www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 7, 2015

ဘ၀ကိုမြှင့်တင်ခွင့် ကိုယ်ထံသာရှိသင့်


ဘ၀ကိုမြှင့်တင်ခွင့် ကိုယ်ထံသာရှိသင့်

သရက်တန်းစိုးရွှေ

ထမင်းတစ်လုတ် စားပြီးပြီ ဆိုသည်နှင့် ဘဝတစ်ခုကို တိုးတက်အောင် ပြုရေးအတွက် တာဝန်တစ်ခု၊ ကတိတစ်ခု ပေးအပ်လိုက်ပြီ ဟု မှတ်ယူနိုင် ပေသည်။ လောက သဘာဝကိုက ချန်လို့ပဲ ကျန်ကျန်၊ ကျန်လို့ပဲ ချန်ချန် ကျန်နေခြင်း မျှသာဟု သတ်မှတ်တတ် ပေသည်။ လူသားဟု ဆိုလိုက်သည်နှင့် ပြောဆိုမှု၊ ဆက်ဆံမှုများစွာ နေ့စဉ်ဆက်သွယ် ရုန်းကန် နေကြရပေသည်။ ထို ဆက်သွယ်မှု များတွင် စိတ်ညစ်ခြင်းများ ပါသလို စိတ်သစ်ခြင်း များလည်း ပါဝင် နေတတ်ပေသည်။ စိတ်ပျက်ခြင်းများ ပါသလို၊ စိတ်ဓာတ် တက်ကြွခြင်း များလည်း ပါဝင် နေပေသည်။ အချစ်၊ အမုန်း၊ အပြုံးတို့အကြား ဦးစားပေး ဆောင်ရွက်ရမည့် အရာမှာ ကိုယ့်တာဝန်ကိုယ် ကျေပွန်ရေးပင် ဖြစ်နေပေသည်။ တာဝန်ကျေခြင်း မှစကာ ဘဝကို မြှင့်တင်ရေး ကိုယ်တိုင် ဖန်တီးရွေးချယ် ရပေမည်။

ကြည့်မြင်ရန် မျက်လုံး ရှိနေသမျှ လောကအလှကို မြင်အောင် ကြည့်ကြရ ပေမည်။ ကြားရန် နားများပါနေသမျှ လောက ပတ်ဝန်းကျင်မှ အရာများကို စာနာမှု များဖြင့် ကြားနိုင် ရပေမည်။ ခံစားမှုများဖြင့် ရှင်သန် နေသမျှ ကာလပတ်လုံး အမြဲမပြုံး နိုင်သည့် တိုင်အောင် အနိုင်အရှုံးကို ခံနိုင်ရေး၊ စိတ်ဓာတ် ကြံ့ခိုင်ပေး ကြရမည် ဖြစ်ပေသည်။ လောကကြီး၏ အလှတရားကို မြင်နိုင်ရေး ကိုယ်တိုင်၏ စိတ်တွင် မေတ္တာစိတ် ဓာတ်ခံလေး ရှိရမည်ဖြစ်သည်။ နောက်ဆုံးကာလ ပြင်ဆင်မှုများ အတွက် တွေးဆသမျှ ရဲရဲရင့်ရင့် သေနိုင်ရေး တာဝန် ကျေပွန်ပြီလို့ ခံယူနိုင်ရန် အရေးကြီး လှပေသည်။ တာဝန် ကျေပွန်သူ တိုင်းသည် နေရဲသေရဲ စိတ်ဓာတ် ရှိနေမြဲပင် ဖြစ်သည်။

လူသည် သေသည်အထိ အမြဲသင်ယူ နေရပေသည်။ ပတ်ဝန်းကျင် ခေတ်ကာလ နည်းပညာ များသည် လေ့လာ သင်ယူ၍ မကုန်နိုင်အောင် ရှိနေပေသည်။ သင်ယူမှု များစွာထဲတွင် ကောင်းမှု မြတ်နိုးစွာ မေတ္တာထား တတ်ရေး သင်ယူပေးသင့် လှပေသည်။ လူသည် အသိပညာ မြင့်လေ ပြောဆို ဆက်ဆံမှု နားလည်လေပင် ဖြစ်သည်။ လူတိုင်း တိုးတက် လိုကြသည်။ တိုးတက်ခြင်းဟု ဟစ်အော်ကာ မတိုးတက်ရေး တို့ကို ခုံမင် နေတတ်ကြ ပေသည်။ တိုးတက်လာသော ခေတ်နှင့်အညီ နည်းပညာ များကို ကိုးကား အချိန်ဖြုန်း နေတတ်ကြ ပေသည်။

ကိုယ့်ဘဝ၏ အရှင်သခင်သည် ကိုယ်တိုင်ပင် ဖြစ်နေတတ် ပေသည်။ ကိုယ့်ဘဝအရေး ကိုယ်တိုင် စီမံနိုင်ရေး ဖြည့်စွမ်းပေး ကြရပေမည်။ ကိုယ့်ဘဝကို မြှင့်တင်ခွင့် ကိုယ့်ထံသာ ရှိနေသည့် အတွက် အဖိုးတန် ဆုံးသော အချိန်ကလေး များကို ကောင်းမွန်စွာ အသုံးချနိုင်ရန် ကြိုးစားသင့် လှပေသည်။ နေ့စွဲတိုင်းတွင် ဘဝသစ် တစ်ခုကို ဖန်တီးပိုင်ခွင့် ရှိနေတတ် ပေသည်။ ပြီးခဲ့သည့် ကာလကို သင်ခန်းစာ ယူစရာအဖြစ် သတ်မှတ်ကာ မကောင်းသည်ကို ပယ်ကာ ကောင်းသည်များကို ရွေးချယ် သယ်ဆောင် လာရပေမည်။ ကိုယ့်ကိုယ်ကိုယ် အားကိုးရေး ဝါဒကို အရင်းအနှီး ပြုကာ ကိုယ်နှင့်ကိုယ့် ပတ်ဝန်းကျင်ကို ကောင်းအောင် စွမ်းဆောင်ရင်း ပတ်ဝန်းကျင် ကို အလင်းပေးသင့် လှပေသည်။ သို့အတွက် ထမင်းတစ်လုတ် စားနေပါပြီလား။ သင့်မှာ တာဝန်တစ်ခု ရှိသွားပြီ ဟု သတ်မှတ် ယူဆကာ မိမိဘဝ တိုးတက်ရေး ကိုယ့်ဘဝကို မြှင့်တင်ခွင့် ကိုယ့်ထံ ရှိအောင် စွမ်းဆောင် ပြုလုပ်သင့်လှ ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger