www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 24, 2016

တပ်မတော်အနေဖြင့် နိုင်ငံ့အရေးကို သစ္စာရှိရှိ စောင့်ထိန်း ကာကွယ်မည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ်မှ သင်တန်းသား အရာရှိများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၄-၂-၂၀၁၆

သစ္စာလေးချက်ကို နေ့စဉ်ရွတ်ဆို နေကြသည့် မိမိတို့ တပ်မတော်သား များ အနေဖြင့် ကိုယ့်အပေါ်တွင် လည်းကောင်း၊ တပ်ရင်း/ တပ်ဖွဲ့ အပေါ်တွင် လည်းကောင်း၊ တပ်မတော်နှင့် နိုင်ငံတော် အပေါ်တွင် လည်းကောင်း သစ္စာလေးပါး ကို အစဉ်ဦးထိပ် ထားရမည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် လည်း နိုင်ငံ့အရေးကို သစ္စာရှိရှိ စောင့်ထိန်း ကာကွယ် သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရာထူး ခန့်ထားရေး ခန်းမဆောင်၌ ဗထူးတပ်နယ် မှ သင်တန်းသား အရာရှိများအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သစ္စာတရားနှင့် ပတ်သက်၍ ''မင်းမှာသစ္စာ ၊ လူမှာကတိ" ဆိုသည့် စကားရပ်ရှိကြောင်း၊ သမိုင်း ရာဇဝင်တွင် သစ္စာမဲ့သည့် လုပ်ရပ်များကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ပြီး သူ့ကျွန်ဘဝ ကျရောက် ခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင်လည်း သစ္စာမဲ့သည့် လုပ်ရပ်ဖြစ်သည့် လုပ်ကြံမှုကြောင့် နိုင်ငံ့ ခေါင်းဆောင်များ ဆုံးရှုံးခဲ့ ရကြောင်း၊ လွတ်လပ်ရေး ရပြီး နောက်ပိုင်း သစ္စာမဲ့သည့် လက်နက်ကိုင် များကြောင့် တိုင်းပြည် ပြိုကွဲမည့် အန္တရာယ်မှ တပ်မတော်က ပေးဆပ်မှု များစွာဖြင့် ထိန်းသိမ်းကာကွယ် ခဲ့ရကြောင်း၊ ယင်းသစ္စာမဲ့မှု၏ အကျိုးဆက် အဖြစ် ပဋိပက္ခများကို ယနေ့တိုင် ဖြေရှင်းနေရဆဲ ဖြစ်ကြောင်း၊ အတိတ်သမိုင်း အရ မိမိတိုင်းပြည် အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံ အပေါ် သစ္စာခံမှု၊ တပ်မတော်အပေါ် သစ္စာမဲ့မှု များကြောင့် နိုင်ငံ့အရေး ကိစ္စများတွင်များစွာ ရှုပ်ထွေးခဲ့ကြောင်း၊ ထိုသို့ ထပ်မံ မဖြစ်လာစေရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် သတ်မှတ်ချက် တချို့ ထည့်သွင်း ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော် သင်တန်းကျောင်း များတွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး စသည်ဖြင့် အဆင့်အလိုက် တတ်မြောက်သင့် သည်များကို သင်ကြားခြင်း၊ ဆက်သွယ်ရေး၊ စစ်အင်ဂျင်နီယာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အုပ်ချုပ်မှု စသည်ဖြင့် သက်ဆိုင်ရာ ဘာသာရပ် အလိုက် တတ်မြောက်အောင် သင်ကြားပေးခြင်း များရှိကြောင်း၊ မိမိ၏ရာထူး၊ အဆင့်၊ လုပ်ငန်းတာဝန် နှင့်လျော်ညီစွာ တာဝန် ထမ်းဆောင် နိုင်ရန်အတွက် သင်တန်းကျောင်း များမှ ပေးလိုက်သည့် အသိပညာ၊ အတတ်ပညာ များကို ရအောင်ယူ သွားရန်လိုကြောင်း၊ လက်တွေ့ နယ်ပယ်တွင် တာဝန် ထမ်းဆောင်ရာ၌ လုပ်ငန်းအပေါ် စိတ်ဝင်စားမှု သည်လည်း အဓိက ကျကြောင်း၊ အရေးကြီးဆုံးမှာ မိမိအား ပေးအပ်ထားသည့် တာဝန်များအပေါ် အလေးထား လုပ်ဆောင်ရန် ပင်ဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။

ခေါင်းဆောင်နှင့် ပတ်သက်၍လည်း တပ်တစ်တပ်တွင် လုပ်ငန်းတာဝန် များကို ဆင့်ကဲဆင့်ကဲ ကြီးကြပ် တာဝန်ထမ်းဆောင် ရခြင်းဖြစ်၍ ခေါင်းဆောင်များစွာ လိုအပ်ပြီး ခေါင်းဆောင်၏ စွမ်းပကားသည် လွန်စွာ ကြီးမားကြောင်း၊ စစ်ခေါင်းဆောင် များဖြစ်၍ အကျိုးရှိသည့် လုပ်ငန်းများတွင် ပိုမို၍ ဦးဆောင်မှု ပေးနိုင်ရမည် ဖြစ်ကြောင်း၊ သားသမီးများသည် မိဘကို အားကိုးကြ သကဲ့သို့ လက်အောက် ငယ်သား များသည်လည်း မိမိတို့ ခေါင်းဆောင်ကို အားကိုးမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ခေါင်းဆောင် များသည် ဖခင်စိတ်နှင့် တပ်မှူးစိတ် နှစ်ခုယှဉ်၍ လက်အောက်မှမိမိ အပေါ် ယုံကြည်အားကိုးသည့် စိတ်ရှိလာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အောင်မြင်သော လုပ်ဆောင်ချက်များ ပြသနိုင်ခြင်းဖြင့် လက်အောက်၏ ယုံကြည်မှုကို ရနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်၏ မူဝါဒဖြစ်သည့် တပ်မတော်သား မိသားစုဝင်များ အားလုံး ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်ရေး အတွက်ကိုလည်း ကြိုးပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော် ပိုင်းအနေဖြင့် လစာ၊ စရိတ်၊ စစ်ဝတ်၊ ရိက္ခာ၊ အဆောက်အဦ၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ အရာရှိ၊ စစ်သည် တစ်ဦးချင်း အနေဖြင့် မိမိကိုယ်မိမိ ထိန်းသိမ်းနေထိုင် ကြရန်လိုကြောင်း၊ မိမိကိုယ်ကို အလို လိုက်ခြင်းကြောင့် ဝင်ငွေနှင့် ထွက်ငွေမမျှဘဲ အမှုအခင်းများ ဖြစ်ပွားနေကြောင်း၊ အရက်၊ ဆေးလိပ် သောက်သုံးမှု၊ ကွမ်းစားသုံးမှုနှင့် ပတ်သက်၍လည်း ကိုယ်တိုင် အသိတရားဖြင့် ဆင်ခြင် ထိန်းသိမ်းရန် တိုက်တွန်း လိုကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် မိဘနေရာမှ သားသမီးများကို ပြောရမည်ဆိုပါက လုံးဝ မသုံးဆောင် ကြရန် ပြောလိုကြောင်း ရှင်းလင်း မှာကြားသည်။

အားကစား မြှင့်တင်ရေးနှင့် ပတ်သက်၍ မှာကြားရာတွင် တပ်မတော်တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် အားကစားငါးမျိုး သတ်မှတ် ထားကြောင်း၊ အဖွဲ့စနစ်နှင့် အဖွဲ့အစည်း စိတ်ဓာတ်များ ကောင်းမွန်စေရေး အတွက် ဘောလုံး၊ ဘော်လီဘော အားကစားများ၊ သတ္တိဗျတ္တိကို ဖော်ထုတ် ပြသသည့် လက်ဝှေ့ အားကစား၊ ကျန်းမာ ကြံ့ခိုင်မှုနှင့် သက်လုံ ကောင်းမွန်စေရေး အတွက် ပြေး၊ ခုန်၊ ပစ် အားကစား၊ စစ်ဆင်ရေးကို အထောက်အကူ ပြုရန်နှင့် သေနတ်ပစ် လက်ဖြောင့် စေရန်အတွက် သေနတ်ပစ် အားကစားများကို နည်းစနစ် ကျစွာဖြင့် ဦးစားပေး လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆင့်မြင့် မြန်မာ့ရိုးရာ ကိုယ်ခံပညာများ ဖြစ်သည့် မြန်မာ့သိုင်း နှင့် ဗန်တို၊ ဗန်ရှည် တိုက်ခိုက်ရေး နည်းပညာ များကိုလည်း တပ်မတော် ကိုယ်ခံပညာရပ် အနေဖြင့်၊ မြန်မာ့ဂုဏ်ဆောင် အားကစား အနေဖြင့် အားပေးမြှင့်တင် ရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)မှ ဗိုလ်လောင်းများနှင့် ဗထူးတပ်နယ်မှ အခြားအဆင့် သင်တန်းသား စစ်သည်များကို ထပ်မံ တွေ့ဆုံ၍ တပ်မတော်၏ လုပ်ငန်းတာဝန်များ၊ တပ်မတော်၏ လုပ်ဆောင်ချက် များနှင့် တပ်မတော် သားများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မင်းဇော် က ၀န်တင်တပ်ရင်း များ၌ လား ၊ မြင်းများ မွေးမြူထားရှိမှုနှင့် တာဝန်ထမ်းဆောင်မှု အခြေအနေများကို ရှင်းလင်း တင်ပြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ် တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ များကို ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိရစ္ဆာန် ဆေးကုလက်ထောက် သင်တန်းတွင် သင်တန်းသားများ သင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစဉ်

ဗထူးတပ်နယ်ရှိ အရာခံနှင့် အကြပ်ကြီး သင်ကျောင်း သင်တန်းသားစားရိပ်သာ စိုက်ခင်းတွင် သီးနှံစိုက်ပျိုးထားရှိမှုကို တွေ့ရစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/စာရေး သင်တန်းမှ သင်တန်းသားများနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်ကြစဉ်

တပ်မတော်၏ လုပ်ငန်းတာဝန်သည် နိုင်ငံတော် ကာကွယ်ရေး ဖြစ်ပြီး ဒို့တာဝန် အရေးသုံး ပါးနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူ့ အကျိုးစီးပွား ဖော်ေ ဆာင်ရန် ဖြစ်ကြောင်း၊ တပ်မတော်၏ သမိုင်းကြောင်းသည် နိုင်ငံတော် သမိုင်းေ ကြာင်း နှင့်ခွဲခြား ၍မရဘဲ ယှဉ်တွဲနေခဲ့ကြောင်း၊ လက်ရှိ အခြေအနေအထိ ရောက်ရှိအောင် လည်း တပ်မတော် အနေဖြင့် အသက်ခန္ဓာ သွေးချွေးများစွာ ပေးဆပ် ခဲ့ရကြောင်း၊ လက်ရှိပြည်သူ့ ဆန္ဒနှင့်အညီ လျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ခိုင်ခိုင်မာမာ ဖြစ်စေရေး၊ မယိမ်းယိုင် သွားစေရေး သည်လည်း တပ်မတော်၏ အမျိုးသား နိုင်ငံရေးတာဝန် ပင်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ရှင်းလင်း ပြောကြားရာတွင် ''တိမ်တောင်သဖွယ်၊ မင်းရေးကျယ်'' ဆိုသကဲ့သို့ နိုင်ငံရေးသည် လွန်စွာ ကျယ်ပြန့်ကြောင်း၊ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီများ အနေဖြင့် ယင်းတို့၏ မူဝါဒအရ ပြောဆိုစည်းရုံးမှု၊ လုပ်ဆောင်မှုများ ဆောင်ရွက် ကြကြောင်း၊ နိုင်ငံ့အရေးမှာမူ တိုင်းပြည်၏ အကျိုးစီးပွား၊ ပြည်သူ့ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံ့အရေး၊ အမျိုးသားရေး ကိုသာ လုပ်ဆောင် ခြင်းဖြစ်ပြီး လွတ်လပ်ရေး ရရှိချိန်မှ စတင်၍ တည်ငြိမ် အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အမျိုးသား နိုင်ငံရေးအဖြစ် တပ်မတော်မှ ပြည်သူနှင့် လက်တွဲ၍ ဦးဆောင်ခဲ့ သည်ကို သမိုင်းအရ တွေ့မြင်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှ မပျက်ယွင်းအောင်၊ ပိုမို တိုးတက်အောင် ဆက်လက် ကြိုးပမ်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း မှာကြားသည်။

လက်နက်ကိုင် ပဋိပက္ခများ ချိုပ်ငြိမ်းရေး နှင့် ပတ်သက်၍လည်း တရားဥပဒေ  စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းမှု မရှိပါက မိမိတို့သွားနေ သည့် ဒီမိုကရေစီစနစ် ခိုင်မာမှု မရှိနိုင်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံ အများစုသည် ဒီမိုကရေစီ စနစ်ကို ပုံစံအမျိုးမျိုးဖြင့် သွားနေကြကြောင်း၊ ထိုအထဲတွင် လက်နက်ကိုင် ပဋိပက္ခများ ရှိနေသည့် မိမိနိုင်ငံ အနေဖြင့် ဒီမိုကရေစီ စနစ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် သွားနိုင်ရန်အတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အတတ်နိုင်ဆုံး လိုက်လျော လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ကိုလည်း စိတ်ရှည် သည်းခံစွာ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော် အနေဖြင့် ပထမငါးနှစ် သက်တမ်းတွင် ဒီမိုကရေစီ ခြေကုပ်ရရှိ ခဲ့ပြီးဖြစ်၍ ဒီမိုကရေစီ ဒုတိယသက်တမ်း တွင် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အား မဖြစ်မနေ ရရှိအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

မိမိတို့၏ လုပ်ငန်းတာဝန် အနေဖြင့် တပ်မတော်သား ပီသစွာ လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ စည်းကမ်း၊ စိတ်ဓာတ် ကောင်းမွန်ရမည် ဖြစ်ကြောင်း၊ Discipline ဆိုသည်မှာ တိုက်တွန်းချက်၊ တားမြစ်ချက်များ ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း များက လိုက်နာရန် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ ဖြစ်ကြောင်း၊ Rule and Regulation ဆိုသည်မှာ မည်ကဲ့သို့ လိုက်နာ လုပ်ဆောင်ရမည် ဆိုသည့် လုပ်ထုံးလုပ်နည်း များဖြစ်ကြောင်း၊ Law ဆိုသည်မှာ အားလုံးနှင့် သက်ဆိုင်ပြီး ပိုမို လေးနက်ကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်မှု များကြောင့် အရေးယူမှုများ ပါဝင်ပြီး အများ လိုက်နာရန်၊ အားလုံးလိုက်နာရန် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း ဥပဒေ အထက်တွင် မည်သည့်အရာမျှ မရှိသဖြင့် အားလုံးက လေးစားလိုက်နာ ရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် တပ်မတော်သားများ အနေဖြင့် Rule and Regulation (လုပ်ထုံးလုပ်နည်း)၊ Discipline (စည်းကမ်း)၊ Law (ဥပဒေ)တို့အား တိကျစွာလိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့ အလိုက် တည်မြဲအမိန့် များတွင် သတ်မှတ် ပြဋ္ဌာန်းထားသည့် တာဝန်ဝတ္တရား များကို လေးစား လိုက်နာ ထမ်းဆောင်ကြ ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် တစ်ဦးချင်း၏ အရည်အချင်းများ တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအရ လုပ်ဆောင်ရမည့် အဖွဲ့စနစ်များ ကောင်းမွန်စေရေး၊ အဖွဲ့အစည်း စိတ်ဓာတ်ရှိရေး လုပ်ဆောင်ရန် လိုကြောင်း ၊ " မြန်မာချစ်စိတ် " အား အမျိုးသားရေး အနေဖြင့် မွေးမြူကြရမည် ဖြစ်ကြောင်း မှာကြား၍ တပ်မတော်သားများ၏ လုပ်ငန်းတာဝန် ထမ်းဆောင်မှု အတွက် အထောက်အကူ ဖြစ်စေရန် တပ်မတော် အနေဖြင့် စားရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေးမှစ၍ ရပိုင်ခွင့်၊ ခံစားခွင့်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍ များတွင် ဖြည့်ဆည်း ဆောင် ရွက်ပေး နေမှုများကို ရှင်းလင်း ပြောကြားသည်။

၎င်းအပြင် ယင်းလုပ်ငန်း တာဝန်များကို အဆင့်နှင့် လျော်ညီစွာ ထမ်းဆောင် နိုင်ရန်အတွက် ယခုကဲ့သို့ သင်တန်း အသီးသီး တက်ရောက်စေခြင်း ဖြစ်ကြောင်း၊ တပ်များ၏ စွမ်းရည်များ ထက်မြက်စေရေး နှင့် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန် နေစေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗထူးတပ်နယ်မှ အရာရှိကြီး များနှင့် နည်းပြ အရာရှိများ၊ သင်တန်း အသီးသီးမှ သင်တန်းသား အရာရှိ စုစုပေါင်း ၉၇၂ ဦး၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)မှ ဗိုလ်လောင်းများနှင့် အခြားအဆင့် သင်တန်းသား စစ်သည် စုစုပေါင်း ၁၄၃၂ ဦးတို့ တက်ရောက် ခဲ့ကြပြီး တွေ့ဆုံပွဲများ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသား အရာရှိများနှင့် ဗိုလ်လောင်းများ၊ သင်တန်းသား စစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များကို ဗထူးတပ်နယ် တိရစ္ဆာန် မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်း တပ်ရင်းမှူးရုံးခန်း တွင် ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မင်းဇော် က ဝန်တင် တပ်ရင်းများ၌ လား၊ မြင်းများ မွေးမြူထား ရှိမှုနှင့် တာဝန် ထမ်းဆောင်မှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးအပ်သည့် ရည်မှန်းချက် တာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်ရေး အတွက် စနစ်တကျ စုဖွဲ့ ဆောင်ရွက်ရန်၊ စီးမြင်းများကို လည်း ထိထိရောက်ရောက် အသုံးပြုနိုင်သည် အထိ လေ့ကျင့်ပေးရန်၊ ထိခိုက်ဒဏ်ရာ ရရှိသည့်၊ ကျန်းမာရေး မကောင်းသည့် လား၊ မြင်းများကို အနားပေး၍ ဆေးဝါးကုသပေးရန်နှင့် အသက် အရွယ်ကြီးသွားသည့် လား၊ မြင်းများကိုလည်း အစာ ကျွေးမွေးခြင်း၊ ဆေးဝါး ကုသခြင်းများ ဆောင်ရွက်ပေးရန် တို့ကို မှာကြားပြီး လိုအပ်သည် များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ယင်းနောက် စီးမြင်းများ မွေးမြူထားရှိမှုကို သွားရောက် ကြည့်ရှု စစ်ဆေး၍ တိရစ္ဆာန်ဆေးကု လက်ထောက် သင်တန်းနှင့် ကုန်းနှီးချုပ် သင်တန်းများတွင် သင်တန်းသားများ သင်ကြားနေမှု အခြေအနေများကို သွားရောက် ကြည့်ရှုကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နည်းပြများ အနေဖြင့် အမှန်တကယ် တတ်မြောက်အောင် သေချာစွာ သင်ကြား ပေးရန်နှင့် သင်တန်းသားများ ကလည်း သင်တန်းတွင် သင်ကြားပေး သည်များကို ကြိုးစား သင်ယူရန်၊ အရည်အသွေး ကောင်းမွန်သော ပစ္စည်းများ ရရှိအောင် ကြိုးစား ဆောင်ရွက်ရန် မှာကြားပြီး သင်တန်းသားများ ချုပ်လုပ် ထားသည့် ကုန်းနှီးများကို လိုက်လံကြည့်ရှု ကြသည်။

နေ့လယ်ပိုင်းတွင် ဗထူးတပ်နယ် တပ်မတော် ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသမှုခံယူ နေသော စစ်သည်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တစ်ဦးချင်း လိုက်လံ ကြည့်ရှု၍ ရောဂါ ဖြစ်ပွားမှု အခြေအနေ၊ ဆေးကုသ နေမှုနှင့် လက်ရှိ ကျန်းမာရေး အခြေအနေများ အား ရင်းရင်းနှီးနှီး မေးမြန်းကာ အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာခံနှင့် အကြပ်ကြီး သင်ကျောင်း၊ သင်တန်းသား စားရိပ်သာတွင် ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/ စာရေး သင်တန်းမှ သင်တန်းသား များနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က သင်တန်းသား စားရိပ်သာ စိုက်ခင်းကို သွားရောက် ကြည့်ရှု၍ သဘာဝ မြေသြဇာကို အဓိက အသုံးပြုကာ ပိုးသတ်ဆေးကို လိုသလောက်သာ ထိန်းသိမ်း သုံးစွဲရန်နှင့် သင်တန်းသား များကို သီးနှံများ လတ်ဆတ်စွာ ကျွေးမွေးနိုင်ရေး စဉ်ဆက်မပြတ် စိုက်ပျိုး ဆောင်ရွက်သွားရန် မှာကြားသည်။ ဆက်လက်ပြီး ကြံ့ခိုင်ရေး ခန်းမ၊ ဂျူဒိုအားကစား ခန်းမနှင့် အားကစားကွင်း တို့အား လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger