www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 18, 2015

ဂျပန်နှင့်အိန္ဒိယတို့၏ နွေးထွေးသော ဆက်ဆံရေးကြောင့် စိတ်ပျက်နေသည့် တရုတ်



ဂျပန်နှင့်အိန္ဒိယတို့၏ နွေးထွေးသော ဆက်ဆံရေးကြောင့် စိတ်ပျက်နေသည့် တရုတ်

(ရှိန်းထက်)

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ သုံးရက်ကြာ အိန္ဒိယ ခရီးစဉ်သည် မမျှော်လင့်ဘဲ အောင်မြင်မှုပေါင်း များစွာဖြင့် ပြီးဆုံးခဲ့ သောကြောင့် တရုတ်၏ စိတ်အလို မကျမှုကို ဖြစ်ပေါ် စေခဲ့သည်။ ဂျပန်အတွက် အာဘေး၏ သုံးရက် ခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ စွမ်းအင်ကဏ္ဍ နှင့် မီးရထားကဏ္ဍ တို့ကဲ့သို့သော အရေးကြီးသည့် အခြေခံ အဆောက်အအုံ ကဏ္ဍနှင့် ကာကွယ်ရေး ကဏ္ဍတို့ကို ရင်းနှီးမြှုပ်နှံမှု ရရှိစေခဲ့သည်။ ပထမတစ်ရက်တွင် အိန္ဒိယနှင့် အမေရိကန်တို့ နှစ်စဉ်ပုံမှန် ပြုလုပ်နေကျ ဖြစ်သည့် မာလာဘာ ပူးတွဲစစ်ရေး လေ့ကျင့်ရေး အစီအစဉ်တွင် ဂျပန်တို့ နှစ်စဉ်နှစ်တိုင်း အထူးဧည့်သည်တော် အနေဖြင့် ပါဝင်လေ့ကျင့်ရေး ဖြစ်သည်။ ထို့ပြင် အိန္ဒိယ၏ စစ်လက်နက် ပစ္စည်းကဏ္ဍ တွင်လည်း ဂျပန်မှသူ၏ အဆင့်မြင့် နည်းပညာများကို ပေးပြီး စွမ်းရည် မြင့်မားသည့် စစ်လက်နက် များကို အိန္ဒိယတို့ ကိုယ်ပိုင်ပိုမို ထုတ်လုပ်နိုင်ရေး အတွက် အကူအညီ လည်းပေးသွားဦးမည် ဖြစ်သည်။

ဒုတိယနေ့တွင် အိန္ဒိယ၏ အလိုအပ်ဆုံး ကဏ္ဍဖြစ်သော စွမ်းအင်ကဏ္ဍ အတွက် ဂျပန်မှ တာဝန်ယူ လိုက်ခြင်း ဖြစ်သည်။ အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ၍ တန်ကြေးရှိသော နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး ဖြစ်သည်။ ပဲရစ်၌ ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP21 အပြီး အိန္ဒိယသည် သူပေးခဲ့သော ကတိကို ချက်ချင်း အကောင် အထည်ဖော် လိုက်ခြင်းဖြစ်သည်။ အိန္ဒိယသည် COP21 တွင် ကာဗွန် ထုတ်လုပ်မှုကို လျှော့ချနိုင်ရန် ကျောက်မီးသွေး အသုံးပြုမှုကို ရပ်ဆိုင်း တော့မည်ဟု ကြေညာခဲ့ပြီး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် ကာဗွန်ထုတ်လုပ်မှု လျော့ကျစေသော စွမ်းအင်ကဏ္ဍကို အသုံးပြုမည် ဟုဆိုကာ လက်မှတ်ရေးထိုး ခဲ့သည်။

နျူကလီးယား ဓာတ်ပေါင်းဖို များသည် ကာဗွန် ထုတ်လုပ်မှုလည်း လျော့နည်းကာ ကျောက်မီးသွေး စက်ရုံနှင့် တခြားလောင်စာ အသုံးပြု စက်ရုံများထက် လျှပ်စစ်စွမ်းအား ကို ပိုမိုပေးစွမ်း နိုင်သည်။ အိန္ဒိယတို့ အတွက်
လိုအပ်သည့် စွမ်းအင်ကဏ္ဍ ကိုလည်း ဖြည့်ဆည်းပေးပြီး သားဖြစ်၊ COP21 ကတိကိုလည်း ပထမဆုံးလက်တွေ့ အကောင် အထည်ဖော်ဆောင် လိုက်သည့် ပထမဆုံး နိုင်ငံလည်းဖြစ် သွားခဲ့သည်။

တတိယနေ့တွင် ဂျပန်သည် အိန္ဒိယနှင့် ကျည်ဆန်ရထား စီမံကိန်းကို အောင်မြင်စွာ လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အိန္ဒိယနှင့်ဂျပန်တို့ လက်မှတ်ရေးထိုး ထားသော ကျည်ဆန်ရထား စီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ တန်ကြေးရှိသည်။ ကမ္ဘာပေါ်၌ ကျည်ဆန်ရထား အမြန်ဆုံးစံချိန်နှင့် လုံခြုံစိတ်ချရ မှုတွင် ဂျပန်သည် ပထမတန်းစား နိုင်ငံဖြစ်သည်။ စွမ်းအင်ကဏ္ဍ အတွက် အိန္ဒိယ၏ နျူကလီးယား ဓာတ်ပေါင်းဖို အစီအစဉ်များနှင့် ကျည်ဆန်ရထား စီမံကိန်းများသည် ဂျပန်တို့ နှင့် သဘောတူညီမှု မရမီက အိန္ဒိယ၌ တရုတ်တို့ လုပ်ကိုင်ခွင့် ရတော့မည်ဟု နာမည်ကြီး ခဲ့ဖူးသည်။ သို့သော်လည်း ယခုဂျပန်က ရရှိသွားသော အခါ တရုတ်၏ မဟာစီမံကိန်း အိပ်မက် ကြီးလည်း ပျက်စီး သွားရတော့သည်။ တရုတ်သည် ယခုနောက်ပိုင်း အခြေခံ အဆောက်အအုံ ကဏ္ဍပိုင်းတွင် ပိုမိုအားကောင်း လာသည်။ နျူကလီးယား ဓာတ်ပေါင်းဖိုများကို ဆောက်လုပ် ပေးခြင်းနှင့် အမြန်ရထား လမ်းများ ဖောက်လုပ်ခြင်း ကဲ့သို့ကဏ္ဍ များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် ယခုနောက်ပိုင်း တရုတ်၏ စီးပွားရေး ဗျူဟာသစ်များ ဖြစ်လာခဲ့သည်။ သို့သော်လည်း ယခုအိန္ဒိယရှိ သူသိမ်းကျုံး လုပ်ကိုင်ခွင့် ရတော့မည့် စီမံကိန်းများကို မနေ့တစ်နေ့ ကမှ ရောက်လာခဲ့သော ဂျပန်သည် သုံးရက်တည်းနှင့် အပိုင်သိမ်းသွား နိုင်ခဲ့သည်။

ထို့ကြောင့် တရုတ်တို့ ဂျပန်ကိုသာမက နောက်မှ ပေါက်သည့် ရွှေကြာပင်ကို ဦးစားပေး ခဲ့သော အိန္ဒိယကိုပါ မကျေမနပ် ဖြစ်ခဲ့သည်။ တစ်ဖန်အိန္ဒိယ - အမေရိကန်ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း တွင်လည်း ဂျပန်ပါဝင် လာခြင်းကို တရုတ်တို့က မနှစ်မြို့ချေ။ ဂျပန်သည် သူ၏ သမိုင်းဝင် ရန်သူတော်ကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။ ယခုလက်ရှိလည်း ဂျပန်နှင့် တရုတ်သည် တောင်တရုတ် ပင်လယ် အတွင်းရှိ ကျွန်းနှစ်ကျွန်း အငြင်းပွားမှု များကြောင့် တင်းမာမှုများ အတောမသတ် နိုင်အောင် ရှိနေသေးသည်။

ထို့ပြင် အိန္ဒိယ ၀န်ကြီးချုပ် မိုဒီနှင့် ဂျပန် ၀န်ကြီးချုပ် အာဘေးတို့ တွေ့ဆုံပြီး မကြာမီမှာပင် တရုတ်သမ္မတ ရှီကျင့်ဖျင် ထံသို့ ပူးတွဲကြေညာချက် တစ်စောင် ပို့လိုက်သေးသည်။ အငြင်းပွား တောင်တရုတ် ပင်လယ်ပြင်၌ တရုတ်တို့က ကျွန်းတုများ ဆက်လက် ဆောက်လုပ်နေခြင်းကို ကန့်ကွက်သည့် စာ ဖြစ်သည်။ ထို့အတွက်လည်း တရုတ်က ဂျပန်နှင့် အိန္ဒိယကို တောင်တရုတ် ပင်လယ်ပြင်ရှိ စပရက်တလီ ကျွန်းစု အငြင်းပွားမှု အရေးသည် သင်တို့ နှစ်နိုင်ငံနှင့် လားလားမျှ မဆိုင်သောကြောင့် တင်းမာမှုများ ထပ်မံမြင့်တက် အောင် မလုပ်ရန် ဂျပန်နှင့်အိန္ဒိယကို သတိပေးခဲ့ သေးသည်။

ထို့ကြောင့် ဂျပန်ဝန်ကြီးချုပ် အာဘေး ၏ အိန္ဒိယခရီးစဉ် သည် တရုတ်တို့အတွက် လုံးဝမနှစ်မြို့စရာ ဖြစ်နေသည်။ ယခင်က ခပ်ငြိမ်ငြိမ် နေခဲ့သော အိန္ဒိယသည် တောင်တရုတ် ပင်လယ်ပြင် အရေးတွင် ပါဝင်လာသည်။

တရုတ်သည် အိန္ဒိယ နှင့်လည်း နယ်စပ် ပိုင်ဆိုင်မှု အငြင်းပွားမှု များကြောင့် နှစ်ပေါင်းများစွာ ကြာအောင် တင်းမာ နေခဲ့သူဖြစ်သည်။ ယင်း နယ်စပ်အရေး ကြောင့်ပင် နှစ်နိုင်ငံ စစ်တပ်များ နယ်စပ်သို့ အလုံးအရင်းနှင့် အပို့ခံရကာ စစ်မက်ဖြစ်ပွား မည့် အခြေအနေသို့ တိုင်အောင် ရောက်ရှိခဲ့ သေးသည်။ ထို့နောက်ပိုင်း မှသာ တရုတ်သည် အိန္ဒိယ၏ အားနည်းနေသော အခြေခံ အဆောက်အအုံ ကဏ္ဍပိုင်းကို အကွက်မြင်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ချင် သောကြောင့် သံတမန်ရေး လမ်းကြောင်း သစ် ခင်းခဲ့သည်။ ထို့ကြောင့်လည်း ယခု အိန္ဒိယ၏ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ပိုင်းတွင် တရုတ်သည် နေရာ အတော်အတန် ရနေခြင်း ဖြစ်သည်။

ထိုအချိန်က ဂျပန်နှင့် အိန္ဒိယ ဆက်ဆံရေးသည် အပြေလည်ကြီး မဟုတ်သေး။ အိန္ဒိယ၌ မိုဒီ တက်လာသော အခါမှသာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ယခုတရုတ်၏ နေရာကိုယူရန် ဂျပန် ရောက်လာခဲ့သည်။ တရုတ်နှင့် အိန္ဒိယသည် အာရှဒေသတွင်း မဟာပြိုင်ဘက်များ ဖြစ်သည်။ စီးပွားရေး အရရော၊ စစ်ရေးအရ နှစ်နိုင်ငံ စလုံးသည် ပြိုင်ဘက်များ ဖြစ်သည်။ ယခုအိန္ဒိယ၏ စီးပွားရေး တိုးတက်မှုနှုန်း ကလည်း တရိပ်ရိပ် တက်လာနေသည်။ အိန္ဒိယအတက် တရုတ်အကျ ဖြစ်နေသည်။

တရုတ်သည် အိန္ဒိယ စီးပွားရေး အကောင်းဆုံး အနေအထားသို့ ရောက်ရှိ သွားသောအခါ သူ၏ စီးပွားရေး လုပ်ငန်းများ အိန္ဒိယ၌ အထိုင်ကျ နေပြီးသား ဖြစ်အောင် ကြိုးစားနေခြင်း ဖြစ်သည်။ ယခု သူ၏ မဟာဗျူဟာ
စီမံကိန်းကြီးသည် ဂျပန်ကြောင့် ပျက်ရတော့မည့်ကိန်း ဖြစ်နေသည်။ အာဘေး က သုံးရက်တည်းနှင့် ဒေါ်လာ ၁၅ ဘီလီယံ တန်ကြေးရှိသော စီမံကိန်းကြီး များကို သိမ်းကျုံး ယူသွားခဲ့သော ကြောင့်ဖြစ်သည်။

ထို့ပြင် အိန္ဒိယနှင့် တရုတ်ကလည်း စစ်ရေးအား ပြိုင်ဘက်၊ တရုတ်နှင့် ဂျပန် ကလည်း စစ်ရေးအား ပြိုင်ဘက်ဖြစ်သည်။ နှစ်နိုင်ငံစလုံး နှင့်လည်း တရုတ်က ယခုအချိန်ထိ အငြင်းပွား နေသေးသည်။ ယခင်က သီးခြား ရှိနေခဲ့သော သူ၏ ပြိုင်ဘက် နှစ်ဦးသည် ယခုတော့ တစ်ဂိုဏ်းတည်းလို ဖြစ်သွားသည်။ သူ၏ စီးပွားရေး အင်အား အိန္ဒိယကို လွှမ်းမိုးရန် အကြံအစည်လည်း ပျက်သွားသည်။ ထို့ကြောင့် တရုတ်အတွက် ဂျပန်နှင့် အိန္ဒိယ တို့၏ နွေးထွေးသော ဆက်ဆံရေးသည် တရုတ်အတွက် မည်သည့်အရာမှ ကောင်းကျိုး မပေးသည့် အတိတ်နိမိတ်ဆိုး များသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger