www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 21, 2015

ပူတင်နဲ့ ISIS တို့ အနောက်အုပ်စုကို ဘယ်သူက ပိုခြိမ်းခြောက်နေသလဲ

 
( ရှိန်းထက် )

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယူကရိန်း ပြည်နယ်နှစ်ခုရှိ ခွဲထွက်ရေး အတွက် သူပုန်တို့က ယူကရိန်း အစိုးရကို ပုန်ကန်ခဲ့ကြသည့် တိုက်ပွဲများကြောင့် လူပေါင်း တစ်သောင်းနီးပါး သေဆုံးခဲ့ ရသည်။ အပြစ်မဲ့ပြည်သူ ၂၅ဝဝ ကျော် သေဆုံးခဲ့ပြီး တစ်နှစ်ကျော်ကြာ စစ်ပွဲဖြစ်ပွား ခဲ့သည်။ အဆိုပါ ခွဲထွက်ရေး သူပုန်တို့အား အမာခံ ထောက်ပံ့ပေး သူမှာ ရုရှားဖြစ်သည်။ လိုအပ်သည့် လက်နက်များ၊ တင့်ကားများ အပါအဝင် ရုရှားစစ်သည် ထောင်ချီပြီး ယူကရိန်း အစိုးရကို တိုက်ခိုက်ခဲ့ ကြသည်။ ထို့ကြောင့် ရုရှားစစ်သည် အနည်းဆုံး ၄ဝဝ နှင့် ၅ဝဝ ကျော် သေဆုံးခဲ့ ကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ရုရှားတို့၏ လုပ်ရပ်ကို ကျူးကျော်စစ်ဟု ခေါင်းစဉ်တပ် ခဲ့ကြသည်။ သမ္မတပူတင် ကို ကုလသမဂ္ဂနှင့် အနောက်အုပ်စု တို့က စီးပွားရေးပိတ်ဆို့မှု များချမှတ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ကြသည်။ သို့သော် အနောက်အုပ်စုနှင့် ကုလသမဂ္ဂ တို့၏ သတိပေးစကား များနှင့် ပြစ်ဒဏ်ချမှတ်မှု များသည် ပူတင်အတွက် အရာမထင် ခဲ့ပေ။

ထို့ကြောင့် ပူတင်ကို တတိယကမ္ဘာစစ် ဦးဆောင်ဖွင့်လှစ် ပေးမည့် အာဏာရှင်ဟု တင်စားခဲ့ကြသည်။ ယူကရိန်း အရေးတုန်းကသာ အမေရိကန် ဦးဆောင်သော အနောက်အုပ်စု သည် ယူကရိန်း ဘက်မှ စစ်ရေးအရ ပြတ်ပြတ်သားသား ပါဝင်ဆောင်ရွက် ခဲ့မည် ဆိုပါက အနောက်အုပ်စုနှင့် ရုရှားတို့ ကျိန်းသေစစ်ပွဲများ ဖြစ်ပွားရမည်။ ထို့ကြောင့် ပြောမရသည့် ပူတင်ကို အမေရိကန်တို့က ယူကရိန်း အရေးမှာ လက်ရှောင် နေခဲ့ကြသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ရုရှား၏ အနောက်အုပ်စု အပေါ် ခြိမ်းခြောက်နိုင်မှု သြဇာ အနည်းငယ် ရှိနေကြောင်း သိသာနိုင်သည်။

ယခုလည်း ဥရောပအရေး ပြီးနောက် အရှေ့အလယ်ပိုင်း အရေးတွင်လည်း အနောက်အုပ်စုနှင့် ပူတင်တို့ ထိပ်တိုက် တွေ့နေရပြန်သည်။ တူရကီက ရုရှား စစ်လေယာဉ်ကို ပစ်ချ လိုက်ခြင်းက ရုရှားနှင့် အမေရိကန် တို့ ရန်အစပြု ခဲ့ကြသည်။ ပူတင်က တောင်းပန်ရန် ပြောသော်လည်း တူရကီက မတောင်းပန်ရုံမက မီးနဲ့မကစားပါနဲ့ ဟုပင် တုံ့ပြန် လိုက်သေးသည်။ စစ်လေယာဉ် ပစ်ချခံရပြီး နောက်တစ်နေ့ တွင်လည်း အမေရိကန်က တူရကီ မှန်ကြောင်း ထောက်ခံလိုက် ပြန်သည်။ ထို့ကြောင့် ပူတင် ပိုပြီးဒေါသထွက် ခဲ့ရသည်။ တူရကီတွင် အမေရိကန်နှင့် နေတိုး စစ်အခြေစိုက် စခန်းရှိသောကြောင့် သူ၏ အကောင်းဆုံး လေကြောင်း ကာကွယ်ရေး စနစ်ကို တူရကီနှင့် ဆီးရီးယားနယ်စပ်တွင် ချထားခဲ့သည်။

အနောက်အုပ်စုက ရုရှား၏ ခြိမ်းခြောက်မှုကို ခံနေရသည့် တစ်ချိန်တည်း မှာပင် ISIS ကလည်း သူ၏ အဓိကပစ်မှတ်သည် အမေရိကန်နှင့် ဥရောပနိုင်ငံများ ဖြစ်သည်ဟု ဆိုပြန်သည်။ ထို့ကြောင့် အနောက်အုပ်စု သည် တစ်ချိန်တည်းတွင် ရန်သူတော်ကြီး နှစ်ဦး၏ ခြိမ်းခြောက်မှုကို ခံနေရသည်။ ယခင်က တရုတ်နှင့်ရုရှား နှိုင်းယှဉ်လျှင် ရုရှားသည်သာ အမေရိကန်နှင့် အနောက်အုပ်စုကို အခြိမ်းခြောက် နိုင်ဆုံးဟု လူတိုင်းက လက်ခံယုံကြည် ထားကြသည်။ ယခုမှာ ISIS ကလည်း အမေရိကန်နှင့် အနောက်အုပ်စု ကိုပါ တရုတ်နှင့် ရုရှားတို့နည်းတူ ခြိမ်းခြောက် လာခြင်းကြောင့် မည်သူက ပိုမိုခြိမ်းခြောက် နိုင်စွမ်းရှိသလဲ ဟု နှိုင်းယှဉ်စရာ ဖြစ်လာသည်။

ISIS တို့၏ ပထမပစ်မှတ်သည် အမေရိကန် ဖြစ်သည်။ အမေရိကန်မြေတွင် သွေးကြွေး ဆပ်နိုင်ရန် ISIS တို့သည် ယခုအချိန်ထိ စီစဉ်နေကြသည်။ သို့သော် အမေရိကန်တွင် ယခုထိ သူတို့၏ လုပ်ငန်းများ အကောင်အထည် မပေါ်သေးဘဲ ဒုတိယပစ်မှတ် ပြင်သစ်တွင် စောစီးစွာ အကောင် အထည် ပေါ် သွားခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်သည် အကြမ်းဖက်လုပ်ငန်း သီးသန့် ဆောင်ရွက်ရန် ဖြစ်သည်။ တခြားမည်သည့် ရည်ရွယ်ချက် မျှလည်းမရှိ။

ယခု အနောက်အုပ်စု အတွက် ပိုမိုစိုးရိမ်စရာ ကောင်းလာသည့် သတင်းတစ်ရပ် ထွက်လာပြန်သည်။ ISIS တို့က ကမ္ဘာတစ်ဝန်းလုံးရှိ သိပ္ပံပညာရှင် များကို ရှာဖွေစုဆောင်း နေသည် ဟူသည့်သတင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်ရန် ဖြစ်သည်။ ဓာတုလက်နက်များ အသုံးပြုခြင်းကို ကုလသမဂ္ဂက တားမြစ်ပိတ်ပင် ထားပြီး အရက်စက်ဆုံး လက်နက်များ အဖြစ်လည်း သတ်မှတ် ခံထားရသည်။ ယခင် ကတည်းက ISIS တို့ ဓာတုလက်နက် အသုံးပြုဖူးသည့် သက်သေများ ရှိခဲ့ဖူးသည်။ ယခု ISIS တို့က ယင်း ဓာတုလက်နက် များကို သိပ္ပံနည်းကျ သေချာစွာ အဆင့်မြှင့်တင် နေပုံရသည်။ ထို့ကြောင့် ISIS က ဓာတုလက်နက်သာ သုံးစွဲခဲ့ပါက ကြိုတင် ကာကွယ်မှုနှင့် ကယ်ဆယ်ရေး အကြို လေ့ကျင့်မှုများ အနောက်နိုင်ငံ အစိုးရတို့မှ ပြုလုပ်လျက် ရှိသည်။

ညွန့်ပေါင်းတပ် များနှင့် ရုရှားတို့က ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက် နေသော်လည်း ISIS တို့၏ နယ်မြေချဲ့ထွင်မှု များနှင့် အင်အားသည် သိသိသာသာ လျော့နည်းသွားခြင်း မရှိဘဲ တရိပ်ရိပ် တိုးလာနေသည်။ အာဖရိက၊ ဥရောပနှင့် အာရှကိုပင် ISIS တို့က ယခုပိုမို ကျယ်ပြန့်စွာ တိုးဝင်လာလျက် ရှိသည်။ ထို့ကြောင့် အားကောင်းကောင်း နှင့် ထိုးဖောက်ဝင်ရောက် လာသော ISIS ရန်စွယ်ကို အမေရိကန်က လွန်စွာစိုးရိမ် နေသည်။ ISIS တို့ စီမံကိန်းချပြီး ဝင်၍မရသော နိုင်ငံသည် အမေရိကန်သာ ရှိပုံရသည်။ ဂျာမနီ၊ သြစတြေးလျ၊ ပြင်သစ်နှင့် ဥရောပနိုင်ငံ တော်တော်များများ သည် ISIS တို့ရောက်နှင့် ပြီးသား ဖြစ်သည်။

ထို့ကြောင့် ဥရောပ၏ လမ်းတိုင်းတွင် ISIS တို့ရှိနေသည် ဟုပင် နိုင်ငံရေး လေ့လာ သုံးသပ်သူတို့ ပြောရလောက်အောင် ISIS တို့ စိမ့်ဝင်အားက ကောင်းနေသည်။ ထိုအချက်ကို ဘယ်လ်ဂျီယံ၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီတို့ နှင့် တခြားဥရောပ နိုင်ငံများ၌ ISIS တို့ကိုဖမ်းမိသည့် သတင်းက သက်သေခံနေသည်။ ထို့ကြောင့် ယခုသူတို့၏ ထိပ်ဆုံးစာရင်းက အကြမ်းဖက်မည့် အမေရိကန်ကို နည်းမျိုးစုံသုံးပြီး မရရအောင် ကြံနေမည်မှာ ကျိန်းသေနေသည်။

၉/၁၁ ဖြစ်ရပ်သည် အမေရိကန်တို့ သမိုင်းတွင် အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှုကြီး ဖြစ်ခဲ့သည်။ တရားခံ အယ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင် ပေးသည့် အကြီးမားဆုံး သင်ခန်းစာကို ရရှိသွားပြီးနောက် ယခု ISIS နှင့်လည်း နောက်တစ်ကြိမ် သင်ခန်းစာ မရအောင် အမေရိကန် အနေဖြင့် အသည်းအသန် ကြိုးပမ်းနေရသည်။ ISIS တို့၏ ခြိမ်းခြောက်မှုသည် အမေရိကန် အပေါ်တွင် လျော့နည်း မသွားဘဲ ပို၍သာ တိုးလာနေသည်။ ပင်တဂွန်တွင်လည်း ISIS စစ်ဆင်ရေးများ အတွက် အမေရိကန် ခေါင်းဆောင်များ ခေါင်းခဲနေရသည်။

ယခု ISIS တို့ အသုံးပြုသည့် လက်နက်များသည် မှန်းဆမရသည့် လက်နက်ဆန်းများ ဖြစ်နေသည်။ အီဂျစ်မှ ရုရှားလေယာဉ် ဖောက်ခွဲ ခံရမှုတွင် ISIS တို့က စစ်ဆေးမရနိုင်သည့် အချိုရည်ဗုံးကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ISIS တို့၏ဗျူဟာသည် ထင်ထားသည်ထက် ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။

ရုရှားသည် ယခု အမေရိကန်မှ လွဲ၍ တခြား အနောက်အစိုးရ တို့နှင့် သင့်မြတ်လျက် ရှိသည်။ ပြင်သစ် တိုက်ခိုက်ခံရမှု နောက်ပိုင်း အနောက်အုပ်စု နှင့်ရုရှားတို့ ကောင်းမွန်သည့် ဆက်ဆံရေး ရရှိခဲ့ကြသည်။ သို့သော်လည်း အမေရိကန်နှင့် ဆက်ဆံရေး ကတော့ တူရကီကြောင့် ပိုမိုဆိုးရွား သွားခဲ့သည်။ ယခု ရုရှားက ISIS ကိုအကြောင်းပြပြီး ဆီးရီးယားတွင် ရေကြောင်း၊ လေကြောင်း နှင့် သူ၏ ထောက်လှမ်းမှုများ အပါအဝင် စစ်တပ်အင်အား ကို အလုံးအရင်း နှင့် ထပ်မံချထားရန် စီစဉ် နေပြန်သည်။ တူရကီ၏ နောက်ကြောက အမေရိကန် နှင့်နေတိုးကို အင်အားချင်း ယှဉ်နိုင်စေရန်လည်း ဖြစ်နိုင်သည်။

သို့သော်လည်း ယခု ရုရှားသည် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် တို့နှင့် အကောင်းဆုံး ဆက်ဆံရေး အခြေအနေ ရောက်ရှိ နေသောကြောင့် သူ၏ အနောက်အုပ်စု ကို ခြိမ်းခြောက်မှုသည် ယခင်ကထက် တစ်ဆင့်လျော့ကျ သွားပြီး ISIS က ပထမတန်းစား အမေရိကန်က ပြည်ထောင်စု နှင့် အပေါင်းပါ အနောက်အုပ်စုကို အခြိမ်းခြောက်နိုင်ဆုံး နေရာအား ယူထားပါကြောင်း တင်ပြလိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger