www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 29, 2016

တိုင်းပြည်ကို တပ်မတော်၏ အကာအကွယ်အောက်တွင် မယိမ်းမယိုင် ရှိနေစေရေးနှင့် ပြည့်စုံလုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် အလေးထား လုပ်ဆောင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်တပ်နယ်ရှိ အရာရှိ ၊ စစ်သည် ၊ မိသားစုများကို တွေ့ဆုံ အမှာစကား ပြောကြားစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်တပ်နယ်ရှိ အရာရှိ ၊ စစ်သည် ၊ မိသားစုများ အတွက် သုတရသစာအုပ်စာစောင် များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ ပုသိမ်တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေ များ ပေးအပ်စဉ်

နေပြည်တော် ၊ ၂၉-၂-၂၀၁၆

မိမိတို့၏ အဓိကတာဝန် ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး ကို အပြည့်အ၀ ထမ်းဆောင်နိုင်ရန် စွမ်းရည်ရှိသည့် တပ်များ ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နိုင်ငံ့အရေးကို သိရှိနားလည်ပြီး မိမိတပ်၏ လုပ်ငန်း တာဝန်များ ၊ တပ်မတော်၏ လုပ်ငန်းများကို မလစ်ဟင်းစေဘဲ မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်ကို တပ်မတော်၏ အကာအကွယ် အောက်တွင် မယိမ်းမယိုင် ရှိနေစေရေး နှင့် ပြည့်စုံလုံခြုံစွာ ကာကွယ် စောင့်ရှောက် နိုင်ရေးအတွက် အလေးထား လုပ်ဆောင် သွားကြ၇န် တိုက်တွန်းလိုကြောင်း ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပုသိမ်တပ်နယ် နှင့် ဟိုင်းကြီးကျွန်း ရှိ ပမ္မ၀တီ ရေတပ်စခန်း ဌာနချုပ် တို့မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများကို သီးခြားစီတွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အဖွဲ့ဝင်များနှင့် အတူ ယမန်နေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် ဧရာဝတီ ခန်းမ၌ ပုသိမ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတရသ စာအုပ်စာစောင် များနှင့် စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ က မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေ များကို လည်းကောင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်ချုပ် အောင်ကျော်ဇော က အားကစားပစ္စည်း များကို လည်းကောင်း အသီးသီး ပေးအပ်ကြရာ တိုင်းမှူး နှင့်တာဝန်ရှိသူ များက လက်ခံရယူ ကြသည်။

၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။ ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဟိုင်းကြီးကျွန်း၊ ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ ပမ္မဝတီခန်းမ တွင် ရေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံ အမှာစကား ပြောကြားပြီး တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်စက်ရုံ များမှ ထုတ်လုပ်သော စားသောက်ကုန် များနှင့် အဝတ်အထည် များကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ က မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေ များကို လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း က စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အားကစားပစ္စည်း များကို လည်းကောင်း အသီးသီး ပေးအပ်ကြပြီး တွေ့ဆုံပွဲသို့ တက်ရောက် လာကြသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

တွေ့ဆုံပွဲများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တိုက်စွမ်းရည် ရှိရန် လေ့ကျင့်ရေး (Training) များ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် စစ်နည်းဗျူဟာ များ၊ ကြုံတွေ့ရသည့် အခြေအနေ အပေါ် မူတည်ပြီး ချင့်ချိန်သုံးသပ် တတ်ရန်နှင့် မည်သည့် အခြေအနေတွင် ဖြစ်စေ ရင်ဆိုင်နိုင်ရန် အတွက် လေ့ကျင့်ရေး များကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် မိမိ၏လုပ်ငန်း တာဝန်အား အမြဲတမ်း အကျွမ်းတဝင် ဖြစ်နေစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ကျွမ်းကျင်မှုနှင့် ယုံကြည်မှုကို ရရှိပြီး စွမ်းရည်မြင့်မား လာမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဒီမိုကရေစီ ကျင့်သုံးမှုနှင့် ပတ်သက်၍လည်း ဒီမိုကရေစီတွင် စည်းကမ်းနှင့် ဥပဒေကို အလေးထား ရကြောင်း၊ ပြည်သူက ရွေးချယ်လိုက်သည့် ကိုယ်စားလှယ် များက သတ်မှတ် ထားသည့် ဥပဒေ၊ ပြဋ္ဌာန်းချက်များ နှင့်အညီ စီမံခန့်ခွဲပြီး သက်ဆိုင်ရာ အလိုက် ဦးဆောင်မှု ပေးရကြောင်း၊ လက်ရှိတွင်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဒီမိုကရေစီကို ဖော်ဆောင်နေကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များ သက်ဆိုင်ရာ လွှတ်တော်များတွင် ပါဝင်နေခြင်း သည်လည်း ဥပဒေနှင့် အညီသာ ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး တို့တွင် ဥပဒေနှင့် အညီ ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်ခြင်း ထက် ဒီမိုကရေစီ အား ထိန်းသိမ်း စောင့်ရှောက်ရန် အဓိက တာဝန်ရှိကြောင်း ဖြင့် ပြောကြားသည်။

ဆက်လက်၍ သမိုင်းမှတ်တမ်း များအရ တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပိုင်း များတွင်လည်း နိုင်ငံခြားသားများ၊ သွေးနှောများ ပါဝင် လုပ်ဆောင်ခြင်း နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အားနည်းချက် များကြောင့် နိုင်ငံတော် ပြိုကွဲမည့် အခြေအနေများ တွင် တပ်မတော်က တိုင်းပြည်၏ အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းကာကွယ် ခဲ့ရကြောင်း၊ ယင်း အခြေအနေ များကြောင့်လည်း တပ်မတော် အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို အထိအခိုက် မခံနိုင်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

စည်းလုံး ညီညွတ်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဆိုရှယ်လစ် စနစ်နှင့် ဒီမိုကရေစီ စနစ် အားပြိုင်မှုများ ရှိခဲ့ကြောင်း၊ ထိုအချိန်က လွတ်လပ်ရေး ဆုံးရှုံးသည့် နိုင်ငံများ၊ စစ်ဘေးစစ်ဒဏ် ခံရသည့် နိုင်ငံ အများစုသည် ဆိုရှယ်လစ် အတွေးအခေါ် အယူအဆ များကို လက်ခံကြကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးသော နိုင်ငံရေးစနစ် အရ လူပုဂ္ဂိုလ်ဆိုင်ရာ ထိခိုက်မှုနှင့် နာကြည်း ခံစားမှုများ ရှိခဲ့ကြောင်း၊ ထိုသို့ ထိခိုက်နစ်နာမှု၊ နာကြည်းမှု ခံစားချက် များကြောင့် တပ်မတော် နှင့် အစိုးရအပေါ် မကျေနပ်မှု၊ စိတ်အလိုမကျ မှုများ ဖြစ်ပေါ် စေခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် တပ်တွင်း စည်းလုံးညီညွတ် မှုကို ကျစ်လျစ် ခိုင်မာအောင် တည်ဆောက်၍ ပြည်သူ့ ဆက်ဆံရေး ကောင်းမွန်စေရန် မှန်ကန်သည့် စိတ်စေတနာဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။

တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး နှင့်ပတ်သက်၍ လက်ရှိ ရရှိနေသည့် လစာ၊ စရိတ်၊ ရိက္ခာခံစားခွင့် များသည် သင့်တင့် လျောက်ပတ်သည့် နေထိုင်နိုင်မှု တစ်ခုရှိကြောင်း၊ ယခုထက် ပိုမိုပြီး သက်သာ ချောင်ချိမှု ရရှိနိုင်ရန် အတွက် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို လုပ်ဆောင်ရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင် ရာတွင်လည်း တပ်ရန်ပုံငွေ တိုးပွားရေး အတွက် မဟုတ်ဘဲ မိမိတို့ စားသောက်ရေး အတွက် လိုအပ်ချက်ကို အဓိကထား ၍ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ပိုင်ပိုင်နိုင်နိုင် နှင့် ထိရောက် အောင်မြင်စွာ လုပ်ဆောင်ရန် လိုကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်း ဈေးကွက်တွင် ရောင်းလိုအားနှင့် ဝယ်လိုအား မျှခြေ ဖြစ်စေ၍ ကုန်ဈေးနှုန်း တည်ငြိမ်မှု ရရှိနိုင်မည် ဖြစ်ကြောင်း မှာကြားသည်။

မှန်ကန်သည့် ခေါင်းဆောင်မှုနှင့် ပတ်သက်၍ တပ်မတော်သည် ကြီးမား ခိုင်မာသည့် Institution ဖြစ်သည်နှင့်အညီ ကျီးကို ဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ ဆိုသကဲ့သို့ အပြန်အလှန် တာဝန် လေးစားပြီး မိမိတာဝန်ကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း၊ တပ်မတော်၏ ကောင်းမွန်မှုသည် ခေါင်းဆောင်မှ စ၍ လက်အောက် ငယ်သား အားလုံး၏ လုပ်ဆောင်ချက် ကောင်းမွန်မှု အပေါ်တွင် မူတည်ကြောင်း၊ အပြုသဘော ဆောင်သော မှန်ကန်သည့် ခေါင်းဆောင်မှု အောက်တွင် လက်အောက်မှ အမိန့်နာခံမှု၊ စည်းကမ်း ကောင်းမွန်မှု များဖြင့် အလိုအလျောက် လိုက်ပါလုပ်ဆောင် ကြမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် အုပ်ချုပ်မှု၊ တာဝန် ပေးအပ်မှုတို့တွင် ကျောသားရင်သား မခွဲခြားဘဲ ညီညွတ်မျှတစွာ အုပ်ချုပ်ကြ ရမည် ဖြစ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှု အောက်တွင် ကြည်း၊ ရေ၊ လေ မခွဲခြားဘဲ တပ်မတော် တစ်ရပ်လုံး စုစည်း ညီညွတ်စွာဖြင့် လိုက်ပါ လုပ်ဆောင်ကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဟိုင်းကြီးကျွန်းရှိ တပ်မတော် ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသမှုခံယူ နေသော အရာရှိ ၊ စစ်သည်များကို သွားရောက် တွေ့ဆုံ၍ ဆေးကုသ နေမှုနှင့် ကျန်းမာရေး အခြေအနေ များကို တစ်ဦးချင်း လိုက်လံ မေးမြန်းကာ အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။ ထို့အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင် များသည် ဆေးရုံတက်ရောက် ကုသမှု ခံယူနေသော မိသားစုဝင် များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိုင်းကြီးကျွန်း ၊ ပမ္မ၀တီရေတပ်စခန်း ဌာနချုပ်ရှိ အရာရှိ ၊ စစ်သည် ၊ မိသားစုများ အတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော အ၀တ်အထည် များ ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ပမ္မ၀တီရေတပ်စခန်း ဌာနချုပ်မှူး က တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ် ဆောင်ရွက် ထားရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိုင်းကြီးကျွန်း ၊ ပမ္မ၀တီရေတပ်စခန်း ဌာနချုပ်ရှိ အရာရှိ ၊ စစ်သည် ၊ မိသားစုဝင် များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိုင်းကြီးကျွန်း ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ များကို အားပေးစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ ဟိုင်းကြီးကျွန်းရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော မိသားစုဝင်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်စဉ်

ဆက်လက်၍ ရေတပ်စခန်း ဌာနချုပ်အတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးကြသည်။ ယင်းနောက် ဧည့်ရိပ်သာ ခန်းမတွင် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်မှူး က ရည်မှန်းချက် တာဝန်အပေါ် အကောင် အထည်ဖော် ဆောင်ရွက် နိုင်မှုနှင့် တပ် တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ် ဆောင်ရွက် ထားရှိမှု အခြေအနေ များကို ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပင်လယ်ပြင် လုံခြုံရေး တာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်ရေး၊ ကျွန်းနယ်မြေ ဖြစ်၍ စစ်သည် မိသားစုများ၏ သက်သာ ချောင်ချိရေးကို ထိရောက်စွာ ဆောင်ရွက် ပေးရေး၊ သစ်ပင်များ၊ လမုတော များအား စနစ်တကျ အောင်မြင်အောင် စိုက်ပျိုးရေး တို့အား မှာကြား ခဲ့သည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၊ ၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger