www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 24, 2016

မြောက်ကိုရီးယား ပြဿနာနှင့် မဟာဗျူဟာ အကျိုးဆက်များ



( ကိုကိုလှိုင် )

နိုင်ငံရေး ဇာတ်ခုံတွင် မြောက်ကိုရီးယား ကို လူကြမ်း သရုပ်ဆောင် အဖြစ် လူသိများကြသည်။ စားစရာ ဆန်မရှိသော်လည်း ဟိုက်ဒရိုဂျင်ဗုံး နှင့် တိုက်ချင်းပစ် ဒုံးပျံကို တီထွင် ထုတ်လုပ်သည့် နိုင်ငံ၊ ကွန်မြူနစ်ဟု ဆိုသော်လည်း သားစဉ်မြေးဆက် အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သည့် နိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန် နှင့် အမေရိကန် တို့ကို ခြိမ်းခြောက်နေသည့် နိုင်ငံဟူ၍ နိုင်ငံတကာ သတင်းများ၌ အစဉ်တစိုက် ဖော်ပြ ခံ နေရသည့် နိုင်ငံဖြစ်သည်။

သို့သော် မြောက်ကိုရီးယား တည်းဟူသော လူကြမ်းသည်လည်း ကမ္ဘာ့နိုင်ငံရေး၏ ဇာတ်ခုံပေါ်တွင် အင်အားကြီး ဇာတ်ဆရာများ အသီးသီးရေးသား စီရင်အပ်သော ဇာတ်ညွှန်းများ၌ သူ့နေရာနှင့် သူ အကွက်စေ့စေ့ အသုံးဝင်လျက် ရှိသည်ကို လူသိနည်း ကြသည်။ စင်စစ်၌ ကမ္ဘာ့လူထု အနေဖြင့် အင်အားကြီးတို့ ဇာတ်ညွှန်း ရေးဆွဲကပြ နေသော ယင်းတို့၏ စိတ်ကြိုက် ပြကွက်များ ကိုသာ အမှန်တကယ် ဇာတ်လမ်းများ အဖြစ် ခံစားကြည့်ရှု လက်ခံနေကြ ရခြင်း ဖြစ်သည်။ ဇာတ်ခုံ ကန့်လန့်ကာ နောက်ကွယ်မှ ဖြစ်ရပ်မှန် နှင့် ဆန္ဒမှန်များကို သိရခဲ လှသည်။

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် နိုင်ငံ အားလုံးသည် မိမိတို့၏ အကျိုးစီးပွား အတွက်သာ ဦးတည်လှုပ်ရှား နေရသည်ဆိုသည့် အချက်မှာ မည်သည့်အခါမျှ မတိမ်ကော နိုင်သော အမှန်တရား ဖြစ်သည်။ သို့သော်မိမိ၏ အကျိုးစီးပွား သက်သက်ကိုသာ ဦးစားပေး၍ လုပ်ကိုင်ေ နမှုကို ပေါ်ပေါ်ထင်ထင် ပြုမူခဲ့ပါက မာခီယာဗယ်လီ ၏ မင်းသား စာအုပ်ပါ အတ္တကြီး၍ ကောက်ကျစ်သော သူများဟု ဝိုင်း၍ပြစ်တင် ရှုတ်ချခံရမည်ကို စိုးရိမ်၍ အပေါ်ယံ၌ လူအများ လက်ခံနိုင်သည့် မူဝါဒ သဘောတရား များဖြင့် အချိုသကာ ဖုံးကာ ဟန်ပြထားကြ လေ့ရှိသည်။ ယင်းသို့ အပေါ် ယံ တစ်မျိုး နောက်ကွယ်၌ တစ်ဖုံ ကွဲပြားသော နိုင်ငံခြားရေး မူဝါဒနှစ်မျိုးကို ဖောက်ထွင်း ဆန်းစစ်လေ့လာ နိုင်မှသာ မူလနိုင်ငံတို့၏ တကယ့် သဘောထား အမှန်ကို သိနိုင်မည်။ အပေါ်ယံမှ ထုတ်ပြန်သော ကြေညာချက်များ၊ နိုင်ငံတကာ သတင်းဌာနတို့၌ လိုသလို ပုံဖော်ထားသော သတင်းများကို လေ့လာ ကောက်ချက်ချလျှင် လက်တွေ့ အမှန်သဘော နှင့် အလှမ်းဝေး တတ်သည်။

မြောက်ကိုရီးယားက အဘယ်ကြောင့် ဟိုက်ဒဂျင်ဗုံး နှင့် တိုက်ချင်းပစ်ဒုံးပျံ ကို လုပ်သနည်း

အများ သိကြသည့်အတိုင်း အဏုမြူ လက်နက်နှင့် မဟာဗျူဟာ တာဝေးပစ် ဒုံးပျံများကို တီထွင်ထုတ်လုပ် ရသည်မှာ အလွန် ကုန်ကျစရိတ် များလှ၏။ သာမန် နျူကလီးယားဗုံး တစ်လုံး ထုတ်လုပ်ရန် ပင်လျှင် ဒေါ်လာ ဘီလီယံနှင့် ချီ၍ ကုန်ကျသည်ဖြစ်ရာ ယင်း နျူကလီးယားဗုံး ကို စနက်တံအဖြစ် အသုံးပြု၍ ယင်းထက် အဆပေါင်းများစွာ ပေါက်ကွဲအား ပြင်းထန်သော ဟိုက်ဒရိုဂျင်ဗုံး ကို ထုတ်လုပ်မည် ဆိုပါက ပြောဖွယ်ရာ မရှိပြီ။ ထိုသို့ ကုန်ကျစရိတ် များလှသော မဟာဗျူဟာ လက်နက်များကို တစ်နိုင်ငံလုံး ဆင်းရဲတွင်းမှ မတက်နိုင်သည့် ကြားမှ မြောက်ကိုရီးယား က အဘယ်ကြောင့် ဇွတ်တိုး၍ လုပ်နေရပါ သနည်း။

မြောက်ကိုရီးယား အနေဖြင့် ယင်းတို့၏ အစိုးရနှင့် နိုင်ငံရေးစနစ် တည်မြဲနေစေရန်၊ အမေရိကန်နှင့် အနောက်အုပ်စု များ၏ အန္တရာယ်မှ ကာကွယ်ရန်၊ မြောက်ကိုရီးယား လူထု၏ အမျိုးသားရေး စိတ်ဓာတ်နှင့် အစိုးရအပေါ် ထောက်ခံမှု တည်မြဲစေရန် ဟူသော အကြောင်းများကြောင့် ယင်း မဟာဗျူဟာ လက်နက်များကို ထုတ်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

သို့သော် လက်တွေ့ကျကျ စဉ်းစားကြည့် ပါက နိုင်ငံတကာ ဖိအားများဖြင့် ရင်ဆိုင်နေရေ သာ မြောက်ကိုရီးယားသည် တစ်ဖက်မှ အင်အားကြီးသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရာ၌ အခြေအနေ ဖန်တီးနိုင်ခွင့်ကို ပိုင်ဆိုင်နိုင်ရန် မဟာဗျူဟာ လက်နက် နည်းပညာ တိုးတက်ရ ယူခြင်း ဖြစ်သည်ကို တွေ့ရ ပေလိမ့်မည်။ ထိုသို့ ဆောင်ရွက်ရာတွင် တစ်ဖက်မှ ဇာတ်ညွှန်းကို လေ့လာ၍ မီးစင်ကြည့်ပြီး ကသွားခြင်း ဖြစ်သည်။ ၁၉၉၂ ခုနှစ် မှ ၂ဝဝဝ ပြည့်နှစ်များ အတွင်း အမေရိကန် သမ္မတ ဘီလ်ကလင်တန် လက်ထက်အထိ မြောက်ကိုရီးယားတို့ နျူကလီးယား လက်နက်ကို မလုပ်နိုင်သေးဘဲ သန့်စင် ယူရေနီယံ ထုတ်လုပ်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။ ထိုစဉ် က တောင်ကိုရီးယား သမ္မတ ကင်ဒေးဂျုံ ၏ နေခြည်ဖြာနွေး ဆက်ဆံရေး မူဝါဒကြောင့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား တို့ ဆက်ဆံရေး ကောင်းမွန် တိုးတက် လာခဲ့သည်။ မြောက်ကိုရီးယား က နျူကလီးယား သန့်စင်မှု လုပ်ငန်းများ ရပ်ဆိုင်းပြီး ဗုံးလုပ်နိုင် သည့် ရေလေး အသုံးပြု နည်းစဉ်မှ ရေပေါ့ဖြင့် နျူကလီးယား ဓာတ်ပေါင်းဖို ကို ပြောင်းလဲ လည်ပတ်မည် ဆိုပါက အမေရိကန်နှင့် တောင်ကိုရီးယား တို့က မြောက်ကိုရီးယား အတွက် လိုအပ်သည့် စားနပ်ရိက္ခာနှင့် လောင်စာဆီ များ ထောက်ပံ့ပေးရန် သဘောတူခဲ့ ကြသည်။

သို့ရာတွင် ၂ဝဝ၁ ခုနှစ်တွင် သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ် တက်လာသော အခါ မြောက်ကိုရီးယား ကို အီရတ်၊ အီရန်တို့ နှင့်အတူ လူဆိုးစာရင်း သွင်းလိုက်ပြီးနောက် အခြေအနေက လုံးဝဥဿုံ ပြောင်းပြန် ဖြစ်သွားခဲ့သည်။
US Osan Air Base in South Korea.

The U.S. forces Futenma air base in Okinawa.

Andersen Air Force Base Guam

Naval Base Guam Navy Base in Apra Harbor, Guam

US Navy bases second submarine support ship on Guam

၂ဝဝ၃ ခုနှစ်တွင် အီရတ်နိုင်ငံအား နျူကလီးယား လက်နက် မရှိမှန်း သိပါလျက်နှင့် ရှိသည်ဟု လုပ်ကြံစွပ်စွဲကာ အမေရိကန်က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်သောအခါ မြောက်ကိုရီးယား တို့အဖို့ နျူကလီးယား အစီအစဉ်ကို လုံးဝစွန့်လွှတ်ခြင်း မပြုတော့ရန် ဘီလူးဆိုင်းတီး ပေးလိုက် သကဲ့သို့ ဖြစ်သွားတော့သည်။ ထိုအချိန်မှစ၍ အမေရိကန်နှင့် အနောက်အုပ်စုက ဖိအားပေးမှု၊ မြောက် ကိုရီးယား က တင်းမာစွာတုံ့ပြန်မှု၊ ခြောက်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပ၍ တင်းမာမှုများ လျှော့ချရန် ကြိုးပမ်းမှု၊ မြောက်ကိုရီးယား က လက်နက် စမ်းသပ်မှုများ ထပ်မံ လုပ်ဆောင်မှု၊ နိုင်ငံတကာမှ ထပ်မံဖိအားပေးမှု ဟူသည့် အဆိုး သံသရာလည် နေခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် မြောက်ကိုရီးယား တို့က မြေအောက် နျူကလီးယားဗုံး စမ်းသပ် လုပ်ဆောင်ခဲ့ပြီး ၂ဝဝ၉ ခုနှစ်နှင့်၂ဝ၁၃ ခုနှစ်တို့တွင် ထပ်မံ လုပ်ဆောင်ခဲ့ကာ ၂ဝ၁၆ ခုနှစ်တွင် ဟိုက်ဒရိုဂျင်ဗုံး အဆင့်အထိ တိုးတက် လုပ်ဆောင်နိုင်ခဲ့ သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် မြောက်ကိုရီးယားတို့ အနေဖြင့် နိုင်ငံတကာဖိအား အမျိုးမျိုး အကြားမှပင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း ကာလအတွင်း မဟာဗျူဟာ လက်နက် ထုတ်လုပ်မှုတွင် ဟိုက်ဒရိုဂျင်ဗုံးနှင့် တိုက်ချင်းပစ်
ဒုံးပျံအဆင့်ထိ အရှိန်အဟုန်ဖြင့် တိုးတက် လုပ်ဆောင် လာခဲ့သည်မှာ ထင်ရှားလှသည်။

မြောက်ကိုရီးယားကြောင့် ရရှိလာခဲ့သည့် မဟာဗျူဟာ အကျိုးဆက်များ

တစ်နှစ်လျှင် တစ်မျိုးသားလုံး ကုန်ထုတ်လုပ်မှု ဂျီဒီပီဒေါ်လာ ၁၁ ဘီလီယံခန့်သာ ရှိပြီး ဂျီဒီပီ တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်း ခန့်သာရှိသော နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာ၏ ပိတ်ဆို့မှု အမျိုးမျိုးနှင့် မျက်စိ ဒေါက်ထောက် ကြည့်ရှု ထောက်လှမ်းနေသည့် ကြားမှ ဆယ်စုနှစ် တစ်ခုအတွင်း ဟိုက်ဒရိုဂျင်ဗုံး နှင့် တိုက်ချင်းပစ် ဒုံးပျံအဆင့်အထိ လက်နက်ကြီး များကို တိုးတက်ထုတ်လုပ် နိုင်သည်မှာ အံ့သြစရာ ကောင်းလှသည်။

တစ်နှစ်လျှင် ဂျီဒီပီ ၄၂၅ ဘီလီယံရှိပြီး ကမ္ဘာ့ဒုတိယ အကြီးမားဆုံး ရေနံသိုက်ကို ပိုင်ဆိုင်ထား သည့် အီရန်နိုင်ငံ သည် နှစ်ပေါင်းများစွာ အဏုမြူလက်နက် ထုတ်လုပ်ရန် ကြိုးစားခဲ့ သော်လည်း မအောင်မြင် သည့်အတွက် အမေရိကန်နှင့် ညှိ၍ စာချုပ်ချုပ်ဆို လိုက်ရသည်။ သို့ဖြစ်လျှင် ဆင်းရဲလှ သည့် မြောက်ကိုရီးယား အနေဖြင့် သူပိုင်ငွေကြေး၊ နည်းပညာဖြင့် ဟိုက်ဒရိုဂျင်ဗုံး နှင့် တိုက်ချင်းပစ် ဒုံးပျံကို တီထွင်နိုင်သည်ဟု ဆိုပါက ယုံတမ်း စကားသာ ဖြစ်ဖို့များသည်။ ဤသို့ဆိုလျှင် မြောက်ကိုရီးယား ကို မည်သူ ကူညီခဲ့သနည်း။

ဖြစ်နိုင်သည့် နိုင်ငံမှာ တရုတ်နှင့် ရုရှား နှစ်နိုင်ငံသာ ရှိ၏။ သို့ရာတွင် တရုတ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေး အခြေအနေမှာ များစွာ ကောင်းလှသည် မဟုတ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် အနေဖြင့် မြောက်ကိုရီးယား သို့ တစ် ကြိမ်မျှ သွားရောက်ခဲ့ခြင်း မရှိသကဲ့သို့ မြောက်ကိုရီး ယား ခေါင်းေ ဆာင် ကင်ဂျုံအွန် နှင့်လည်း တစ်ခါမျှ တွေ့ဆုံခဲ့ဖူးခြင်း မရှိပေ။ မြောက်ကိုရီးယား ကလည်း တရုတ်တို့ ကန့်ကွက်နေသည့် ကြားမှ တရုတ်ကိုပင် အာခံ၍ မဟာဗျူဟာ လက်နက်ကြီး များကို ဆက်လက် ကြိုးပမ်း ထုတ်လုပ်နေခြင်း ဖြစ်ရာ တရုတ်တို့က မြောက်ကိုရီးယား ကို ဆိုးသွမ်းသော ညီငယ်တစ်ဦး သဖွယ် သဘောထားပြီး ပစ်ပယ် ရလည်းခက်၊ လှိုက်လှဲ နွေးထွေးစွာ ကူညီရန်လည်း ခက် ဖြစ်နေ သည်။ မြောက်ကိုရီးယား ၏ နျူကလီးယား လက်နက်များ အဆင့်မြှင့် ထုတ်လုပ် လာမှုသည် အနီးကပ် အိမ်နီးချင်း ဖြစ်သည့် တရုတ်နိုင်ငံ အတွက်ပါ လုံခြုံရေးအရ စိုးရိမ်ဖွယ် ဖြစ်ခဲ့ရာ တရုတ်တို့က မြောက်ကို ရီးယား အပေါ် ၂ဝ၁၃ ခုနှစ် မှစ၍ နျူကလီးယား နှင့်ပတ်သက်သည့် ပိတ်ဆို့ အရေးယူမှု များကို မြှင့်တင်ခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယား တို့၏ မဟာဗျူဟာ လက်နက် ထုတ်လုပ်မှု နည်းစဉ်တွင် နောက်ကွယ်မှ ကူညီသူရှိပါက ထိုသူမှာ တရုတ်ဖြစ်ရန် ခဲယဉ်း၏။

သို့ဖြစ်ရာ ဖြစ်နိုင်ခြေ နှစ်နိုင်ငံရှိသည့် အနက် တရုတ်ကို ဖယ်လိုက်လျှင် ရုရှားသာ ကျန်မည် ဖြစ်သည်။ ရုရှားသည် ရှေးယခင် ကပင် မြောက်ကိုရီးယား တို့၏ လက်ဦးဆရာ ဖြစ်သည်။ နျူကလီးယား လက်နက်နှင့် ဒုံးပျံ နည်းပညာ တွင်လည်း မြောက်ကိုရီးယား တို့က ရုရှားထံမှ တပည့်ခံ၍ ရယူထားခြင်း ဖြစ်သည်။ ရုရှားသည် အမေရိကန် သမ္မတ ဘုရှ် လက်ထက်မှ စ၍ အမေရိကန်တို့၏ ဥရောပ ဒုံးခွင်းဒုံး ကွန်ရက် တည်ဆောက်ရေး နှင့်ပတ်သက်၍ ထိပ်တိုက် တွေ့ခဲ့သည်။ သမ္မတ အိုဘားမား လက်ထက်တွင် အစပိုင်း၌သာ နှစ်ဖက် ရင်ကြားစေ့ရန် ကြိုးပမ်းခဲ့ကြ သော်လည်း နောက်ပိုင်းတွင် ယူကရိန်း ကိစ္စ နှင့် နေတိုး အဖွဲ့အား အရှေ့ဘက်သို့ တိုးချဲ့ရန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ ပြင်းပြင်း ထန်ထန် တင်းမာ လာခဲ့ကြသည်။ အမေရိကန် ဦးဆောင်သည့် စီးပွားရေး ပိတ်ဆို့မှုများ ကြောင့် ရုရှားတို့ အထိနာခဲ့သည်။ တစ်ချိန်တည်း မှာပင် ရုရှားနှင့် မြောက်ကိုရီးယား တို့ကြား ဆက်ဆံရေးမှာ ၂ဝ၁၃ ခုနှစ် နောက်ပိုင်း သိသိသာသာ တိုးတက်လာသည်။ ၂ဝ၁၄ ခုနှစ်တွင် ရုရှားတို့က မြောက်ကိုရီးယားထံ တင်ရှိသော ကြွေးမြီရူဘယ်ငွေ ၁ဝ ဘီလီယံ ကို လျှော်ပေးခဲ့သည်။ ၂ဝ၁၅ ခုနှစ်ကို လည်း ရုရှား- မြောက်ကိုရီးယား ချစ်ကြည် ရေးနှစ်ဟု သတ်မှတ်ခဲ့ပြီး နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်များ အပြန်အလှန် သွားရောက် လည်ပတ်ခဲ့ ကြသည်။ ထို့ကြောင့် စစ်သဘောအရ ကြည့်မည်ဆိုပါက အမေရိကန်တို့ ဥရောပ စစ်မျက်နှာအတွင်း အင်အားစုစည်း လာမည့်အစား အရှေ့အာရှ စစ်မျက်နှာ၌ပါ အင်အားဖြန့်ခွဲရန် ဖန်တီးနိုင်ပါက ရုရှားတို့ အတွက် မဟာဗျူဟာ အကျိုးအမြတ် ရှိနိုင်မည် ဖြစ်သည်။

အမေရိကန် နိုင်ငံသည် ရီပတ်ပလစ်ကန် သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ် လက်ထက်တွင် စစ်အသုံးစရိတ် များလွန်း၍ စီးပွားရေး ချွတ်ခြုံကျခဲ့ပြီး ဒီမိုကရက် သမ္မတ အိုဘားမား အား ဘဏ္ဍာရေး အကျပ်အတည်း ဝန်ထုပ်ဝန်ပိုးကို ပခုံးလွှဲပေးခဲ့သည်။ အိုဘားမား အနေဖြင့် ယင်း ဝန်ထုပ်ဝန်ပိုးကို အီရတ်စစ်ပွဲ မှ ဆုတ်ခွာခြင်းနှင့် အာဖဂန် စစ်ဆင်ရေး အင်အား လျှော့ချခြင်းဖြင့် အသုံးစရိတ် ချွေတာခဲ့ရပြီး တရုတ် အပါအဝင် တခြားနိုင်ငံများမှ ငွေချေးယူ၍ စီးပွားရေး လှုံ့ဆော်မှုများ ပြုလုပ်ကာ ငွေမျော ငွေနှင့်လိုက်၍ အရင်းထောင် နေရဆဲဖြစ်၏။ ဤ အခြေအနေတွင် ကမ္ဘာ အနှံ့အပြား၌ ပဋိပက္ခနှင့် တင်းမာမှုများ ကို ဖန်တီးပေးပါက အမေရိကန် အတွက် မကုန်မဖြစ် စစ်အသုံးစရိတ်များ တစ်ကျော့ ပြန်တက်လာဖွယ် ရှိပြီး အကျပ်အတည်း ဖြစ်လာနိုင်သည့် ဘဏ္ဍာရေး ထောင်ချောက်လည်း ဖြစ်လာနိုင်သည်။

စစ်ရေး မဟာဗျူဟာ အမြင်ဖြင့် ကြည့်လျှင် ရုရှားကိုယ်တိုင် မဟုတ်ဘဲ ယင်းတို့၏ ကိုယ်စား မြောက်ကို ရီးယား က အမေရိကန် အနောက်ခြမ်းသို့ တိုက်ခိုက် ခြိမ်းခြောက်နိုင်သည့် မဟာဗျူဟာ လက်နက်မျိုး  ရရှိပိုင်ဆိုင် သွားခြင်းသည် အမေရိကန် အတွက် ခေါင်းကိုက်နိုင် စေသည့်ဝေဒနာ ဖြစ်ပေလိမ့်မည်။ ဤ မဟာဗျူဟာ အကျိုးစီးပွား တွက်ချက်မှုများ အရဆိုလျှင် ၂ဝ၁၃ ခုနှစ်နောက်ပိုင်းမှ စ၍ မြောက်ကိုရီးယားတို့ အဏုမြူနှင့် ဒုံးပျံ နည်းပညာ အဆင့် အလျင်အမြန် တိုးတက် လာမှုသည် ကျိုးကြောင်း ဆီလျော်မှု မရှိဟု ဆိုနိုင်လိမ့်မည် မဟုတ်ပေ။

အမေရိကန်တို့၏ အကျိုးစီးပွား လက်တွေ့ကျကျ စိစစ်ကြည့်ပါက မြောက်ကိုရီးယား အနေဖြင့် ဟိုက်ဒရိုဂျင်ဗုံး သာမက ယင်းထက် ၁ဝ ဆမက အဖျက်စွမ်းအား ကြီးမားသော လက်နက်ကို ပိုင်ဆိုင်ထားသည့် တိုင်အောင် အမေရိကန်ကို အမှန်တကယ် ပစ်ခတ် တိုက်ခိုက်ကာ အကြွင်းမဲ့စစ်ပွဲ ဆင်နွှဲနိုင်မည့် အင်အားမရှိပေ။ အကယ်၍ မိုက်မိုက်ကန်းကန်း တစ်ဇွတ်ထိုး အပြုအမူဖြင့် ပစ်ခတ်လျှင်ပင် ယင်းဒုံးလက်နက် တို့သည် ပစ်မှတ် မရောက်မီ

ဖျက်ဆီးခံရမည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား နိုင်ငံမှာလည်း ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွ ယ် သွားအောင် ချေမှုန်းခြင်း ခံရပေလိမ့်မည်။ ထို့ကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် အနေဖြင့် ယင်း လက်နက်များကို လက်ဝယ်ထားရှိ နေခြင်းမှာ အမှန်တကယ် သုံးရန်မဟုတ်။ လက်နက်ပြ ခြိမ်းခြောက်၍ နိုင်ငံ၏ အကျိုးစီးပွားကို ဖြည့်ဆည်းရန်သာ ဖြစ်သည်။

အမေရိကန် ခေါင်းဆောင်များ အနေဖြင့် ဤအချက်ကို သိသော်လည်း မြောက်ကိုရီးယား ၏ ခြိမ်းခြောက်မှုကို ပုံကြီးချဲ့ကာ ခုတုံးလုပ် အသုံးချခြင်းဖြင့် တောင်ကိုရီးယား တွင်ယင်းတို့၏ မဟာဗျူဟာ လက်နက်များ တပ်ဖြန့် ချထားခွင့် ရပြီး တရုတ်ကိုပါ ရော၍ ထိန်းချုပ်နိုင်သည်။ ယခုပင်လျှင် တောင်ကိုရီးယား ၌ မဟာဗျူဟာ ဗုံးကြဲလေယာဉ် များနှင့် THAAD ခေါ် အမြင့်ပျံဒုံး လေကြောင်း ကာကွယ်ရေး စနစ်များ ချထားရန် စီစဉ် ဆောင်ရွက် လျက် ရှိသည်။ အမှန်စင်စစ် အမေရိကန်တို့ ထိန်းချုပ် လိုသည်မှာ မြောက်ကိုရီးယား ဒုံးကျည်ကို မဟုတ် တရုတ်ကိုသာ ဖြစ်သည်။ ကိုရီးယား ကျွန်းဆွယ်မှ ပင်လယ်ဝါကို ကျော်၍ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းသို့ သာမန် ဗုံးကြဲ တိုက်လေယာဉ် များဖြင့် လက်လှမ်းမီ နေသည်။ ထို့ပြင် ကိုရီးယားနှင့် ဂျပန်၌ ယင်းတို့၏ စစ်အင်အားများ တိုးမြှင့်စုစည်း ချထားခြင်းဖြင့် အရှေ့တရုတ် ပင်လယ်တွင် တရုတ်ရေတပ်ကို ကန့်သတ်နိုင်သည့် အပြင် တင်းမာမှုများ ဖြစ်ပွားနေသော တောင်တရုတ် ပင်လယ်သို့ လှမ်း၍ ထောက်ထားနိုင်မည် ဖြစ်သည်။

တောင်တရုတ် ပင်လယ်တွင် တရုတ်တို့၏ လူလုပ်ကျွန်း များနှင့် ပတ်သက်၍ အမေရိကန် နှင့် တရုတ်တို့ ထိပ်တိုက်ရင်ဆိုင် တင်းမာနေမှု အပေါ် တချို့က တတိယကမ္ဘာ စစ်ဖြစ်သွားနိုင် သယောင်ယောင် ပုံကြီးချဲ့ ဟောကိန်း ထုတ် နေကြသော်လည်း စီးပွားရေးနှင့် ပတ်သက်လျှင် ရင်ချင်းဆက် အမြွှာသဖွယ် တစ်ဦးနှင့်တစ်ဦး မှီခိုနေကြရသည်။ တရုတ်နှင့် အမေရိကန်တို့ အချင်းချင်း စစ်ဖြစ်လျှင် ကိုယ့်လည်ပင်း ကိုယ်လှီးသည့် နှယ်သာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့် ဤမျှ တင်းမာနေရ သနည်းဆိုသည်ကို ဖော်ထုတ်ပါက ပထမအချက် အနေဖြင့် နှစ်ဖက် ခေါင်းဆောင်များ ၏ လူထုထောက်ခံမှု ရယူလိုသည့် နိုင်ငံရေး အကျိုးစီးပွား ကြောင့်သာ ဖြစ်သည်။ ဒုတိယအချက် အနေဖြင့် စီးပွားကျနေသော အမေရိကန်၏ အားထားရသော လက်နက် ရောင်းချရမှု ဝင်ငွေတိုးမြှင့် နိုင်ရန်ဖြစ်၏။

သမ္မတ အိုဘားမား အနေဖြင့် တရုတ်နှင့် မြောက်ကိုရီးယား အန္တရာယ်ကို လက်ညှိုးထိုး၍ အရှေ့အာရှ နိုင်ငံများအား စစ်လက်နက် ပစ္စည်းများ ရောင်းချခဲ့ရာ ယင်း၏ လက်ထက်တွင် တရုတ်(တိုင်ပေ)သို့ ဒေါ်လာ ၁၄ ဘီလီယံဖိုး ရောင်းချခဲ့ပြီး ဖြစ်သည်။ တောင်ကိုရီးယားသည် အမေရိကန် ထံမှ F-35 ခေတ်မီ တိုက်လေယာဉ် အစင်း ၄ဝ ကို စုစုပေါင်း ဒေါ်လာ ၁ဝ ဘီလီယံဖြင့် ဝယ်ယူရန် ရှိပြီး တခြားခေတ်မီ လက်နက်ပစ္စည်း များပါ ပေါင်းလျှင် ဒေါ်လာ ၁ဝ ဘီလီယံ ထက်မနည်း ဝယ်ယူသွားမည် ဖြစ်သည်။ ဂျပန်နိုင်ငံ ကလည်း F-35 တိုက်လေယာဉ် ၄၂ စင်းဝယ်ယူရန် ရှိသည်။

သို့ဖြစ်ရာ အာရှ-ပစိဖိတ် ဒေသ၌ မတည်မငြိမ် ဖြစ်မှုသည် ဒေသတွင်း၌ လက်နက်ပြိုင်ပွဲ တစ်ရပ်ကို ဖြစ်ပေါ်လာစေ ခဲ့သော်လည်း အမေရိကန် အတွက် ယင်း လက်နက်ပြိုင်ပွဲမှ မဟာမိတ်များအား လက်နက် ရောင်းချခြင်းဖြင့် အမြတ်ထွက်နိုင်သည်။ အာရှ-ပစိဖိတ် နှင့် အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံများအတွက် ဒေသတွင်း အင်အားကြီး နိုင်ငံတို့၏ တင်းမာမှုကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ တိုးပွား နေရခြင်းသာ အဖတ်တင်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် ကျွဲခတ်ကွင်းမှ မြေစာပင်များ ဘဝ မရောက်ရ လေအောင် အထူးသတိပြု ရှောင်ရှားကြ ရဖွယ်ရှိကြောင်း သုံးသပ်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger