www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 14, 2015

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပိုလီယိုကာကွယ်ဆေးများ ထပ်မံထိုးပေးသွားမည်


ရန်ကုန် ၊ ၁၄-၁၂-၂၀၁၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ၌ အသွင်ပြောင်း ပိုလီယို ဗိုင်းရပ်စ်ပိုး ဖြစ်ပွားသူ ကလေးနှစ်ဦးကို တွေ့ရှိခဲ့ သဖြင့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ပေါက်တောမြို့နယ်၊ ချင်းပြည်နယ်မှ ကန်ပက်လက် နှင့် ပလက်ဝမြို့၊ ဧရာဝတီတိုင်း ဒေသကြီးမှ ရေကြည်မြို့၊ ပဲခူးတိုင်း ဒေသကြီးမှ ပန်းတောင်းမြို့၊ မကွေး တိုင်းဒေသကြီးမှ ငဖဲမြို့ စုစုပေါင်း ၁၅ မြို့နယ်ရှိ ၁၅ နှစ်အောက် ကလေးများကိုလည်း တစ်အိမ် တက်ဆင်း ကာကွယ်ဆေး ထိုးပေးပြီး ဖြစ်ကြောင်း သိရသည်။

''တခြားနေရာ တွေမှာလည်း ၁၅ နှစ်အောက် ကလေးတွေ ရုတ်တရက် ခြေလက်မသန် တော့တာတွေ တွေ့ခဲ့တယ် ဆိုရင် တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ပိုလီယို ကာကွယ်ဆေး တွေ ဆက်လက် ထိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒီရောဂါပိုး တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကိုလည်း အကြောင်းကြား ထားပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဒီဇင်ဘာ ၇ ရက်မှာ ဒီပိုးဟာ အသွင်ပြောင်း လာတဲ့ ပိုလီယို ဗိုင်းရပ်စ်ပိုး ဟုတ်မှန်ကြောင်း အတည်ပြု လိုက်ပြီး တခြားနေရာ တွေကိုလည်း ကူးနိုင်တယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။ အခုတွေ့ရှိတဲ့ မောင်တောမြို့နယ် မှာရှိတဲ့ ကလေးတွေကို ကာကွယ်ဆေး တစ်ကြိမ် တိုက်ကျွေး လိုက်ပြီဖြစ်ပါတယ်။ နောက်ပြီး ကူးနိုင်တဲ့ မြို့နယ်တွေ ကိုလည်းသွားပြီး ကာကွယ်ဆေးတွေ ထိုးပေး နေပါတယ်'' ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်း က ပြောသည်။

လတ်တလောတွင် တစ်အိမ်တက်ဆင်း ပိုလီယို ကာကွယ်ဆေး များကို လိုက်လံ ထိုးပေးရာတွင် ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကလေးငယ် စုစုပေါင်း ၃၂၄၄၂၇ ဦးကို ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့်၂ဝ၁၄ ခုနှစ် မတ် ၂၇ ရက်တွင် ပိုလီယိုရောဂါ အရိုင်းပိုး ကင်းစင်သော နိုင်ငံအဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ အသိအမှတ်ပြု ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger