www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 7, 2015

မိခင်မေတ္တာ အေးရိပ်သာ



မိခင်မေတ္တာ အေးရိပ်သာ

မဒါလေး

အမျိုးသမီးတိုင်း မိခင် ဖြစ်နိုင်သော အခွင့်အရေး ရှိသည်။ မိခင်ဖြစ်လည်း ဖြစ်နိုင်သည်။ သို့သော် အားလုံးသော မိခင်တိုင်းသည် မိခင်မေတ္တာစိတ် မရှိနိုင်ပါ။

စာရေးသူအိမ်နှင့် မလှမ်းမကမ်းတွင် ဂိုဒေါင်ငယ် တစ်လုံးရှိသည်။ မလှမ်းမကမ်း ဆိုသော်လည်း ထိုဂိုဒေါင်ကို အိမ်အပြင် ကုလားထိုင် ပေါ်မှကြည့်လျှင် အတိုင်းသား မြင်နေရသည်။ ပစ္စည်း အဟောင်းများ ထားရာ နေရာ ဖြစ်သဖြင့် တံခါးပိတ် မထားသည်က များသည်။ ဂိုဒေါင် အပေါ်တွင် ထပ်ခိုးသဏ္ဌာန် ကြမ်းခင်းကို ပျဉ်ပြားများဖြင့် ယာယီခင်း ထားကာ စက္ကူပုံး အလွတ်များ စီရရီနေရာ ချထားသည်။ နံနက်ခင်းနှင့် ညနေပိုင်းတွင် စာရေးသူ ခြံထဲ၌ ဆင်းထိုင်လေ့ ရှိသည်။ နေ့စဉ်လုပ် နေကျ အလုပ် ပမာ ရေနွေး ကြမ်း လေးသောက် တစ်ခါတစ်ရံ လက်ဖက် စားကာ နေစောင်း လျှင် အိမ်ထဲပြန်ဝင်။ တစ်ခါတစ်ရံ ခြံထဲမှ ပန်းပင်လေး များကို ဟိုကြည့် သည်ကြည့်နှင့် နေ့ရက် အတော် များများကို ဖြတ်သန်း လာခဲ့သည်။

လှပသော နေရောင်အောက်တွင် ပင်ပန်း နွမ်းနယ်မှုများကို ဖြေလျှော့ရန် ခုံတန်းလျား ပေါ်တွင်ထိုင်ရင်း ဂိုဒေါင်ဘက်ကို အမှတ်မထင် ကြည့်မိသည်။ အမှတ်မထင် ဆိုသည်ထက် မှတ်မှတ်ထင်ထင် မြင်ကွင်းထဲ ဝင်လာသော အသွင်သဏ္ဌာန် များက ပို ထူးခြားနေသည်။ သေချာ ကြည့်တော့မှ စာရေးသူ အိမ်၏ ဂိုဒေါင်ထဲမှ ကြောင် သားငယ်လေး ထွက်လာသည်ကို တွေ့ရသည်။ နေရောင် အောက်တွင် ကြောင်မကြီး သည် ထိုကြောင် သားငယ်လေးကို လျှာဖြင့် ခေါင်းမှ ခြေအဆုံး အမြီးပါ မကျန် လျက်ပေးနေသည်။ ခဏအကြာ ကြောင်သားငယ် လေးကိုထားကာ ဂိုဒေါင်ထဲ ဝင်သွားပြန်သည်။ နောက်ထပ် ကြောင်လေး တစ်ကောင် ထပ်ပါလာသည်။

ထိုကြောင်လေး ကိုလည်း ပထမကြောင်လေး ကဲ့သို့ ပြုလုပ်ပေးကာ နေရောင် အောက်တွင် ကြောင် သားအမိတို့ ဆော့ကစား နေကြသည်။အချိန် အတော်ကြာ ဆော့ကစား အပြီးတွင် ကြောင်မကြီး သည် ကြောင်သားငယ်လေး တစ်ကောင်ကို ဂိုဒေါင်ဘက် ခေါ်သွားသည်။ ဂိုဒေါင် အဝင်ဝသည် အနည်းငယ် မြှင့်ထားသဖြင့် လှေကားမှာ နှစ်ထစ်ရှိသည်။ ကြောင်ကလေး သည် ထိုလှေကား များကိုတက်ရန် အလွန်ငယ် နေသေးသည်။ ရုတ်တရက် ဘယ်လို တက်မလဲဟု စာရေးသူ စိတ်ပူသွားသည်။ ထိုလှေကား ထစ်ပေါ် ကြောင်သားငယ် လေးကို တင်ပေးရန် စာရေးသူ ထရပ်လိုက်သည်။ စာရေးသူ နောက်ကျ သွားပေပြီ။ စာရေးသူ ခြေလှမ်း မစခင်မှာပင် မိခင် ကြောင်မကြီးသည် ကြောင်သားငယ် လေးကုတ်တက် နေသည်ကို အောက်မှ လက်လေးနှင့် လှမ်းပင့်တွန်း လိုက်သည်။ ကြောင်သားလေး လှေကားအပေါ် ရောက်သွားလေပြီ။ ကြောင်မကြီးလည်း လိုက်တက်သွားသည်။ ထို့နောက်မှာတော့ ကြောင်သားငယ်လေး ကုပ်ကို ပါးစပ်နှင့် ကိုက်ချီကာ အပေါ်ထပ်ခိုးရှိ စက္ကူပုံး အလွတ်တစ်ခုထဲသို့ ရောက်အောင် ချီကာ ထည့်လိုက်သည်။

နောက်ထပ် ကြောင်သားငယ်လေး တစ်ကောင်ကိုလည်း ထိုနည်း အတိုင်းပင် ကုပ်ကိုပါးစပ်နှင့် ကိုက်ချီကာ ထပ်ခေါ် သွားပြန်သည်။ စာရေးသူ နေ့စဉ် နံနက်နှင့်ညနေ ထွက်ထိုင် နေသည်ကိုပင် ကြောင်အော်သံ ဟူ၍ နည်းနည်းပင် မကြားခဲ့ရ။ ယခုဆိုလျှင် ကြောင်သားငယ် လေးများသည် မျက်လုံးလေးများပင် ပွင့်နေပေပြီ။ စာရေးသူ ရင်တွေ တလှပ်လှပ် ခုန်လာသည်ထိ အချိန်ကြာအောင် ကြောင် မိသားစု လေးကိုစောင့်ကြည့် နေမိသည်။ ဤမြင်ကွင်းသည် စာရေးသူ အတွက်တော့ အတော်ပင် ကြည်နူးစရာလည်း ကောင်းနေသည်။ ထိုညက ကြောင်မကြီး၏ ကြောင် သားငယ်လေး များကို လှေကားအတက် တွန်းတင်ပုံ စက္ကူပုံးအတွင်း ချီထည့်ပုံ များသည် မျက်လုံးထဲ ပန်းချီဆွဲထားသည့်နှယ် ဖြစ်နေတော့သည်။

စောင့်စားရသူ အတွက် ညတာသည် ရှည်လွန်းလှသည်။ နိုးထရမည့် နံနက်ခင်းအတွက် စာရေးသူ ရင်တွေခုန်နေသည်။ ဖော်ပြ၍ မရသည့် ခံစားချက်တစ်ခုက စာရေးသူကို တဖြည်းဖြည်း စုပ်ယူနေသည်ဟု ခံစား လိုက်ရသည်။ ခုံတန်းလေးပေါ် ရောက်ရောက်ချင်း ပါလာသည့် ရေနွေးကြမ်း ခွက်ကို မသောက်နိုင် သေးဘဲ မနေ့က နေရောင်အောက်တွင် ရှိနေသော ကြောင်သားအမိကို ရှေးဦးစွာ ကြည့်မိသည်။ ကြောင်သားလေး များကို ကြောင်မကြီးက နေရောင်အောက်တွင် နို့တိုက်နေသည်။ မိခင်မေတ္တာ အေးရိပ်သာမှာ ကြောင်သားလေးများ ကြောင့်ကြမဲ့ နို့စို့ နေကြသည်။ နို့တိုက်ပြီး ကလူကျီစယ် ကစားနေကြသည်။ တစ်ချက်တစ်ချက် အမြီးလေးများ ထောင်ကာ တစ်ကောင်နှင့် တစ်ကောင် ခုန်အုပ်လိုက် နောက်ပြန်ဆုတ် သွားလိုက် ကြောင်မကြီးဆီ ပြေးဝင်သွားလိုက် နှင့် အချိန်ကြာကြာ ကစားနေကြသည်။ ခဏအကြာ ကြောင်သားအမိ ထပ်ခိုးဆီသို့ ပြန်သွားသည့်တိုင် စာရေးသူသည် အတွေးစတို့ ဖြတ်မရသေးပေ။ မိခင် ကြောင်မကြီးသည် သူ၏ သားသမီးများကို ပညာတစ်ဆင့်ချင်း သင်ပေးနေခြင်း ဖြစ်မည်။ သူ၏ မျက်စိအောက်မှ အပျောက်မခံဘဲ အော်သံတစ်ချက် မကြားအောင် ထိန်းသိမ်းနိုင်သော သူ၏ မေတ္တာတရား ကိုလည်း စာရေးသူ အသိအမှတ်ပြု မိသည်။ အနားမှ ရေနွေးကြမ်းခွက်ကို ကောက်ကိုင် လိုက်သည်။ အေးစက်သော ရေနွေးကြမ်း များကဲ့သို့ အေးစက် နေခဲ့သော စာရေးသူ နှလုံးသားကို တစ်ချက်ပြန်ကြည့် မိသည်။

ရက်အတန်ကြာသော အခါ ညနေခင်း တွင်လည်း ကြောင်ကလေး များကို ခြံအတွင်း ဟိုဟိုသည်သည် တွေ့နေရသည်။ တစ်ခါတစ်ခါ စာရေးသူ အနီးအနားသို့ ရောက်လာတတ်သည်။ ထိုသို့ ကြောင်သားလေး များလာတိုင်း ကြောင်မကြီးသည် ထက်ကြပ်မကွာ လိုက်ပါလာသည်။ နောက်မှ စာရေးသူ အိမ်၏ မီးဖိုချောင်တွင် ကြောင်သားလေး သုံးကောင် မွေးခဲ့ပြီး တစ်ကောင်သည် ကြောင်ထီးကြီး ကိုက်လိုက်သဖြင့် သေသွားခြင်း ဖြစ်သည်။ သို့ အတွက်ကြောင့် ဂိုဒေါင်ထဲသို့ ပြောင်းသွားကာ အသံတိတ် နေခြင်းဖြစ်မည်။ ကလေးများကို အသံအထွက် မခံဘဲ နို့အမြဲတိုက် နေသော ကြောင်မကြီး၏ ပုံသဏ္ဍာန် ၊ ကြောင်ငယ်လေးများ အိပ်မှ တိတ်တဆိတ် အစာလာစား သည်ကအစ မိမိသားငယ်လေး များကို ပြုစုယုယပေး သည်ကအဆုံး ယခုမှပင် အားလုံး ကွက်ကွက်ကွင်းကွင်း ဇာတ်ရည်လည် လာတော့သည်။ ကြောင်မကြီး၏ မိမိကလေးများ အပေါ် စောင့်ရှောက်ပုံ၊ သတ္တဝါ ဆိုသော်ငြားလည်း မေတ္တာတရား ကြီးမားပုံကို စာရေးသူ တွေ့မြင်ခံစား လိုက်ရသည်။ စာရေးသူတို့ လူသားတွေပင် တစ်ခါတစ်ရံ ပြုမူရန် ခက်ခဲသော ဂရုတစိုက်ရှိမှု များကို ကြောင်မကြီး ထံမှ စာရေးသူ တွေ့မြင်ခဲ့ ရသည်။

မိခင်စိတ်ဟူသည် လူ၊ သတ္တဝါဟူ၍ မခွဲခြား မကွဲပြားပဲ ရှိနေခြင်းကို သင်ယူမိ လိုက်သည်။ အားလုံးကိုလည်း မိခင်စိတ် ရှိသော တန်ဖိုးရှိသော လူများ ဖြစ်စေချင် မိသည်မှာ စာရေးသူ၏ မွေးရာပါ စိတ်ရင်း စိတ်ဓာတ်အမှန်ပင် ဖြစ်ပါတော့သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger