www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 19, 2016

ပုသိမ်ထီးပေါ်၌ ရေးဆွဲထားသည့် ခေတ်သစ်ပန်းချီလက်ရာ များကို အများပြည်သူ လေ့လာနိုင်စေရန် ခင်းကျင်းပြသမည်



ရန်ကုန် ၊ ၁၉-၂-၂၀၁၆

ရိုးရာလက်မှုပစ္စည်း တစ်ခုဖြစ်သည့် ပုသိမ်ထီးပေါ်တွင် ခေတ်သစ်ပန်းချီ အနုပညာ လက်ရာများ ရေးဆွဲပြီး အများပြည်သူ လေ့လာနိုင် စေရန် ခင်းကျင်းပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြပွဲသည် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ယင်းပွဲမှ ရရှိသည့် အကျိုးအမြတ် တစ်ဝက်ကို ပြည်တွင်းပြည်ပ ဆရာဝန်များနှင့် ၂ဝဝ၅ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့သည့် BBHC အဖွဲ့၏ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီပန်းချီပြပွဲမှာ ပန်းချီဆရာ ၅၆ ဦး ပါဝင်ရေးဆွဲ ပြသမှာဖြစ်ပြီး ထီးပန်းချီ လက်ရာပေါင်း ၇ဝ ကျော်ကို ခင်းကျင်းပြသ မှာပါ။ ဒီထီးပန်းချီပြပွဲကို ပြည်တွင်းက ပန်းချီ စုဆောင်းသူတွေ အနေနဲ့ရော ပြည်ပ က နိုင်ငံခြား ခရီးသွား ဧည့်သည်တွေပါ အထူးစိတ်ဝင်စားမှု များပြားခဲ့ တာကြောင့် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ပါတယ်'' ဟု ယင်းပြပွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပန်းချီဆရာ ၅၆ ဦးသည် ရေဆေး၊ ဆီဆေးပန်းချီကား များကို ထီးပေါ်၌ ရေးဆွဲ သွားမည်ဖြစ်ပြီး ယင်း ထီးပန်းချီများကို လေလံစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထီးပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက် အမှတ်(၁၄၄) ဒုတိယထပ်ရှိ Pansodan Scene Gallery ၌ ခင်းကျင်းပြသ သွားမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ အတွင်းက ပထမအကြိမ် ခင်းကျင်းပြသ ခဲ့ရာ ထူးခြားသည့် ပွဲတစ်ပွဲ ဖြစ်ခြင်းကြောင့် စိတ်ဝင်တစား လာရောက် ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် လက်မှုရိုးရာ ပုသိမ်ထီးများ အပေါ်တွင် ဆန်းသစ်စွာ ရေးဆွဲထားသော ခေတ်သစ်ပန်းချီ လက်ရာများအား ပြသသွားမည်ဖြစ်၍ လာရောက် ကြည့်ရှုသူများ အနေဖြင့် သဘောကျ နှစ်သက် မည် ဖြစ်ကြောင်း စိတ်ပါဝင်စား သူများက သုံးသပ် ကြသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger