြာစွာ ချမှတ်ခဲ့သည့် အမေရိကန် အစိုးရ၏ အထီးကျန်စေရေး မူဝါဒကို ကျောခိုင်းခဲ့သူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု သည် ကျူးဘားနိုင်ငံ အပေါ် ၅၄ နှစ်ကြာ ပိတ်ဆို့မှုများချ မှတ်ထားခဲ့ပြီး ယင်း ပိတ်ဆို့မှု များသည် ကျူးဘား ပြည်သူ ထောင်ပေါင်း များစွာကို အထိနာ စေခဲ့သည်။ အထီးကျန် ဆန်စေခဲ့သည်။ ယင်းသို့ အထီးကျန် ဆန်မှုကို အဆုံးသတ် နိုင်ရေးအတွက် အဆိုပါ ပိတ်ဆို့မှု များအား ဖယ်ရှားပစ်ရန် အိုဘားမားက ကွန်ဂရက်အား တောင်းဆိုခဲ့ သော်လည်း ရီပတ်ဘလစ်ကန် လွှတ်တော် အမတ်များက ကန့်ကွက်လျက် ရှိသည်။ ထို့ကြောင့် နောက်ဆုံးတွင် အိုဘားမားက သမ္မတ၏ လုပ်ပိုင်ခွင့် အမိန့်ကို အသုံးပြု၍ ကျူးဘားနိုင်ငံ အပေါ် ချမှတ်ထားသည့် ကုန်သွယ်ရေး နှင့် ခရီးသွား လာခွင့် ပိတ်ပင်ထားမှု တချို့ကို ဖြေလျှော့ပေး ခဲ့သည်။

သို့ရာတွင် အိုဘားမား၏ သုံးရက်ကြာ ယခုခရီးစဉ်သည် အမေရိကန်နှင့် ကျူးဘားနိုင်ငံ တို့အကြား ဆက်ဆံရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေမည် လား ဟူသော မေးခွန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ခန့်မှန်းရန် ခဲယဉ်းလှသည်။ အိုဘားမား၏ ကျူးဘား ခရီးစဉ်အပေါ် အမေရိကန် ပြည်ထောင်စုရှိ ရီပတ်ဘလစ်ကန် လွှတ်တော် အမတ်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ အများအပြားက ကန့်ကွက်ထားပြီး အမေရိကန် အစိုးရ အနေဖြင့် ကွန်မြူနစ် ဝါဒ ကြီးစိုးပြီး နိုင်ငံရေး၊ မီဒီယာနှင့် စီးပွားရေး ဆိုင်ရာ လွတ်လပ်မှုကို ထိန်းချုပ် တင်းကျပ် ထားသည့် ကျူးဘား အစိုးရနှင့် ပတ်သက် ဆက်နွှယ်လျက် ရှိသည်ဟု စွပ်စွဲ ပြောဆိုထားသည်။ အိုဘားမား မလာရောက်မီ တစ်ရက်အလိုကလည်း ကျူးဘားနိုင်ငံ အတွင်းရှိ အတိုက်အခံ များက နိုင်ငံအတွင်းရှိ အခြေအနေများကို ပြောင်းလဲပစ် ရန် အစိုးရအား တောင်းဆိုခဲ့ေ သ်ာလည်း အိုဘားမားနှင့် တွေ့ဆုံမည့် ဆွေးနွေးပွဲ အတွင်း ဒီမိုကရေစီနှင့် စပ်လျဉ်း၍ လုံးဝဆွေးနွေးမည်မ ဟုတ်ဟု ကတ်စထရို အစိုးရက တုံ့ပြန်ပြောကြား ခဲ့သည်။ အိုဘားမား မရောက်မီ နာရီအနည်းငယ် အတွင်းမှာပင် ကျူးဘားအစိုးရ သည် လူ့အခွင့်အရေး လှုပ်ရှားသူ ၂ဝဝ ကျော်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။ ယင်းအချက်မှာ အမေရိကန် လွှတ်တော်အမတ် များအတွက် အိုဘားမား၏ ကျူးဘားနှင့် ဆက်ဆံရေး မူဝါဒအပေါ် ထောက်ပြစရာ ဖြစ်လာနိုင်သည်။ ထို့ပြင် ဆယ်စုနှစ်ပေါင်း များစွာ ပြိုင်ဘက်အဖြစ် ရပ်တည်ခဲ့ ကြသည့် အမေရိကန်နှင့် ကျူးဘားနိုင်ငံ တို့အနေဖြင့် ၄င်းတို့ကြားရှိ အပြန်အလှန် မယုံကြည်မှုကို ဖျောက်ပစ်၍ ယုံကြည်မှု တည်ဆောက်နိုင်ရန် လိုအပ်မည် ဖြစ်သည်။

ကျူးဘားနိုင်ငံ ဘက်က ကြည့်မည် ဆိုပါက အမေရိကန် အစိုးရ၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဂွမ်တနာမို အကျဉ်းထောင် ဖွင့်လှစ် ထားခြင်းကို ကျူးဘား အစိုးရက ကန့်ကွက် ထားသည်။ အဆိုပါ အကျဉ်းထောင် မှာ နှစ်နိုင်ငံ အကြား ၁၉၃၄ ခုနှစ်က သဘောတူ လက်မှတ် ရေးထိုးထားသည့် အငှားစာချုပ် ဆိုင်ရာ သဘောတူညီမှု တစ်ရပ်သာ ဖြစ်ပြီး ယခုအခါ အကျုံးမဝင်ဟု ကျူးဘားနိုင်ငံက ဆိုထားသည်။ ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးမည့် အစီအစဉ်ကို အိုဘားမား အစိုးရက ပယ်ချခဲ့သည်။ ထို့ပြင် ကျူးဘားနိုင်ငံ အတွင်းရှိ အတိုက်အခံ များကို အမေရိကန် အစိုးရက ထောက်ခံပေး နေသည့်အပြင် ကွန်မြူနစ် ဆန့်ကျင်ရေး ရုပ်သံများနှင့် ရေဒီယို အသံလွှင့်မှု များကို ကျူးဘားနိုင်ငံ အတွင်းသို့ ထုတ်လွှင့် ပေးလျက် ရှိသည်ဟု ကျူးဘားအစိုးရ က ရှုမြင်နေသည်။ တခြားတစ်ဖက် တွင် လက်ရှိ သမ္မတ ရော်ကတ်စထရို ၏ အစ်ကိုဖြစ်သူ ဖီဒယ် ကတ်စထရို သည် ယခုအခါ အသက် ၉ဝ ပြည့်လုနီးပါး ရှိနေပြီး ယခုသမ္မတ ကတ်စထရို မှာလည်း မကြာမီ နိုင်ငံရေး လောကမှ ထွက်ခွာတော့မည် ဖြစ်သောကြောင့် ကျူးဘား နိုင်ငံရေးတွင် မျိုးဆက်သစ်များ တက်ရောက် လာပြီး နိုင်ငံအတွင်းရှိ စနစ်များကို ပြောင်းလဲ ပစ်မည်ဟု အိုဘားမား က မျှော်လင့်လျက် ရှိသည်။

အချုပ်အားဖြင့် ဆိုရပါမူ နှစ်ပေါင်း ၈၈ နှစ်အတွင်း တာဝန် ထမ်းဆောင်ဆဲ ပထမဆုံး အမေရိကန်သမ္မတ အဖြစ် ကျူးဘားနိုင်ငံသို့ ရောက်ရှိ လာခဲ့သည့် အိုဘားမား ၏ ခရီးစဉ်သည် ထောင်ပေါင်း များစွာသော ကျူးဘား ပြည်သူများ အတွက် အားတက်စရာ ဖြစ်လာခဲ့ သော်လည်း နှစ်နိုင်ငံကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး စသည့် ကိစ္စရပ်များ သည် နှစ်နိုင်ငံအစိုးရ အဖွဲ့များကြား၌ ကြီးမားသည့် အတားအဆီးများ အဖြစ် ဆက်လက် ရှိနေသောကြောင့် အိုဘားမား၏ သမိုင်းတွင် ကျူးဘား ခရီးစဉ်သည် အမေရိကန်နှင့် ကျူးဘားနိုင်ငံတို့ အကြား ဆက်ဆံရေးကို အတိုင်းအတာ တစ်ခုအထိသာ တိုးတက်စေမည် ဖြစ်ကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger