www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 28, 2015

လွတ်လပ်ရေးကို ထိန်းသိမ်း


လွတ်လပ်ရေးကို ထိန်းသိမ်း

လွတ်လပ်ရေး ဆိုသည်မှာ စွန့်စားကြိုးပမ်း၍ ဆွတ်ခူးကြိုးပမ်း ရမည့် အောင်ပန်း ဖြစ်သည်ဟု အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က အဓိပ္ပာယ်ဖွင့်ဆို ခဲ့သည်။ လွတ်လပ်ရေး၏ အဓိပ္ပာယ်ကို ပိုမိုသိရှိ သဘောပေါက် စေရန်အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပုံနှင့် ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည် ရရှိရန်အတွက် ကြိုးပမ်းအားထုတ် ရပုံတို့ကို ပြန်လည် စူးစမ်းလေ့လာ ကြရမည် ဖြစ်သည်။

ထိုသို့ လေ့လာခြင်းဖြင့် အထွေထွေ အားနည်းချက်၊ ချို့ယွင်းချက် တို့ကြောင့် လွတ်လပ်ရေး သည် တစ်ခဏတာ ကာလအတွင်း ဆုံးရှုံး သွားခဲ့ကြောင်းကို ၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူ ခဲ့ရပုံက သက်သေပြလျက် ရှိသည်။ 

လွတ်လပ်ရေး ဆုံးရှုံးမှုသည် အလွယ်တကူ ဖြစ်ပေါ်နိုင် သော်လည်း လွတ်လပ်ရေးကို ပြန်လည်ရရှိရန် အတွက် ကြိုးပမ်းရမှုသည် အလွန်တရာ ခက်ခဲ ပင်ပန်း၍ အသက်၊ သွေး၊ ချွေး တို့ပေးဆပ် ခဲ့ရကြောင်း ကောင်းစွာ သိနိုင်မည် ဖြစ်သည်။

မြန်မာ့မျိုးချစ် အာဇာနည်များ ခက်ခဲပင်ပန်းစွာ ကြိုးပမ်းရယူ ပေးခဲ့သော လွတ်လပ်ရေးကို မြန်မာပြည်သူတို့ လက်ဝယ်ပိုင်ဆိုင် ရယူခဲ့သည်မှာ (၆၈)နှစ် ပြည့်တော့မည် ဖြစ်သည်။ ရရှိပြီးသော လွတ်လပ်ရေးကို ထိန်းသိမ်း စောင့်ရှောက်ရန်၊ လွတ်လပ်သော နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ရမည့် တာဝန်သည် ယနေ့ မြန်မာ နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သည်။

လွတ်လပ်ရေးနှင့် ပတ်သက်၍ ''လွတ်လပ်ရေး တွင် နိုင်ငံရေး သဘောအားဖြင့် လုံးဝ လွတ်လပ်စွာ နေဖို့ မခဲယဉ်းဘူး၊ စီးပွားရေး လုံးဝ လွတ်လပ်မှုကို ကြိုးစားမှ ခံစားနိုင်မယ်'' ဟု အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း က လွတ်လပ်သော နိုင်ငံကို စီးပွားရေး တိုးတက်အောင် ကြိုးစားရန် လိုကြောင်း အမြော်အမြင် ကြီးစွာ မှာကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး၏ စည်းလုံး ညီညွတ်မှုသည် အရေးကြီးကြောင်း ကရင်က တစ်မျိုး ၊ ဗမာ က တစ်မျိုး ၊ ချင်း ၊ ကချင် တို့က အခြား အကွဲကွဲ အပြားပြား ဖြစ်နေပါက လွတ်လပ်ရေး ဆုံးရှုံးနိုင်ကြောင်း ကိုလည်း အမြော်အမြင် ကြီးစွာ မှာကြားခဲ့သည်။ မျက်မှောက် ကာလသည် ဒီမိုကရေစီ ခေတ်ကာလ ဖြစ်သည့် အလျောက် လွတ်လပ်သည့် လူ့အခွင့်အရေး များ၊ လွတ်လပ်သည့် စီးပွားရေး လုပ်ငန်းများ ၊ လွတ်လပ်သည့် အယူအဆ များကို လုပ်ကိုင် တင်ပြနိုင် ကြပြီဖြစ်သည်။

ထိုသို့ လုပ်ကိုင်နိုင်ရန် နိုင်ငံတော်က လမ်းခင်းပေးခြင်း ရှိသည့်နည်းတူ ပြည်သူများ ကလည်း ကြိုးပမ်း စွမ်းဆောင်ကြ ရမည် ဖြစ်သည်။ ထိုသို့ကြိုးပမ်း စွမ်းဆောင်ကြ ရာတွင် နိုင်ငံ့ ခေါင်းဆောင် ကြီးများ၏ အမြော်အမြင် ရှိစွာ မှာကြားချက် များနှင့်အညီ ညီညာ တက်ကြွစွာ ဆောင်ရွက်ကြ ရမည် ဖြစ်သည်ကို သတိချပ် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့၏ အမျိုးသားရေး ဦးတည်ချက်များ ဖြစ်သော ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲ သိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်း နေထိုင်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် တိုင်းရင်းသား အားလုံးစု စည်းထိန်းသိမ်း ကာကွယ်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် နှင့်အတူ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်း ဆောင်ရွက်ရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည့်သူ့ စွမ်းအားဖြင့် ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရေး တို့ကို ပြည်သူ တစ်ရပ်လုံးက ဖော်ဆောင်၍ လွတ်လပ်ရေးကို ထိန်းသိမ်း သွားကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger