www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 22, 2016

အဖိုးတန်ဒီရေတောများကို ကာကွယ် ထိန်းသိမ်းသင့်



အဖိုးတန်ဒီရေတောများကို ကာကွယ် ထိန်းသိမ်းသင့်

ကမ္ဘာ့လူဦးရေ တိုးလာမှုနှင့် အတူ လောင်စာအတွက် အသုံးပြုရန် ပိုမိုလိုအပ် လာသည့် သစ်၊ ထင်း၊ မီးသွေး အစရှိသည် တို့ကို ဒီရေတောမှ ထွက်သည့် သစ်ပင်များဖြင့် ပြုလုပ် သုံးစွဲခြင်းသည် ဒီရေတောများ ရေရှည်
တည်တံ့မှုကို ဖျက်ဆီးရာ ရောက်သည့် အပြင် ရေရှည်နှင့် ရေတို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မည့် အကျိုးဆက်အား ကြိုတင်လေ့လာ ဆန်းစစ်ခြင်း မရှိဘဲ ဒီရေတော များကို မြေယာအဖြစ် ပြောင်းလဲ အသုံးချခြင်း၊ ကုန်းတွင်းပိုင်းရှိ စက်မှု လုပ်ငန်းများနှင့် လယ်ယာ လုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ် အညစ်အကြေး များကြောင့် ဒီရေတော များစွာပျက်စီး ကြရသဖြင့် အဖိုးတန် ဒီရေတော များအား ထိန်းသိမ်း သင့်ကြောင်း သိရသည်။

ထို့ပြင် ဒီရေတော ဧရိယာအတွင်း ရှိ ဒီရေ အတက်အကျ ရှိသော ချောင်းနှင့်ရိုးငယ် များကို ပိတ်ဆို့၍ တာတမံ ပြုလုပ်ခြင်းများ သည်လည်း သဘာဝ ရေစီးရေလာ စနစ်များ ပျက်စီးစေကာ ဒီရေတော အပင်များ အတွက် ပုံမှန် ရေချို၊ ရေငန်နှင့် အစာ အာဟာရ ထောက်ပံ့မှုများ ပျက်စီးကြ ရသည်။ အဆိုပါ ပျက်စီးမှု များကြောင့် ဒီရေတော သစ်မျိုးများ သာမက ဒီရေတောများ၌ ကျက်စား ရှင်သန် ကြသည့် သက်ရှိ သတ္တဝါများ ဖြစ်သော ငါး ၆၅ မျိုး၊ ပုစွန် ၁၃ မျိုး၊ ကဏန်းလေးမျိုး၊ ကမာကိုးမျိုး၊ ခရု၊ ခုံး၊ မိကျောင်း စသည့် နို့တိုက် သတ္တဝါများ၊ ငှက်မျိုးစိတ်ပေါင်း ၃ဝ ကျော်နှင့် ပင်လယ်လိပ် သုံးမျိုး ဆက်လက် ရှင်သန် ရပ်တည်နိုင်ရန် အခက်အခဲများ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ မှသည် တနင်္သာရီတိုင်း ဒေသကြီးအထိ ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်စပ်လျက် ၂၈၃၂ ကီလိုမီတာ ကျော် ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင် ကုန်းတွင်းပိုင်း ဂေဟစနစ် များနှင့် ပင်လယ်ပြင်ဂေဟစနစ်များ အကြား ဆက်စပ်ပေးသည့် ဒီရေတော မြောက်မြားစွာ တည်ရှိသည်။ အလားတူ ကျွန်းပေါင်း ထောင်ချီ တည်ရှိပြီး အဆိုပါကျွန်းများ တွင်လည်း ဒီရေတောများ အပါအဝင် တခြားတောများ ရှင်သန် ပေါက်ရောက်လျက် ရှိသည်။

ဒီရေတောများသည် လေပြင်း မုန်တိုင်းဒဏ် ကာကွယ်ပေးခြင်း၊ ပင်လယ်လှိုင်းဒဏ် ကာကွယ်ခြင်း၊ မြစ်ရေ ကြီးခြင်းကို သက်သာစေခြင်း၊ မြစ်ကမ်း ပါးပြိုခြင်းကို သက်သာစေ ခြင်း၊ ဒီရေတော အတွင်းနုန်းများ အနည်ထိုင် ခြင်းကြောင့် ရေကြောင်း သွားလာမှု ကောင်းမွန် စေခြင်း၊ မြစ်ရေ အညစ်အကြေး များကို သန့်စင်စေခြင်း၊ မြေဆီလွှာ အတွင်း ဆားငန်ရည် ထိုးဖောက်မှုကို ကာကွယ်ခြင်း၊ ရေစီးအား နှင့် ဒီရေ အတက်အကျကို မျှတစေခြင်း၊ ငါး၊ ပုစွန်၊ ကဏန်းစသော ရေသတ္တဝါတို့ ခိုအောင်းရာ နေရာဖြစ်ခြင်း၊ သားငှက် တိရစ္ဆာန်တို့ ကျက်စားရာ ဒေသဖြစ်ခြင်း၊ ဒီရေတော သဘာဝဆိုင်ရာ ပညာရပ်များ လေ့လာနိုင် ခြင်းနှင့် သုတေသန ပြုနိုင်ခြင်း၊ အပန်းဖြေ ခြင်းနှင့် သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းနိုင် ခြင်းနှင့် ပင်လယ်ကမ်းနီး ဒေသ သန္တာ ကျောက်တန်းများ ပျက်စီးမှုကို ကာကွယ် ပေးနိုင်ခြင်း စသည်ဖြင့် အကျိုးပြု နိုင်ကြောင်း သိရသည်။

ဒီရေတောများ ပျက်စီးပြုန်းတီး မှုကြောင့် ရေထွက်ပစ္စည်း များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်းများ အထွက်နှုန်း ကျဆင်းလာခြင်း နှင့်အတူ ဒီရေတောနှင့် တစ်ဆက် တစ်စပ်တည်း တောများတွင် ကျက်စား နေထိုင်သည့် ဆင်၊ တောဝက်၊ ဂျီ၊ ဆတ်၊ ဒရယ်၊ မျောက်၊ မိကျောင်း၊ လင်းပိုင်၊ လင်းရှူး၊ လိပ်နှင့် ရေပျော်ငှက် များပါ ရှားပါး ပျောက်ကွယ် လာသည်။ အလားတူ မြစ်၊ ချောင်း၊ ပင်လယ် ကမ်းပါးများ အထိန်းအကျောင်း မရှိသဖြင့် ပြိုပျက်လာခြင်း၊ ရေတိုက်စားခြင်း၊ ပင်လယ် သမုဒ္ဒရာ ရေအောက်ပိုင်းရှိ ပင်လယ် မြက်ခင်းများ၊ သန္တာ ကျောက်တန်း များပါ ပျက်စီးပြုန်းတီး လာခြင်းနှင့် ရေနက်ဒေသ ရေနေသတ္တဝါ များပါ အဆိပ်သင့် မျိုးသုဉ်းပျက်စီး စေသည်အထိ ဆိုးကျိုးများ ဖြစ်ပေါ်လာကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger