www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 6, 2015

အမျိုးသားနေ့ တို့မမေ့


အမျိုးသားနေ့ တို့မမေ့

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝရက် (ယနေ့) သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အမျိုးသားရေး ထက်မြက် မြင့်မားစွာဖြင့် အမျိုးသား ပညာရေး လှုပ်ရှားမှုကြီးကို စတင်လှုပ်ရှား ဆောင်ရွက်ခဲ့သည့် (၉၅)နှစ်မြောက် အမျိုးသားနေ့ ဖြစ်သည်။

နယ်ချဲ့အင်္ဂလိပ် တို့သည် မြန်မာနိုင်ငံကို ကိုလိုနီ လက်အောက်ခံ နိုင်ငံအဖြစ် သိမ်းပိုက်ရာ မြန်မာပြည်သူ တို့အပေါ်၌ နိုင်ငံရေး ဖိနှိပ်မှု၊ စီးပွားရေး လက်ဝါးကြီးအုပ်မှု များအပြင် နိုင်ငံနှင့် လူမျိုးတို့၏ အဓွန့်ရှည်စွာ ရပ်တည်လာသော၊ အမျိုးသား ယဉ်ကျေးမှုကို ချစ်မြတ်နိုး စေသော၊ အသိပညာ ဆိုင်ရာ၊ ကုန်ထုတ်လုပ်မှု ဆိုင်ရာ၊ ကာကွယ်ရေး ဆိုင်ရာ အတတ်ပညာ များကို သင်ကြား တတ်မြောက် စေသော အမျိုးသား ပညာရေး တစ်ခုလုံးကို ဖျောက်ဖျက်ခဲ့ ကြသည်။

၁၉၂ဝ ပြည့်နှစ်တိုင်အောင် မြန်မာနိုင်ငံ ပညာရေးအတွက် တက္ကသိုလ် ဟူ၍ မရှိသေးဘဲ ရန်ကုန်ကောလိပ် နှင့် ယုဒသန်ကောလိပ် ဟူ၍သာရှိပြီး ကိုးလ်ကတ္တား တက္ကသိုလ်က ကျင်းပသော စာမေးပွဲကိုသာ ဖြေဆိုကြရသည်။

ထို့ပြင် အင်္ဂလိပ် အစိုးရက ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းကို ပြဋ္ဌာန်းခဲ့သည်။

ထိုဥပဒေကြမ်း အရ တက္ကသိုလ် ပညာရေးကို မြန်မာ တိုင်းရင်းသားများ သင်ယူနိုင်ခွင့် နည်းပါးခဲ့သည်။ မြန်မာနိုင်ငံသား ပညာတတ်များ မွေးထုတ်ပေးမည့် အစား လူနည်းစုတို့သာ တက္ကသိုလ် ဝင်ခွင့်ရစေ၍ အင်္ဂလိပ်အစိုးရ ကျွန်ပညာရေး စနစ်ကိုသာ အလေးထားခဲ့သည်။ ထို့ပြင် ယုဒသန် ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ် တို့ကို ပေါင်းစည်း၍ ရန်ကုန်တက္ကသိုလ် ကို ထူထောင် လိုက်ကြောင်း ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက်တွင် ဖွင့်လှစ်ရန် ကြေညာ လိုက်သည်။

ထို့ကြောင့် ကျောင်းသားတို့က မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်၊ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင် တက္ကသိုလ် ဥပဒေကို လုံးဝ ကန့်ကွက်ကြောင်း ကြွေးကြော်ခဲ့ ရာမှ မြန်မာနိုင်ငံသမိုင်း အလှည့်အပြောင်း ဖြစ်သော တက္ကသိုလ် ကျောင်းသား သပိတ်ကြီး ပေါ်ပေါက် လာခဲ့သည်။ ထိုသပိတ်ကြီးကို မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ ကျောင်းများက ထောက်ခံခဲ့ ကြသည်။

အဆိုပါ ကျောင်းသပိတ်ကို အကြောင်းပြု၍ အမျိုးသား ကောလိပ်နှင့် အမျိုးသား တက္ကသိုလ် ဟူ၍ ပေါ်ပေါက်ခဲ့သည်။ အမျိုးသား ကျောင်းများ ပေါ်ပေါက် လာခြင်းကြောင့် မြန်မာ စာပေ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ယဉ်ကျေးမှု တို့ ဂုဏ်သိက္ခာ ပြန်လည်တက် လာခဲ့သည်။ အမျိုးသားရေး စိတ်ဓာတ် ခွန်အားများ နိုးကြားရှင်သန် လာကာ မြန်မာ တစ်မျိုးသားလုံး လွတ်လပ်ရေး ပန်းတိုင်ဆီသို့ အရောက်လှမ်း နိုင်ခဲ့ကြသည်။ အမျိုးသားရေး စိတ်ဓာတ်ခွန်အား ဖြစ်ပေါ်လာမှုသည် အမျိုးသားနေ့ ၏ အသက် ဖြစ်ခဲ့သည်။

ထိုစဉ်က ကိုလိုနီ ကျွန်ဘဝတွင် ဗြိတိသျှတို့၏ အရှိန်အဝါ ကြီးနေဆဲ ဖြစ်သောကြောင့် ''အမျိုးသားနေ့'' ဟူသော နေ့ထူးနေ့မြတ် ရက်သတ်မှတ် ရာတွင် အမျိုးသားနေ့၏ အဓိပ္ပာယ်ပေါ်လွင် စေရန် တက္ကသိုလ် ဥပဒေကို  သပိတ်မှောက်သည့် အင်္ဂလိပ်ရက် ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်ဟု မသတ်မှတ်ဘဲ မြန်မာရပ် ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ပြီးခဲ့သော (၉၅)နှစ်က မြန်မာ တစ်မျိုးသားလုံး ၏ ညီညွတ် စုစည်းသော အမျိုးသားရေး စွမ်းပကားဖြင့် ကိုလိုနီနယ်ချဲ့ တို့၏ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို ဆန့်ကျင်ဖယ်ရှား ပစ်နိုင်ခဲ့သော အောင်ပွဲဖြစ်သည်။

ထိုသို့ အောင်ပွဲခံခဲ့သော မြန်မာပြက္ခဒိန် အရ နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ကို မမေ့သင့် မမေ့အပ်သော ''အမျိုးသားနေ့'' အဖြစ် သတ်မှတ်ခဲ့ပြီး အမျိုးသားနေ့ ဦးတည်ချက် များနှင့်အညီ အမျိုးသားရေး အားမာန် အပြည့်အဝ စိုက်ထုတ်၍ ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger