www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 14, 2016

နိုင်ငံ၏အချုပ်အခြာအာဏာကို မည်သူမျှ ကျူးကျော်ထိပါး၍မရကြောင်း ပြသလိုက်သည့် အီရန်


( ရှိန်းထက် )

ကူဝိတ်မှ ဘာရိန်းသို့သွားသည့် အမေရိကန်ရေတပ် သင်္ဘောငယ် နှစ်စင်းကို ပါရှား ပင်လယ်ကွေ့၌ ဇန်နဝါရီ ၁၃ ရက်တွင် အီရန်က ဖမ်းဆီးခဲ့သည်။ အဆိုပါ ရေတပ်သင်္ဘောငယ် နှစ်စင်းတွင် အမေရိကန် သင်္ဘောအမှုထမ်း ၁ဝ ဦး လိုက်ပါလာပြီး အီရန်၏ ထုတ်ပြန် ကြေညာချက်တွင် အမေရိကန် သင်္ဘောငယ် နှစ်စင်းက သူ့ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် လာခဲ့သောကြောင့် ဟု ဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က သင်္ဘောနှစ်စင်း နှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ပြီးပြီးချင်းပင် အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ်ဇာရစ် ကို ဆက်သွယ်ခဲ့ပြီး အမေရိကန် ရေတပ်သား များကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် အီရန်သည် အမေရိကန် တပ်သားများကို တစ်ညတာ ထိန်းသိမ်းကာ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ပြန်လွှတ် ပေးခဲ့သည်။

အီရန်သည် နျူကလီးယား လက်နက် ဖျက်သိမ်းရေး သဘောတူစာချုပ်ပါ အချက်များကို လိုက်နာခဲ့သည့် အတွက် နိုင်ငံတကာ၏ ချီးကျူးမှုများကို ရရှိထားခဲ့သည့် အပြင် ၂ဝ ရာခိုင်နှုန်း သန့်စင်ပြီး ယူရေနီယံ များကို ရုရှားသို့ ပို့ခဲ့သည့် အတွက်လည်း ပို၍ နာမည်ကောင်း ရခဲ့သည်။ သို့သော်လည်း တချို့ အကြောင်းအရာ များကို အီရန်သည် အနောက်အုပ်စုနှင့် ဆန့်ကျင်ပြီး လုပ်ဆောင်နေသူ ဖြစ်သည်။ (ဥပမာ - ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခြင်းမျိုး ဖြစ်သည်။)

အီရန်သည် နျူကလီးယား လက်နက် သဘောတူညီချက် ဖော်ဆောင်နိုင်ရေး အတွက် ကြိုးစားနေသည့် အချိန်အတွင်း အောက်တိုဘာလ နှင့် ဒီဇင်ဘာလတွင် တာလတ်ပစ် ဒုံးကျည် စမ်းသပ်မှု လေးငါး ခုခန့် ပြုလုပ်ခဲ့သည်။ ဟော်မုဇ် ရေလက်ကြားတွင် စမ်းသပ်ခဲ့သည့် ဒုံးကျည် ပစ်လွှတ်မှုတွင် အမေရိကန် စစ်သင်္ဘောနှင့် အနီးကပ်ဆုံး နေရာသို့ အီရန်ဒုံးကျည်များ ကျရောက်ခဲ့သည်။

ယခုကဲ့သို့ ပိတ်ပင်ထားသည့် ဒုံးကျည် စမ်းသပ်မှုများကြောင့် အီရန်ကို အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် အမေရိကန် လွှတ်တော် အမတ်များက တင်ပြကြ သော်လည်း သမ္မတအိုဘားမား က ထောက်ခံခဲ့ခြင်း မရှိပေ။ အီရန်၏ နျူကလီးယား သဘောတူညီချက် ကြောင့် ကမ္ဘာကြီး အနေဖြင့် နျူကလီးယား စစ်ပွဲတစ်ခုကို ရှောင်လွှဲနိုင်ခဲ့ပြီဟု ဆိုကာ အီရန်ကို မျက်နှာသာ ပေးထားခဲ့သည်။ သို့သော် ကုလသမဂ္ဂက အီရန် စမ်းသပ်ခဲ့သည့် ဒုံးပျံများသည် နျူကလီးယား ထိပ်ဖူး တပ်နိုင်လောက် သည်အထိ နည်းပညာ မြင့်မားသောကြောင့် အီရန်ကို စီးပွားရေး ပိတ်ဆို့မှုများနှင့် ထပ်မံ ခြိမ်းခြောက် ခဲ့သည်။

ယခု အမေရိကန်နှင့် အနောက်နိုင်ငံတို့သည် ကုလသမဂ္ဂ အဏုမြူအေဂျင်စီ ၏ အီရန်တို့ နျူကလီးယား ဖျက်သိမ်းကြောင်း အတည်ပြု ကြေညာချက် ထုတ်ပြန်လိုက် သည်နှင့် သူတို့ ချမှတ်ထားသည့် စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားပေး ရတော့မည် ဖြစ်သည်။ ကုလသမဂ္ဂ၏ အတည်ပြုမှု ကလည်း လာမည့် ရက်ပိုင်းအတွင်း ထွက်ပေါ် လာတော့မည် ဟုလည်း ဂျွန်ကယ်ရီ က ပြောသည်။

အကယ်၍ အီရန်၏ စီးပွားရေး ပိတ်ဆို့မှုများသာ ပျက်ပြယ်သွားပါက အီရန်သည် အမေရိကန် ဒေါ်လာ ၅ဝ ဘီလီယံခန့် အထိ အသားတင်အမြတ် ရရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် အီရန်ကလည်း သူ၏ ကျဆင်းနေသည့် စီးပွားရေးကြောင့် ထိုမက်လုံးကို အားကျခဲ့ပြီး သူ၏ နျူကလီးယား လက်နက် အိပ်မက်ကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အီရန်၏ ကန့်လန့်တိုက် မှုများက အနောက်အုပ်စု အပေါ် ဆက်လက် ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် အီရန်ကို နားလည်ရခက်လျက် ရှိသည်။ အမေရိကန် သမ္မတ အိုဘားမား သည် အီရန်နှင့် ပတ်သက်လာလျှင် စိတ်အရှည်ဆုံး ဖြစ်သည်။ နျူကလီးယား လက်နက် သဘောတူညီမှု ရရှိရန် အီရန်နှင့် သုံးနှစ်သုံးမိုး ချစ်ကြည်ရေး မပျက် ဆောင်ရွက်ခဲ့ပြီး လိုက်လျောမှုများစွာ ပေးခဲ့သည်။ အီရန်ဘက်က အကျပ်ရိုက် စေခဲ့သည့်  ဆုံးဖြတ်ချက်များကိုပင် သမ္မတ အိုဘားမား က အချိန်ယူပြီး ပြောင်းလဲ စေခဲ့သည်။ ထို့ပြင် အီရန်၏ တစ်ဖက်သတ် ဆုံးဖြတ်ချက် များကြောင့် ဆွေးနွေးပွဲများ မပြီးပြတ်ဘဲ အကြိမ်ကြိမ်ရွှေ့ဆိုင်း ခဲ့ရသည်ကိုပင် စိတ်ရှည်ရှည်ဖြင့် ဆက်လုပ် စေခဲ့သူဖြစ်သည်။ ထို့ကြောင့် သူနှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ရသော

ကမ္ဘာကြီးအတွက် နျူကလီးယားစစ်ပွဲ မဖြစ်ဖို့အရေး အီရန်၏ နျူကလီးယား စွန့်လွှတ်ရေ သဘောတူစာချုပ်ကို သမ္မတအိုဘားမား က ဒုံးကျည် စမ်းသပ်မှုလောက် နှင့် အပျက်ခံချင်သူ မဟုတ်ပေ။အစစအရာရာကို လိုက်ပြီး အရေးယူနေလျှင် ခဲခဲယဉ်းယဉ်း ရရှိထားသည့် သဘော တူညီချက်တွေ ပျက်ပြားသွား နိုင်သောကြောင့် ဖြစ်သည်။ ယခု အမေရိကန် ရေတပ်သား ၁ဝ ဦး အဖမ်းခံထား ရသည့်ကိစ္စတွင် သမ္မတ အိုဘားမား အနေဖြင့် နှုတ်ဆိတ် နေသည်။ အီရန်ကို ယုံကြည်ထားသည့် အတွက်အိုဘားမား နှုတ်ဆိတ် နေခြင်းလား ဟူသည့် မေးစရာမေးခွန်းက ပေါ်လာ ခဲ့သည်။

အမေရိကန်-အီရန် ဆက်ဆံရေးကလည်း လွန်ခဲ့သည့် သုံးနှစ်ကစ၍ ကောင်းနေသည်။ ထို့ပြင် အီရန်သည် သူတို့ ၃၆ နှစ်ကြာ ဖမ်းဆီး အကျဉ်းချခဲ့သော အမေရိကန်သံရုံး ဝန်ထမ်း ၅၃ ဦး ကိုလည်း လျော်ကြေးပေးမည့် အစီအစဉ်ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ထုတ်ပြန်ကြေညာ ခဲ့သည်။ အနောက်အုပ်စုနှင့် သဘော တူညီချက်ကို မူလက ခါးခါးသီးသီး ဖြစ်နေသော ဘာသာရေး ခေါင်းဆောင် ခါမေနီ ကလည်း ယခု သဘောထား ပျော့ပျောင်း လာသည်။

ထို့ကြောင့် အီရန်သည် တချို့နေရာများတွင် အနောက်အုပ်စုနှင့် ဆန့်ကျင် နေသော်လည်း ဆက်ဆံရေး ပြတ်တောက် နိုင်လောက်သည့် အတိုင်းအတာ တစ်ခုအထိ မလုပ်နိုင်ဟု သမ္မတအိုဘားမား ယုံကြည်နေဟန် တူသည်။

ထိုနည်းတူ အီရန်တို့သည် ၂ဝဝ၄ ခုနှစ်၊ ၂ဝဝ၇ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်တို့တွင် ဗြိတိသျှ ရေတပ်သားများကို ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ပြန်လွှတ် ပေးခဲ့ဖူးသည့် ရာဇဝင်ကလည်း ရှိခဲ့သောေ ကြာင့် နိုင်ငံရေးဝေဖန် သုံးသပ်သူများက အီရန်တို့ မကြာမီ အမေရိကန် စစ်သားများ ကို ပြန်လွှတ်ပေး နိုင်သည်ဟု ဝေဖန်ထားသည်။

ထို့ကြောင့် အီရန်က အမေရိကန်ရေတပ် သင်္ဘောငယ် နှစ်စင်းနှင့်အမှုထမ်း ၁ဝ ဦးကို ဖမ်းဆီးထားကာ ပြန်လွှတ်ပေးခြင်း သည် နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်စေဘဲ အီရန်က သူ့နိုင်ငံ၏ အချုပ်အခြာ အာဏာကို အမေရိကန် သာမက မည်သူမျှ ကျူးကျော် ထိပါး၍ မရကြောင်း သတိပေးသည့် အနေဖြင့်သာ ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger