www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

တောင်ကိုးရီးယား၌ ချထားမည့် အမေရိကန် ဒုံးခွင်းဒုံးစနစ်များကို တရုတ်က ဘာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်နေရသလဲ


 
တောင်ကိုးရီးယား၌ ချထားမည့် အမေရိကန် ဒုံးခွင်းဒုံးစနစ်များကို
တရုတ်က ဘာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်နေရသလဲ

( ရှိန်းထက် )

ဇန်နဝါရီလ ၆ ရက်တွင် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ပြီးနောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလို အမေရိကန်သို့ အရောက်ပစ်ခတ် နိုင်သည့် တာဝေးပစ် ဒုံးပျံကို မြောက်ကိုရီးယား တို့က ဖေဖော်ဝါရီ ၇ ရက်တွင် အောင်မြင်စွာ စမ်းသပ်ခဲ့သဖြင့် အမေရိကန်၏ စိုးရိမ်မှု ရေချိန်များမှာ ပိုမိုမြင့်တက် လာခဲ့ရသည်။

ထို့ကြောင့် အမေရိကန်က သူ့နိုင်ငံအား ကာကွယ်နိုင်ရန် မဟာဗျူဟာ များကို စတင်စဉ်းစား ခဲ့သည်။ ပထမတွင် မိုင်ပေါင်း ၈ဝဝဝ ခန့်အထိ ပစ်ခတ်နိုင်သည့် မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးပျံကို မယုံကြည်ခဲ့ သဖြင့် အမေရိကန်သည် တုတ်တုတ်မျှပင် မလှုပ်ခဲ့ပေ။ သို့သော်လည်း ယခု တာဝေးပစ် ဒုံးပျံသည် အမေရိကန်သို့ အရောက် ပစ်နိုင်သည်ကို သံသယဖြစ်စရာ မရှိတော့သည့် အတွက် F-22 တိုက်လေယာဉ် များနှင့် THAAD ဒုံးခွင်းဒုံးစနစ် များကို တောင်ကိုရီးယား၌ ချထားတော့မည် ဖြစ်သည်။ ထို့ကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က အမေရိကန်တို့ကို အောင်နိုင်သည့် စမ်းသပ်မှုဟု သူ၏ တာဝေးပစ်ဒုံးပျံ စမ်းသပ်မှုကို အမွှမ်းတင် ခဲ့သည်။
 
F-22 Raptor
 တောင်ကိုရီးယား၌ ချထားမည့် အမေရိကန်၏ ဒုံးခွင်းဒုံးစနစ် Terminal Hight Attitude Area Defense (THAAD) သည် မိုင်ပေါင်း ၂ဝဝ လောက်မှ ပစ်မှတ်ကို မလွတ်တမ်း ပစ်ခတ် နိုင်စွမ်းရှိ သည်။ မြောက်ကိုရီးယား တို့က အကယ်၍ အမေရိကန်သို့ အရောက် ပစ်ခတ်လိုလျှင် တောင် ကိုရီးယား ဝေဟင်ပိုင်နက်ကို မဖြစ်မနေ ဖြတ်သန်း ရမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်က THAAD ကို တောင်ကိုရီးယား၌ ထားရှိခြင်း ဖြစ်သည်။

တောင်ကိုရီးယား ကိုလည်း ကာကွယ် ပြီးသားဖြစ်၊ သူ့နိုင်ငံကိုလည်း ကာကွယ်ပြီးသား ဖြစ်မည့် အမေရိကန်၏ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ် ဖြစ်သည်။ ထို့ပြင်သူ၏ ကမ္ဘာလုံးဆိုင်ရာ ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှု အစီအစဉ် Global Missile Defense System ၏ တစ်စိတ်တစ်ပိုင်း အဖြစ်လည်း တောင်ကိုရီးယား၌ ချထားမည့် THAAD သည် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

Terminal Hight Attitude Area Defense (THAAD)
 အမေရိကန်က သူ၏ ကမ္ဘာလုံးဆိုင်ရာ ဒုံးခွင်းဒုံးစနစ်များ တပ်ဆင်မှု အစီအစဉ်သည် ရုရှားနှင့် တရုတ်တို့၏ ရန်ကို ကာကွယ်နိုင်ရန် အဓိကရည်ရွယ် ထားခြင်းဖြစ်သည်။ အထူးသဖြင့် THAAD ဒုံးပျံ ကာကွယ်ရေးစနစ် များသည် တရုတ်တို့၏ ဒုံးပျံများကို အဓိက ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၇ ခုနှစ် ကတည်းက အမေရိကန်တို့ စတင်ခဲ့သည့် အစီအစဉ် ဖြစ်သည်။ ယခု ထိုဒုံးပျံ ကာကွယ်ရေး စနစ်များသည် တရုတ်၏ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံသို့ သူ၏ ရည်ရွယ်ချက် အတိုင်း အလိုအလျောက် ရောက်ရှိလာပြီ ဖြစ်သည်။

မြောက်ကိုရီးယားက အောင်မြင်မှုဟု ကြွေးကြော်ချက်သည် အမေရိကန်စစ်တပ် အာရှ-ပစိဖိတ် တွင် ပိုမို ခြေကုပ်ယူနိုင်ဖို့ အတွက် အကြောင်းပြချက် ဖြစ်လာခဲ့သည်။ ထို့ပြင်၂ဝ၂ဝ ပြည့်နှစ်တွင် အမေရိကန်၏ စစ်အင်အား ထက်ဝက်ခန့် အာရှ-ပစိဖိတ် တွင်ရောက်ရှိရန် မြောက်ကိုရီးယား သည် အဓိက အကြောင်းပြချက် ကောင်းသည့် သားကောင်တစ်ကောင် ဖြစ်လာခဲ့သည်။ အာရှ ချိန်ခွင်လျှာကို ထိန်းညှိရန် သူ့စစ်တပ် ၅ဝ ရာခိုင်နှုန်း ကို အာရှ-ပစိဖိတ် တွင် ထားမည်ဟု အမေရိကန် က ကြွေးကြော်ထား သော်လည်း ခိုင်လုံသည့် အကြောင်းပြချက် မရှိလျှင် တရုတ်နှင့် ထိပ်တိုက်တွေ့ဆုံ ရနိုင်သည်။ ယခုတော့ အမေရိကန် အတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားခဲ့သည်။

F-22 အုပ်စုများလည်း တောင်ကိုရီးယား ကို ထပ်ရောက်လာသည်။ ထို့ပြင် မြေပြင်တပ်သားအင်အား ၂၅ဝဝဝ အထိလည်း တောင်ကိုရီးယား၌ အမေရိကန်က ထားရှိဦးမည်။ ဂျပန်၌လည်း သူ၏အဆင့်မြင့်ဆုံး ရေဒါစနစ်ကို အကြောင်းပြချက် ကောင်းကောင်းဖြင့် ထားရှိဦးမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်၏ စစ်ရေးအရ လွှမ်းမိုးမှု၊ ရည်ရွယ်မှုများကို ရိပ်မိသော တရုတ်က တောင်ကိုရီးယား၌ THAAD လေကြောင်းရန် ကာကွယ်ရေး စနစ်များ ထားရှိခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ရုရှားကလည်း တရုတ်နည်းတူ အမေရိကန် အား ကန့်ကွက်ခဲ့သည်။

အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ လေကြောင်း ကာကွယ်ရေးစနစ် အစီအစဉ်အား အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ခဲ့ပါက ရုရှားရော တရုတ်ပါ အမေရိကန်ကို ရာနှုန်းပြည့် ခြိမ်းခြောက် နိုင်တော့မည် မဟုတ်တော့ သောကြောင့်ဖြစ်သည်။ အမေရိကန် ကလည်း တရုတ်ကို အာရှတွင် အဓိက ပစ်မှတ်ထားလာ သောကြောင့် အမေရိကန် ဒေါ်လာသန်း ၈ဝဝ တန်ဖိုးရှိ သည့် အလွယ်တကူ ရွှေ့ပြောင်းနိုင်သော လေကြောင်းရန် ကာကွယ်ရေး စနစ်အား မြောက်ကိုရီးယား ကို အကြောင်းပြပြီး တောင်ကိုရီးယား ၌ တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

THAAD များ ဥရောပ၌ ချထားရေးအဆိုကို အိုဘားမား က ချက်ချင်း ပယ်ချခဲ့သည်။ သို့သော်လည်း တောင်ကိုရီးယားတွင် ချထားရန်ကိစ္စကို ချက်ချင်းလက်ခံ ခဲ့သည်။ ဥရောပ၌ ရုရှားကို အားပြိုင်ရန် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့နေတိုး ရှိသည်။ အာရှ-ပစိဖိတ် တွင် တရုတ်ကို အားပြိုင်ရန် အမေရိကန်၌ လုံလောက်သည့် အင်အားမရှိပေ။ ထို့ကြောင့် အမေရိကန်က တောင်ကိုရီးယား၌ သူ၏ အကြီးမားဆုံး စစ်အခြေစိုက် စခန်းတစ်ခုကို ထားလိုခြင်း ဖြစ်သည်။

B-52 Rolling Thunders and Stealth Bomber
အကယ်၍ အိုဘားမားသာ နောက်ထပ် စိုးရိမ်စိတ် ပြပြီး THAAD အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး စနစ်အပြင် နျူကလီးယား လက်နက်ပစ်လွှတ် နိုင်သော  ရေငုပ်သင်္ဘော များနှင့် နျူကလီးယား လက်နက်တင် ဆောင်နိုင်သော B-52 ဗုံးကြဲလေယာဉ် များပင် တောင်ကိုရီးယား ကို ရောက်ရှိ လာနိုင် သေးသည်။ THAAD သည် အမေရိကန်တို့ အာရှ-ပစိဖိတ် ကို သူ့စစ်တပ် ၅ဝ ရာခိုင်နှုန်း ချထားမည်ဟု ကြွေးကြော်အပြီး ပထမဆုံးနှင့် တန်ဖိုးအကြီးဆုံး လှုပ်ရှားမှုဖြစ်သည်။ ယခု F-22 အုပ်စု ချထားရေးကတော့ အမေရိကန်၏ ဒုတိယမြောက် ဗျူဟာဖြစ်သည်။ F-22 အုပ်စုတစ်စု ချထားဖို့သည် အမေရိကန် ဒေါ်လာ သန်း ၁၅ဝ ကျော် ကုန်ကျမည် ဖြစ်သည်။

အာရှ-ပစိဖိတ်တွင် အမေရိကန် ဖယ်ထုတ်နိုင်ရေး တရုတ်က ကြွေးကြော် နေချိန်တွင် အမေရိကန်က သူ့ စစ်အင်အားကို အလုံးအရင်းနှင့် ဝင်လာသည်။ တရုတ်နှင့် အဆင်မပြေသော နိုင်ငံများကို စစ်ရေး အကူအညီများ တိုးမြှင့်ပေးသည်။ ထိုဗျူဟာသည် တရုတ်တို့သုံးသော ဗျူဟာဖြစ်သည်။ တရုတ်က အမေရိကန်နှင့် မသင့်သော ကမ္ဘာ့ပေါ်ရှိ မည်သည့်နိုင်ငံ ကိုမဆို စီးပွားရေး၊ စစ်ရေး အကူအညီ ပေးသည်။

တရုတ်၏ မြေပြင်မှ ဝေဟင်ပစ် HQ-9 စနစ်
ယခု တရုတ်တို့ သူ့နည်းနှင့်သူ့ကို ပြန်လည် အသုံးချခံ နေရသည်။ တရုတ်တို့ လွှမ်းမိုးနိုင်ရန် ကြိုးစားရင်း ခက်သည်ထက် ခက်လာသော နိုင်ငံသည် တရုတ်(တိုင်ပေ) ဖြစ်သည်။ ယခုတရုတ်နှင့် ပွင့်လင်းပြီး ပြတ် သားသော ဆက်ဆံရေး မူဝါဒကို ကျင့်သုံးမည့် တရုတ်(တိုင်ပေ) ၏ အမျိုးသမီး သမ္မတ ချိုက်ယင်းဝမ် လည်း တက်လာဦးမည်။ အမေရိကန်နှင့် ဆက်ဆံရေး ကလည်း ကောင်းသည်ထက် ကောင်းလာသည်။ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကျော် တန်ဖိုးရှိသည့် စစ်လက်နက် ပစ္စည်းများကိုလည်း တရုတ် (တိုင်ပေ)သည် အမေရိကန်တို့ ထံမှ ဝယ်ယူထားသည်။

ထို့ကြောင့် တရုတ်(တိုင်ပေ) ဖိအားသည် တရုတ်တို့ အပေါ်သို့ ရောက်လာခဲ့သည်။ တရုတ်နယ်နိမိတ် ဝန်းကျင်တွင် အမေရိကန် အင်အား စိမ့်ဝင်နိုင်သကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် တရုတ်(တိုင်ပေ) ကို အကြောင်းပြပြီး ယခု တရုတ်သည် တောင်တရုတ် ပင်လယ်ပြင်၌ ဒုံးပျံစနစ်များ တပ်ဆင်ေ တာ့မည် ဖြစ်သည်။ တရုတ်(တိုင်ပေ) အစိုးရ၏အဆို အရ တရုတ်(တိုင်ပေ) နှင့် အငြင်းပွား ပိုင်နက်ကျွန်းတွင် တရုတ်တို့က HQ-9 မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစနစ်များကို တပ်ဆင်နေသည်ဟု ဆိုသည်။ အမေရိကန်၏ အင်အားကို ဖယ်ထုတ်ချင် နေသော တရုတ်သည် အမေရိကန်က တောင်ကိုရီးယား၌ စစ်အခြေစိုက် စခန်းကြီးတစ်ခု သဖွယ် စီစဉ်နေသည် ကတစ်ကြောင်း၊ တောင်တရုတ် ပင်လယ်ပြင် အငြင်းပွား နိုင်ငံများကို အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီသည့် လက်နက်များ ရောင်းနေသည်က တစ်ကြောင်း စသည့် အချက်များကြောင့် ယခုနှစ်တွင် သူ (တရုတ်) ၏ စစ်အသုံးစရိတ်ကို ၃ဝ ရာခိုင်နှုန်း အထိ တိုးမြှင့် အသုံးပြုရန် စဉ်းစားနေရသည်။

ထို့ကြောင့် တောင်ကိုရီးယား ၌ အမေရိကန်၏ THAAD ဒုံးခွင်းစနစ် အပါအဝင် စစ်အင်အား တိုးမြှင့်မှုများနှင့် အကြီးဆုံး စစ်အခြေစိုက် စခန်းကြီးတစ်ခု သဖွယ် စီစဉ်နေခြင်းသည် တရုတ်၊ အမေရိကန်နှင့် အာရှ-ပစိဖိတ် ချိန်ခွင် လျှာ ညှိရေးတွင် တရုတ်ကို အကြီးမားဆုံးသော ထိုးနှက်ချက် တစ်ခု ဖြစ်နေပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger