www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 26, 2016

မီးနှင့်ကစားရန် ကြိုးပမ်းနေသည့် တူရကီ




( ဇေယျဘုန်း )

တူရကီ အစိုးရသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ကာ့ဒ်တပ်ဖွဲ့ များကို တိုက်ခိုက်နိုင်ရေး အတွက် ယင်းနိုင်ငံ အတွင်းသို့ ကျူးကျော် ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိရာ ယင်း လုပ်ဆောင်ချက် သည် တူရကီနိုင်ငံ အတွက် အန္တရာယ် များလွန်းလှ သည်ဟု ဆိုရမည်ဖြစ်သည်။ စင်စစ်တွင် တူရကီ အစိုးရသည် ၄င်းတို့ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင်နေသည့် ကာ့ဒ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(YPG) ကို တိုက်ခိုက်ရန် ဆန္ဒပြင်းပြ နေခြင်းထက် တခြား ရည်ရွယ်ချက် တစ်ခုရှိ နေသည်။

ယင်း ရည်ရွယ်ချက်မှာ အလက်ပိုပြည်နယ် အတွင်း စစ်ရေးအရ အသာစီး ရလာပြီး နယ်မြေ အများအပြားကို ပြန်လည် ထိန်းချုပ်လျက် ရှိသည့် ရုရှားထောက်ပံ့ခံ ဆီးရီးယားတပ် များကို ဟန့်တားရန်ပင် ဖြစ်သည်။ YPG တပ်များသည် ယခုအခါ ဆီးရီးယားတပ် များနှင့် ပူးပေါင်း၍ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအား တိုက်ခိုက်လျက်ရှိပြီး တစ်ချိန်တည်း မှာပင် စစ်သွေးကြွ များ၏ အခိုင်အမာ ခြေကုပ်စခန်း များကို ပြန်လည်သိမ်းယူ နေခြင်းမှာလည်း တူရကီ အစိုးရအား ပိုမိုစိတ်ပျက် စေသည်။

တူရကီ သမ္မတ ရီဆက်တေရစ် အာဒိုဂန် သည် တူရကီနိုင်ငံ အတွင်း၌ ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အပြီးတွင် ကာ့ဒ်တိုက်ဖျက်ရေး အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရန် ဆုံးဖြတ် ခဲ့သည်။

သို့ရာတွင် YPG တပ်များကို အမေရိကန် အစိုးရက အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ အဖြစ် သတ်မှတ်ခြင်း မရှိဘဲ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များ နှိမ်နင်းရေးတွင် ပူးပေါင်းပါဝင် နေသည့် လုပ်ဖော် ကိုင်ဖက် အဖွဲ့အစည်း တစ်ခု အဖြစ်သာ ရှုမြင် နေခြင်းကြောင့် အမေရိကန် ပြည်ထောင်စု ၏ ရပ်တည်ချက် သဘောထားနှင့် စပ်လျဉ်း၍ တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူတိုးဂလူး သည် လွန်ခဲ့သည့် ရက်သတ္တပတ် အကုန်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် မေးခွန်းထုတ်ခဲ့ပြီး အမေရိကန် အစိုးရအနေဖြင့် မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် တူရကီနိုင်ငံကို အကြွင်းမဲ့ ထောက်ခံရန် တောင်းဆိုခဲ့သည်။

တူရကီ အစိုးရသည် လက်ရှိတွင် ဆီးရီးယားရှိ YPG တပ်များအပေါ် ဗုံးကြဲ တိုက်ခိုက်လျက် ရှိပြီး ဆီးရီးယားနိုင်ငံ အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့ရာ ယင်း လုပ်ဆောင်ချက် ကို နိုင်ငံတကာ အသိုက်အဝန်း က ကန့်ကွက်ခဲ့ ကြသည်။ သို့ရာတွင် တူရကီနိုင်ငံ အနေဖြင့် မိမိကိုယ် မိမိ ခုခံပိုင်ခွင့် ရှိကြောင်း၊ ယင်း အခွင့်အရေး ကို မည်သည့်နိုင်ငံ ကမျှ ကန့်ကွက်ခွင့် မရှိဟု သမ္မတ အာဒိုဂန် က ပြန်လည် တုံ့ပြန်ခဲ့သည်။

ထို့ပြင် တူရကီနိုင်ငံ၏ လုံခြုံရေး အတွက် မည်သည့် စစ်ဆင်ရေးမျိုး ကိုမဆို ဆီးရီးယား နိုင်ငံအတွင်း လုပ်ဆောင်ရန် အခွင့်အရေး ရှိသည်ဟု ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။ သို့သော် တူရကီအစိုးရ အနေဖြင့် ၄င်းတို့၏ တပ်များကို ဆီးရီးယားသို့ မစေလွှတ်မီ ကောင်းစွာ စဉ်းစားရန် လိုအပ်သည်။ လက်ရှိတွင် အာဆတ်၏ တပ်များကို ရုရှားနိုင်ငံမှ အထောက်အပံ့ ပေးထားပြီး အစိုးရတပ် များ၏ မြေပြင် ထိုးစစ်ဆင်မှု အောင်မြင်ရေး အတွက် ရုရှား တိုက်လေယာဉ် များက လေကြောင်းမှ ပစ်ကူပေးလျက် ရှိသည်။

ထို့ကြောင့် တူရကီတပ်များ ဆီးရီးယားသို့ ဝင်ရောက်လာမည် ဆိုပါက ရုရှားအစိုးရနှင့် ထိပ်တိုက်ရင်ဆိုင် ရမည်ဖြစ်သည်။ အလားတူ YPG တပ်ဖွဲ့ဝင် များသည် ဆီးရီးယား အစိုးရတပ်များနှင့် ပူးပေါင်း နေသောကြောင့် တူရကီတပ်များ အနေဖြင့် ရန်သူ အများအပြား နှင့် ရင်ဆိုင်ရဖွယ် ရှိသည်။ အကယ်၍ တူရကီအစိုးရ အနေဖြင့် ရုရှား တိုက်လေယာဉ် အား ပစ်ချမိခဲ့သည့် အမှားမျိုး ထပ်မံဖြစ်ပွား ခဲ့ပါက စိုးရိမ်ဖွယ်ရာ အခြေအနေ တစ်ရပ် ပေါ်ပေါက်လာမည် ဖြစ်သည့်အပြင် နဂို ကတည်းက တင်းမာနေသည့် ရုရှားနှင့် တူရကီ ဆက်ဆံရေး သည် အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ယင်း အခြေအနေကို အမေရိကန် အစိုးရက ကောင်းစွာ ရိပ်စားမိပြီး အခြေအနေ ကို ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ရန် တူရကီ နိုင်ငံအား ဖျောင်းဖျ ထားသည်။ တစ်ဖက်တွင် နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် တိုက်ခိုက်မှု အားလုံးသည် ကာ့ဒ် ခွဲထွက်ရေး သမားများ၏ လက်ချက် ဖြစ်သည်ဟု တူရကီအစိုးရ က စွပ်စွဲထားသည်။

အန်ကာရာ မြို့တော်၌ ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ကားဗုံးခွဲ တိုက်ခိုက်မှုမှာ ၄င်းတို့၏ လက်ချက် ဖြစ်သည်ဟု တူရကီ အခြေစိုက် ကာ့ဒ် စစ်သွေးကြွ များက အတည်ပြု ထားသည်။ ယင်း တိုက်ခိုက်မှု အတွင်း အနည်းဆုံးလူ ၂၉ ဦး သေဆုံးခဲ့သည်။ ထို့ပြင် တူရကီနိုင်ငံ အတွင်း ယင်းကဲ့သို့သော တိုက်ခိုက်မှု များကို ဆက်လက် လုပ်ဆောင်သွား မည်ဟု ကာ့ဒ် စစ်သွေးကြွ များက ခြိမ်းခြောက်ထား ပြန်သည်။ ယင်းအချိန်မှ စ၍ တူရကီ အစိုးရ၏ ကာ့ဒ် ချေမှုန်းရေး စိတ်ဓာတ်မှာ ပိုမိုပြင်းပြ လာခဲ့ခြင်း ဖြစ်သည်။

တခြားတစ်ဖက်တွင် နေတိုး တပ်ဖွဲ့ဝင် တူရကီ အနေဖြင့် ၄င်းတို့၏ တပ်များကို ဆီးရီးယားနိုင်ငံသို့ စေလွှတ်မည် ဆိုပါက ဒေသအတွင်း၌ စစ်ရေး အရှိန်အဝါ ကြီးထွားလာသည့် ရုရှားနှင့် နေတိုးတပ်ဖွဲ့ တို့အကြား တင်းမာမှု မြင့်တက်လာမည် ဖြစ်သည်။ ရုရှားနှင့် နေတိုးတို့၏ ဆက်ဆံရေးကို ကြည့်မည် ဆိုပါကလည်း နေတိုးတပ်ဖွဲ့မှ အရှေ့ ဥရောပရှိ ၄င်းတို့၏ အဖွဲ့ဝင်နိုင်ငံများ အတွင်း (ရုရှား နယ်စပ်နိုင်ငံများ) ၌ လက်နက်များ တိုးမြှင့် ချထားမှုကြောင့် နှစ်နိုင်ငံ အကြား တင်းမာလျက် ရှိသည်။

ထို့ကြောင့် တပ်များကို ဆီးရီးယားသို့ ပို့ဆောင်မည့် တူရကီအစိုးရ ၏ ကြိုးပမ်းမှုမှာ အန္တရာယ် များလှသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ စွန့်စားလွန်း လှသည်။ ဆီးရီးယား နိုင်ငံအတွင်း အပစ်အခတ် ရပ်စဲရေး သဘော
တူညီချက် ချမှတ်နိုင်ရန် အမေရိကန်နှင့် ရုရှားတို့မှ ကြိုးပမ်းလျက် ရှိသည့်အပြင် ပြည်တွင်းစစ်အား အဆုံးသတ် နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုများ ကျင်းပနိုင်ရန် လုပ်ဆောင်လျက် ရှိသည်။ ဆီးရီးယား နိုင်ငံ အတွင်းရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအား တိုက်ခိုက်ရာတွင် နိုင်ငံတကာမှ ပါဝင်လျက် ရှိသော်လည်း ရုရှားနိုင်ငံသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ် ၏ အဓိက မဟာမိတ်နိုင်ငံ အဖြစ် ရပ်တည်နေသည်။ 

အာဆတ်၏ တပ်များသည် လက်နက်ကိုင် ပဋိပက္ခအတွင်း အတိုက်အခံ တပ်များ အပါအဝင် စစ်သွေးကြွ အဖွဲ့ပေါင်း များစွာကို ငါးနှစ်ကြာ တိုက်ခိုက်လျက် ရှိရာ ယခုအခါ ရုရှားအစိုးရ၏ စစ်ရေး အကူအညီဖြင့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို မကြာမီအချိန် ကာလအတွင်း အလက်ပို ပြည်နယ်နှင့် စစ်သွေးကြွ မြို့တော်အဖြစ် တင်စားခံထား ရသည့် ရက်ကာမြို့ အတွင်းမှ တိုက်ထုတ် နိုင်တော့မည် ဖြစ်သည်။ ဆီးရီးယားတွင် အစိုးရတပ် များက စစ်ရေးအရ အသာစီး ရလာသည့် အချိန်တွင် ရုရှားနိုင်ငံ၏ ဂုဏ်သတင်း မှာလည်း ဒေသအတွင်း၌ ပျံ့နှံ့လျက် ရှိသည်။

ထို့ကြောင့် တူရကီနိုင်ငံ အနေဖြင့် တပ်ဖွဲ့အရေးနှင့် စပ်လျဉ်း၍ သွေးအေးအေး ထားပြီး လုပ်ဆောင်ရန် လိုအပ်လျက် ရှိသည်။ ဆီးရီးယားနိုင်ငံ အတွင်းသို့ မြေပြင်တပ်များကို စေလွှတ်မည့် တူရကီအစိုးရ ၏ အစီအစဉ် အား မဟာမိတ် နိုင်ငံကြီးဖြစ်သည့် အမေရိကန် ပြည်ထောင်စု ကလည်း ကန့်ကွက်ထားသည်။ ထိုအခြေအနေ မျိုးတွင် တူရကီ အစိုးရအနေဖြင့် အမေရိကန် အစိုးရ၏ သတိပေးချက်ကို လျစ်လျူရှု၍ ၄င်းတို့၏ တပ်များကို ဆီးရီးယား နိုင်ငံ အတွင်းသို့ မဆင်မခြင် စေလွှတ်ခဲ့မည် ဆိုပါက တင်းမာနေသည့် နိုင်ငံများနှင့် အဖွဲ့အစည်း များအကြား ရေကုန်ရေခန်း တိုက်ခိုက်မည့် စစ်ပွဲကြီး တစ်ပွဲအဖြစ်သို့ ဦးတည် လာနိုင်ဖွယ် ရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger