www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 22, 2015

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ လောကမာရ်အောင်ဘုရားကြီး (မဟာသံတန်ဆောင်းတော်) ပိဋကတ်သုံးပုံ ကျောက်စာတိုက်များ ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ခြင်း ရေစက်ချ အောင်ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနားကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မင်္ဂလာမော်ကွန်းကမ္ပည်းကျောက်စာတော် အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးစဉ်

နေပြည်တော် ၊ ၂၂-၁၂-၂ဝ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ လောကမာရ်အောင် ဘုရားကြီး (မဟာသံ တန်ဆောင်းတော်) ပိဋကတ်သုံးပုံ ကျောက်စာတိုက်များ ဘက်စုံပြုပြင် မွမ်းမံ တည်ဆောက်ခြင်း ရေစက်ချ အောင်ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် လောကမာရ်အောင် ဘုရားကြီး၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့်ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ တို့က လောကမာရ်အောင် ဘုရားကြီးအဝင် ကွန်ကရစ်လမ်းသစ် ကို မင်္ဂလာ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ရေစက်ချ အောင်ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနား ဆက်လက်ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က လောကမာရ်အောင် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား မြသပိတ် ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ကြသည်။

ယင်းနောက် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ် အပေါင်းက လောကမာရ်အောင် ဘုရားကြီး ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော် ငါးလာချောင်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တ ကောဝိဒထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ် များက ပရိတ် တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီးတို့က မှတ်တမ်းဓာတ်ပုံနှင့် လှူဖွယ်ဝတ္ထု များကို ငါးလာချောင်း ကျောင်းတိုက် ဆရာတော် ထံ ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက် လာကြသူများက ဆရာတော် များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။

၎င်းနောက် အခမ်းအနားမှူးက ပြုပြင်မွမ်းမံ တည်ဆောက်ပြီးစီး အောင်မြင်ခဲ့သော လောကမာရ်အောင် ဘုရားကြီး (မဟာသံ တန်ဆောင်းတော်) အား မူလဘုရား ဒါယကာ၊ ဒါယိကာမ များထံ ပြန်လည် အပ်နှံခြင်းနှင့် ပြုပြင်မွမ်းမံ ရာတွင် မပြည့်စုံမှု မှားယွင်းမှုများ ရှိပါက ခွင့်လွှတ်ရန် တောင်းပန်လွှာ စာတမ်းကို ဖတ်ကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ် အပေါင်းက ငါးလာချောင်း ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးတို့က မင်္ဂလာမော်ကွန်း ကမ္ပည်း ကျောက်စာတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အဖွဲ့ဝင်များ နှင့်အတူ မင်္ဂလာမော်ကွန်း ကမ္ပည်း ကျောက်စာတော် အား ပရိတ် နံ့သာရည်များ ပက်ဖျန်းပေး ကြသည်။

ထို့နောက် မင်္ဂလာ အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးပြီး သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြုပြင်ပြီးစီးသည့် ကျောက်စာတိုက် များအား လှည့်လည် ကြည့်ရှုကြပြီး ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုး ကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဖျောက်မြို့ရှိ ဧရာဝတီမြစ် အရှေ့ဘက် ကမ်းတာ (အဖျောက်တာ) သို့ သွားရောက် ကြည့်ရှု စစ်ဆေး ရာ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက တာမကြီးအား မြှင့်တင်သည့် လုပ်ငန်းနှင့် မြို့ ကမ်းပတ်တာ ပြုပြင်မွမ်းမံမှု လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဧရာဝတီ မြစ်ရေအား စနစ်တကျ ထိန်းသိမ်း နိုင်ရေးနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေး တို့အတွက် အကြံပြု ဆွေးနွေးခဲ့သည်။

မြန်မာ့ဓလေ့တွင် ''သာသနဋ္ဌိတိယာ ပရိယတ္တိ မေဝ ပမာဏံ'' ဟူသည့် ကျမ်းဂန်နှင့် အညီ သာသနာတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ ပြန့်ပွားနိုင်ရန် အခြေခံအုတ်မြစ် ဖြစ်သည့် ပရိယတ္တိ ဓမ္မခန် ပိဋကတ် သုံးတန်တို့အား ကျောက်ထက် အက္ခရာတင်၍ ထင်ရှား ခိုင်မြဲစွာ မှတ်တမ်းတင် ထားရှိကြသည်။ မန္တလေးမြို့ ကုသိုလ်တော် ဘုရားကြီး၌ ပဉ္စမသင်္ဂါ ယနာတင် ဘဝရှင် မင်းတုန်းမင်း တရားကြီး လက်ထက် ပိဋကတ် သုံးပုံအား ကျောက်စာတော် ၇၂၉ ဆူနှင့် တည်ထား ပူဇော်ခဲ့ပြီး မြန်မာနိုင်ငံ၌ အကြီးဆုံး ကျောက်စာတိုက် လည်း ဖြစ်သည်။

အဖျောက်မြို့ရှိ လောကမာရ်အောင် ဘုရားကြီး (မဟာသံ တန်ဆောင်းတော်) ကို မူလ အလှူရှင်များဖြစ်သော ဦးပွကြီး-ဒေါ်မမ တို့က မတည်ကာ ရဟန်းရှင်လူ အများပြည်သူ တို့က မြန်မာ သက္ကရာဇ် ၁၂၇၈ ခုနှစ် တန်ခူးလပြည့်ကျော် ၃ ရက်တွင် တည်ထားကိုးကွယ် ခဲ့ပြီး မြတ်စွာဘုရားရှင် ဟောကြားခဲ့သော ပိဋကတ် ဓမ္မခန် ဒေသနာတော် များကို ကျောက်စာများ ထွင်းထု၍ ဝိနည်း ၁၁၂ ချပ်၊ သုတ္တန် ၄ဝ၃ ချပ်နှင့် အဘိဓမ္မာ ၂ဝ၅ ချပ်၊ စုစုပေါင်း ကျောက်စာချပ်ရေ ၇၂ဝ ကို ကုသိုလ်တော် ဘုရားကြီးမှ ပိဋကတ် ကျောက်စာမူ အတိုင်း တည်ထား ကိုးကွယ်ခဲ့သဖြင့် နှစ်ကာလ အားဖြင့် ၉၉ နှစ် တိုင်ခဲ့ပြီ ဖြစ်ပြီး မြန်မာနိုင်ငံ တွင် ဒုတိယအကြီးဆုံး ကျောက်စာတိုက် လည်း ဖြစ်သည်။

အဖျောက်မြို့သည် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင် အတွင်း၊ ရန်ကုန်မြို့မှ ကားလမ်းအားဖြင့် ၇၃ မိုင် ၁ ဖာလုံအကွာ ဧရာဝတီမြစ်ဘေး တွင် ကပ်လျက် တည်ရှိသည်။ ယခုနှစ် ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာ လများအတွင်း နိုင်ငံတစ်ဝန်း ရေကြီးရေလွှမ်း မှုများ ဖြစ်ပေါ်နေစဉ် ကာလအတွင်း သြဂုတ်လ ၅ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အဖျောက်မြို့သို့ သွားရောက်၍ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကြည့်ရှု အားပေးစဉ် လောကမာရ်အောင် ဘုရားကြီး (မဟာသံ တန်ဆောင်းတော်) သို့ ရောက်ရှိ ဖူးမြော်ခဲ့ပြီး ယင်းအချိန်မှစ၍ ပိဋကတ်သုံးပုံ ကျောက်စာတိုက်များ ဘက်စုံပြုပြင် မွမ်းမံမှုများအား ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ ကျောက်စာတော် များသည် စေတီလေးမျိုးတွင် ဓမ္မစေတီ ထိုက်တော်မူပြီး ယင်း ဓမ္မစေတီ ထိုက်သည့် ကျောက်စာတော် များအား အဓွန့်ရှည် တည်တံ့အောင် ထိန်းသိမ်း

စောင့်ရှောက် ခြင်းသည်  ဗုဒ္ဓသာသနာတော်အား အဓွန့်ရှည်စွာ တည်တံ့စည်ကား ပြန့်ပွားအောင် ထိန်းသိမ်း စောင့်ရှောက် ခြင်းပင်ဖြစ်သည်။ အချိန်ကာလ ကြာမြင့်၍ ရာသီဥတု ဒဏ်ကြောင့် ယိုယွင်းပျက်စီး နေသော ဂန္ဓကုဋီတိုက်၊ ပင်မ တန်ဆောင်းနှင့် ကျောက်စာတိုင် များအား ရှေးမူမပျက် ပိုမိုသပ်ရပ် တင့်တယ်စွာဖြင့် အများပြည်သူများ ဖူးမြော်ကြည်ညို နိုင်ရန်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး အမှူးပြုသော တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်း၍ လောကမာရ်အောင် ဘုရားကြီး ဘက်စုံမွမ်းမံရန်အတွက် ဂန္ဓကုဋီတိုက်၊ ပင်မတန်ဆောင်း၊ ဧည့်ကြို တန်ဆောင်း အမှတ်(၁၊၂၊ ၃၊ ၄)နှင့် ကျောက်စာတိုက် (၁၊ ၂) တို့တွင် အမိုးသစ် မိုးပေးခြင်း ဘက်စုံပြုပြင် ပေးခြင်း၊ ကျောက်စာတိုက် (၃၊ ၄၊ ၅) တို့တွင် လျှောက်လမ်းနှင့် လျောင်းတော်မူ ဘုရားအမိုးများ မွမ်းမံပေးခြင်း၊ မူလအုတ်များဖြင့် ရှေးမူအတိုင်း အုတ်ကွက်များ စီပေးခြင်း၊ ဘက်စုံ ပြုပြင်ပေးခြင်း၊ မုခ်ဦးမှ လျှောက်လမ်း ကွန်ကရစ် လမ်းခင်းပေးခြင်း၊ ဘုရားကြီးအား လျှပ်စစ်မီးဖြင့် ပူဇော်ပေးခြင်း၊ ကျောက်စာတိုက် (၃) အတွင်းပိုင်း ကြမ်းခင်းအား ပြန်လည် မြှင့် တင် ပေးခြင်း များ ဆောင်ရွက်ပေး ခဲ့ကြောင်းနှင့် ကျောက်စာတိုက် များသို့ သွားရာလမ်းများ ကွန်ကရစ်လမ်း ခင်းပေးခြင်း၊ ဘုရားကြီး ပရိဝုဏ် စိမ်းလန်း စိုပြည်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး တို့အတွက် ပြုပြင်ခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က လောကမာရ်အောင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော် ၊ ပန်း ၊ ရေချမ်း ၊ ဆီမီများ ကပ်လှူပူဇော်ကြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက လောကမာရ်အောင် ဘုရားကြီး ဂေါပကအဖွဲ့ သြ၀ါဒါ စရိယဆရာတော် ငါးလာချောင်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တ ကောဝိဒထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌတို့က လောကမာရ်အောင် ဘုရားကြီးအဝင် ကွန်ကရစ်လမ်းသစ်ကို မင်္ဂလာ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ပြုပြင်ပြီးစီးသည့် ကျောက်စာတိုက်များအား လှည့်လည် ကြည့်ရှုကြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက အဖျောက် တာမကြီးအား မြှင့်တင်သည့် လုပ်ငန်းနှင့် မြို့ကမ်းပတ်တာ ပြုပြင်မွမ်းမံမှု လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြစဉ်



မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger