ရန်ကုန် ၊ ၁၉-၂-၂၀၁၆
မြန်မာနိုင်ငံ၏ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် ဂုတ်ထိပ် တံတားတွင် ပြေးဆွဲနေသော သံလမ်း ပြေးယာဉ်များကို ဧပြီလတွင် အဆင့် မြှင့်တင်မှုများ ပြုလုပ်မည် ဖြစ်ပြီး ယခုလအတွင်း တင်ဒါခေါ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂုတ်ထိပ်တံတား သို့ ပြည်တွင်းပြည်ပ ခရီးသွား လာရောက် လေ့လာမှုသည် နှစ်စဉ်များပြား လျက်ရှိပြီး ယင်းအတွက် ပြေးဆွဲ ပေးနေသော သံလမ်းပြေး ယာဉ်များကို အဆင့် မြှင့်တင်ရာတွင် သံလမ်းပြေးယာဉ် (RGC) နှင့် RBE အမျိုးအစား များကို အစားထိုးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားအား အဆင့် မြှင့်တင်ရန် အတွက် လုပ်ကိုင်မည့် ပုဂ္ဂလိက ကုမ္ပဏီများကိုလည်း တင်ဒါခေါ်ယူ သွားမည် ဖြစ်ကြောင်း၊ လာရောက် လေ့လာသူ များပြားသည့် အတွက် ယခင်ထက် ပိုမိုကြံ့ခိုင်မှု ရှိစေရန် မဖြစ်မနေ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တင်ဒါ ခေါ်ယူမည့် ရက်အား နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှု မရှိသေးသဖြင့် တံတားကို လေ့လာ ခွင့် ပေးထားပြီး ခရီးသည် ဦးရေ ၅ဝ ဆံ့သော သံလမ်းပြေးယာဉ် များဖြင့် နေ့စဉ်ပြေးဆွဲ ပေးလျက် ရှိနေသည်။
ယခုပြေးဆွဲပေး နေစဉ် ကာလအတွင်း ရုံးဖွင့်ရက် များတွင် တစ်ရက်လျှင် ခရီးသည် ဦးရေ ၂ဝဝ မှ ၅ဝဝ အထိလာရောက် လေ့လာကြပြီး ရုံးပိတ်ရက် များတွင် တစ်ရက်လျှင် ခရီးသည် ဦးရေ ၈ဝဝ မှ ၁ဝဝဝ ဝန်းကျင်အထိ လာရောက် လည်ပတ် ကြကြောင်း၊ ယင်း တံတားတွင် သံလမ်းပြေး ယာဉ် ပြေးဆွဲပေး နေခြင်းကြောင့် တံတားပေါ် လမ်းလျှောက်ခြင်း ကိုမူ ခွင့်ပြုမည် မဟုတ်ေ ကြာင်း၊ နိုင်ငံခြားသားများ အတွက်လည်း သီးသန့်ပြေးဆွဲ ပေးသည့် ဝန်ဆောင်မှု များကိုလည်း ဆောင်ရွက် ထားကြောင်း သိရသည်။
ဂုတ်ထိပ် တံတားသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁ဝဝ ကျော်ရှိပြီ ဖြစ်သည်။ ယင်း တံတားကို ၁၈၉၉ ခုနှစ်က စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ၁၉ဝဝ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ တံတား အရှည်သည် ပေ ၂၂၆ဝ ရှိကာ တံတား အောက်ခြေမှ အမြင့်ပေ ၁၁ဝဝ ရှိသည်။ ယင်း တံတားသည် ပေ ၃ဝဝ ကျော် မတ်စောက်သော လျှိုနှစ်ဖက်အား ဖြတ်ကျော် ဖောက်လုပ်ထားပြီး ကမ္ဘာပေါ်တွင် ထင်ရှားသော တံတားများ အနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။
စိုးမိုး
မြ၀တီနေ့စဉ် ၊ စာ(၁)






No comments:
Post a Comment