www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 23, 2016

ဖခင်စိတ်နှင့် တပ်မှူးစိတ်ယှဉ်၍ လုပ်သင့်လုပ်ထိုက် သည်များကို မှန်မှန်ကန်ကန် လုပ်ဆောင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောတပ်နယ် ရှိ စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများကို တွေ့ဆုံအမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၃-၂-၂၀၁၆

သင်တန်းကျောင်း ၊ လေ့ကျင့်ရေးကျောင်း များသည် အဆင့်မြှင့်တင် ပေးသည့်ဌာနများ ဖြစ်ကြောင်း ၊ ပြောင်းလဲနေသည့် စစ်လက်နက် ပစ္စည်း အသုံးအဆောင်များ စစ်နည်းဗျူဟာ များကို စဉ်ဆက်မပြတ် လေ့လာနေရန် လိုအပ်ကြောင်း၊ ယင်းတို့ကို လေ့ကျင့်ရေးကျောင်း၊ သင်တန်းကျောင်း တွင် သိရှိ နားလည်အောင် ကျွမ်းကျင်မှု ရှိအောင် လေ့ကျင့်ပေး ရမည် ဖြစ်ကြောင်း၊ ထိုသို့ သင်တန်းကျောင်း များမှ လေ့ကျင့် သင်ကြား ပေးလိုက်သည့် စစ်အတတ် ပညာများ၊ အုပ်ချုပ် ထောက်ပံ့မှု ဆိုင်ရာများကို လက်တွေ့ နယ်ပယ်တွင် လိုက်နာ အသုံးချရမည် ဖြစ်ကြောင်း၊ အနာဂတ် တာဝန်များပေးရန် လေ့ကျင့် သင်ကြားပေးသည့် သင်တန်းဖြစ်၍ ကိုယ့်ကိုယ်ကို ထိန်းသိမ်း၍ ကြိုးစား အားထုတ်ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကလောတပ်နယ် မှ စစ်ဦးစီး တက္ကသိုလ် သင်တန်းသား အရာရှိကြီးများကို ယမန်နေ့ နံနက်ပိုင်း၌ တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လည်း ခေါင်းဆောင်မှု ကောင်းမွန်မှသာ တပ်များ စွမ်းရည် ထက်မြက် ကောင်းမွန်မည် ဖြစ်ကြောင်း၊ ဖခင်စိတ်နှင့် တပ်မှူးစိတ် ယှဉ်၍  လုပ်သင့်လုပ်ထိုက် သည်များကို မှန်မှန်ကန်ကန် လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်၏ အုပ်ချုပ်မှုသည် တပ်၏ လုပ်ဆောင်ချက်များ အပေါ် အကျိုး သက်ရောက်မှု များစွာ ရှိသဖြင့် ဖခင်စိတ်ဖြင့် ညီညွှတ် မျှတစွာ အုပ်ချုပ်ကြရန် လိုကြောင်း၊ တစ်ဖက်တွင်လည်း တပ်မှူးစိတ်ဖြင့် ရဲဝံ့ ပြတ်သားစွာ ဦးဆောင်မှု ပေးရသည်များ ရှိကြောင်း “ငါပြော သလိုလုပ်၊ ငါလုပ် သလိုလုပ်”  ဟု ပြတ်သားစွာ ဦးဆောင်မှု ပေးရာတွင် မိမိပြောဆို လုပ်ကိုင်မှုများ မှန်ကန်မှသာ လက်အောက်မှ ယုံကြည် လေးစားမှု ရရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး လုပ်ငန်းတာဝန် ဆောင်ရွက်ရာတွင် အချိန်လေးစားမှု ရှိရန် လိုအပ်သကဲ့သို့ သတ်မှတ်သည့် အချိန်နှင့် ထိုက်တန်သည့် လုပ်ငန်းများ ပြီးစီးရေးကိုလည်း ကြပ်မတ်သွားရန် လိုကြောင်း၊ တာဝန် လေးစားမှုနှင့် ပတ်သက်၍ တစ်ဦး၏ တာဝန်ကို တစ်ဦးက လေးစားရမည် ဖြစ်ကြောင်း၊  မိမိတာဝန်အပေါ် ကိုယ်တိုင် လေးလေးစားစား လုပ်ဆောင် သကဲ့သို့ လက်အောက်က မှန်ကန်စွာ လုပ်ဆောင်စေရန် ဦးဆောင်မှု ပေးရမည် ဖြစ်ကြောင်း ၊လုပ်ငန်း တာဝန်ထမ်း ဆောင်မှုများကို  တန်ဖိုးထားရန် လိုကြောင်း ပြောကြားသည်။

ကျန်းမာရေးနှင့် ပတ်သက်၍လည်း တပ်များတွင် ဆရာဝန် ဆေးမှူးများ တာဝန်ပေးအပ် ထားပြီး ဖြစ်သောကြောင့် ကျန်းမာရေး ပညာပေးမှု၊ ကြိုတင် ကာကွယ်မှု၊ ဆေးကုသမှု များတွင် ထိရောက်စွာ လုပ်ဆောင်ပေး ရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ကျန်းမာရေး စစ်ဆေးမှုများ မှန်မှန်ကန်ကန် ဆောင်ရွက် ပေးရန်လိုကြောင်း၊ လေ့လာ သုတေသနပြုမှု အရ မိမိနိုင်ငံ၏ မျှော်မှန်းချက် သက်တမ်း ၆၆ နှစ်ဟု ခန့်မှန်းကြ ပါကြောင်း၊ တပ်မတော်သား များ မိသားစုဝင်များ အနေဖြင့် မျှော်မှန်း သက်တမ်း ကျော်လွန်စွာ နေထိုင်နိုင်ရန် ကျန်းမာရေး ထိန်းသိမ်းမှု၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အလေးထား ဆောင်ရွက်ပေးရန် မှာကြားသည်။

ထိုအပြင် အားကစား ဆောင်ရွက်ခြင်းဖြင့် တပ်မတော်သား များ၏ ကျန်းမာ ကြံ့ခိုင်မှု၊ စိတ်ဓာတ် မြင့်မားမှုကို တိုက်ရိုက် အထောက်အကူပြု သောကြောင့်  နည်းစနစ် တကျဖြင့် လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ အားကစား မြှင့်တင်ခြင်းဖြင့် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေး စွမ်းအားများ မြှင့်တင် ရာ ရောက်သည့်အပြင် နိုင်ငံတော် အားကစား မြှင့်တင်ရေး ကိုလည်း အထောက်အကူ ပြုကြောင်း ထည့်သွင်း ပြောကြားသည်။

ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရာတွင် တပ်မတော် အနေဖြင့် ယင်းစနစ် ခိုင်ခိုင်မာမာ ရှိစေရန်အတွက် ဥပဒေနှင့် အညီ မှန်ကန်စွာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် နိုင်ငံပြုပြင် ပြောင်းလဲမှု ကာလအတွင်း ပြိုကွဲသွားသည့် နိုင်ငံများ ရှိကြောင်း၊ မိမိနိုင်ငံ အနေဖြင့် ဒီမိုကရေစီ သက်တမ်း ၅ နှစ် ခန့်သာ ရှိသေးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါအတိုင်း ပြင်သင့် ပြင်ထိုက်သည့် အချက်များကို သင့်လျှော်သည့် အချိန်တွင် ပြုပြင်ရမည် ဖြစ်ကြောင်း၊ အဓိကမှာ ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်ရန် ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုသည် ဒီမိုကရေစီတွင် မရှိမဖြစ် လိုအပ်ကြောင်း၊ အလားတူ တရားဥပဒေ စိုးမိုးရေး ရှိရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို မဖြစ်မနေ ဖြေရှင်းရမည် ဖြစ်ကြောင်း၊ လက်နက် စွဲကိုင်ပြီး ဒီမိုကရေစီ ဖော်ဆောင်၍ မရနိုင်ကြောင်း၊ ဒီမိုကရေစီ စနစ်ကို လက်ခံပါက လက်နက် စွန့်လွှတ်၍ တရားဥပဒေနှင့် အညီသာ ရယူလိုသည့် တောင်းဆိုမှုများ ပြုလုပ် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တည်ငြိမ် အေးချမ်းမှုနှင့် စည်းလုံး ညီညွတ်မှု မရှိပါက နိုင်ငံဖွံဖြိုး တိုးတက်မှု မရှိနိုင်ကြောင်း၊ တစ်ဖက်မှလည်း နိုင်ငံဖွံဖြိုး တိုးတက်ရန် အတွက် ပညာတတ်များ ပေါကြွယ်ဝ စေရန် ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပညာရေးဆိုင်ရာ အချက်အလက်များ အရ ၂၀၀၄ ခုနှစ်တွင် သူငယ်တန်း တက်ရောက်သူ ၁၂ သိန်းကျော်ရှိရာ ၂၀၀၉ ခုနှစ်တွင် ပဉ္စမတန်း တက်ရောက်သူ ၆ သိန်းသာရှိ၍ မူလတန်း အဆင့်တွင်ပင် ၄၉ ရာခိုင်နှုန်းခန့် လျော့နည်း သွားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် န၀မတန်း တက်ရောက်သူ ၃ သိန်း ၇ သောင်းသာ ရှိသဖြင့် မူလတန်း၊ အလယ်တန်း အဆင့်တွင် ၇၀ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း ၂၀၁၄ ခုနှစ် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ ၃၅၉၀၀၀ ဦးရှိရာ ၁၂၀၀၀၀ ဦး အောင်မြင်၍ သူငယ်တန်းမှ တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီး တက္ကသိုလ်ပညာ ဆည်းပူးနိုင်သူ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း၊ အလားတူ ၂၀၀၅ ခုနှစ် သူငယ်တန်း တက်ရောက်သူ ၁၁၅၀၀၀၀ ဦးရှိပြီး ၂၀၁၀ ခုနှစ်တွင် ပဉ္စမတန်း တက်ရောက်သူ ၆၄၀၀၀၀ ဦးရှိသဖြင့် ၅၆ ရာခိုင်နှုန်း ခန့်သာ ရောက်ရှိ ခဲ့ကြောင်း၊ န၀မတန်းသို့ ရောက်ရှိချိန်တွင် ၄၁၀၀၀၀ ဦးရှိပြီး ၃၅ ရာခိုင်နှုန်း ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်း ရောက်ရှိသူ ၃၅၀၀၀၀ ဦးရှိသဖြင့် ၃၀ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ထို့ကြောင့် အနာဂတ် နိုင်ငံတော် အတွက် ပညာတတ်များစွာ လိုအပ်နေကြောင်း၊ တပ်မတော် အနေဖြင့်လည်း တပ်မတော်သား များသာမက တပ်မတော်သား မိသားစုဝင် များကိုပါ ပညာရည် မြှင့်တင်ရေး စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိမိတို့၏ သားသမီးများ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင် စီမံဆောင်ရွက် ပေးရမည်ဖြစ်ပြီး တပ်မတော်သား မိသားစုဝင်များ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်အောင် ရည်မှန်းချက်ထား လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ စစ်မှုထမ်းဘ၀မှ အငြိမ်းစား ယူချိန်တွင်လည်း ဘ၀နောင်ရေး စိတ်အေးရစေရန် စစ်မှုထမ်းဟောင်း အိမ်ရာများ၊ စစ်မှုထမ်းဟောင်း ဘိုးဘွားရိပ်သာ များကိုပါ ဆောင်ရွက်ပေး နေကြောင်း ရှင်းလင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောတပ်နယ် မှ စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ စစ်ဦးစီးတက္ကသိုလ် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု လေ့လာစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ သင်တန်းသား စားရိပ်သာတွင် သင်တန်းသား အရာရှိကြီးများနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်ပန်းတပ်နယ် တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူ နေကြသူများအား ဆေးကုသမှုဆိုင်ရာများနှင့် ကျန်းမာရေး အခြေအနေများ မေးမြန်းကာ အားပေးစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်ပန်းတပ်နယ်ရှိ တပ်မတော် ပညာရေးကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စစ်သည်များကို တွေ့ဆုံအမှာစကား ပြောကြားစဉ်

  တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် နည်းပြ အရာရှိကြီးများ၊ ဒုတိယဗိုလ်မှူးကြီး အဆင့် သင်တန်းသား အရာရှိကြီး ၂၂၀ ဦး တက်ရောက် ခဲ့ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီချုပ်နှင့် အဖွဲ့သည် သင်တန်းသား စားရိပ်သာတွင်း သင်တန်းသား အရာရှိကြီးများနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

ထို့နောက် စစ်ဦးစီးတက္ကသိုလ် ကျောင်းစာကြည့်တိုက် သို့ သွားရောက်၍ လှည့်လည် ကြည့်ရှုလေ့လာ ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စာအုပ်ဟောင်း များသည် ဖတ်ရှုခြင်း မပြုရသေးသူ အတွက် အသစ်ပင် ဖြစ်၍ စာအုပ်များအား စနစ်တကျ ထိန်းသိမ်း ထားရှိရေး၊ စာအုပ်ထားသိုမှု၊ ငှားရမ်းမှုများ စနစ်တကျ ရှိရေး၊ ဘာသာရပ် အလိုက် စာအုပ်များ စုံလင်စွာ ထားရှိပြီး သင်တန်းသား များနှင့် နည်းပြ အရာရှိများ အတွေးအခေါ် မြင့်မား စေရေးကို အထောက်အကူ ပြုသည့် စာဖတ်ရှိန် မြှင့်တင်ရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် သင်ကြားမှု အထောက်ကူပြု LCD Display Wall ဆိုင်ရာများ ရှင်းလင်းတင်ပြမှုကို ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အောင်ပန်းတပ်နယ် တပ်မတော်ဆေးရုံ အစည်းအဝေး ခန်းမတွင် ဆေးရုံတပ်မှူး က တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ် ဆောင်ရွက်နေမှုနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒေသခံပြည်သူ များအား ဆေးကုသရေး ဆောင်ရွက်ပေး နိုင်မှု အခြေအနေ များကို ရှင်းလင်း တင်ပြချက်များ အပေါ် ဆေးကုသရေး နှင့် အုပ်ချုပ်မှု ဆိုင်ရာ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး တပ်သာယာ လှပရေး၊ စိမ်းလန်းစိုပြည်ရေး အတွက် မဖြစ်မနေ သစ်ပင် စိုက်ပျိုးရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအင်အား အနည်းဆုံးဖြင့် ထိရောက် အောင်မြင်မှု ရအောင် ဆောင်ရွက်ရန်၊ သက်သာ ချောင်ချိရေး လုပ်ငန်းများကို ချမှတ်ထားသည့် မူဝါဒများနှင့် အညီ လုပ်ဆောင်ရန် တို့အား မှာကြားသည်။

ယင်းနောက် ဆေးရုံရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြသော အရာရှိ၊ စစ်သည်၊ မိသားစုဝင် များကို တစ်ဦးချင်း လိုက်လံကြည့်ရှု၍ ဆေးကုသမှု ဆိုင်ရာများနှင့် ကျန်းမာရေး အခြေအနေ များကို မေးမြန်းကာ အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် အောင်ပန်းတပ်နယ် ရှိ တပ်မတော် ပညာရေးကျောင်း တွင် တက္ကသိုလ် ဝင်တန်း ဖြေဆိုမည့် စစ်သည်များနှင့် တိုင်းရင်း သား ဘာသာစကား သင်တန်းများ တက်ရောက် နေကြသော စစ်သည်များကို သက်ဆိုင်ရာ သင်တန်းအလိုက် လိုက်လံ တွေ့ဆုံပြီး သင်ကြား ပေးသည့် သင်ခန်းစာ များကို ကြိုးစားသင်ကြား ကြရန် မှာကြားသည်။

ယင်းနောက် ကျောင်းအုပ်ကြီး ရုံးခန်းတွင် ပညာရေး သင်တန်းများ ဖွင့်လှစ်သင်ကြား နေမှုကို ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် က တပ်မတော်သား များ ပညာရည် မြှင့်တင်ရေး အတွက် ပညာရေး သင်တန်းများကို အချိန်၊ လုပ်အား၊ ငွေကြေးများစွာ သုံးစွဲဖွင့်လှစ် ပေးနေခြင်း ဖြစ်၍ သင်တန်းသား များအနေဖြင့် စိတ်ပါ ဝင်စားစွာ အတန်းလိုက် အောင်မြင်အောင်၊ ပညာ တတ်မြောက်အောင် ကြိုးစား သင်ယူရေး၊ နည်းပြများ ကလည်း တန်းစဉ် ကူးပြောင်း သင်ကြားရမည် ဖြစ်၍ သင်တန်းသားများ အမှန်တကယ် တတ်မြောက် အောင် စေတနာထား၍ သင်ကြားပေး ရေးနှင့် သင်တန်းကာလ အတွင်း စည်းကမ်း လိုက်နာမှု ကောင်းမွန် စေရေး တို့အား ဖြည့်စွက် မှာကြားခဲ့သည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger