www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 11, 2015

ရန်ကုန်မြို့သည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်သမိုင်းဝင်နိုင်ရန် အခြေအနေကောင်း များစွာရှိနေ



ရန်ကုန် ၊ ၁၁-၁၂-၂၀၁၅

ရှေးဟောင်း သမိုင်းဝင် ရွှေတိဂုံစေတီတော် နှင့် ကိုလိုနီခေတ် အဆောက်အအုံ များစွာရှိသည့် ရန်ကုန်မြို့သည် ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင် နိုင်ရန် အခြေအနေ ကောင်း များစွာ ရှိနေပြီး ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင်နိုင်ရေး အတွက် ကနဦး ပဏာမစာရင်း တင်သွင်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သည် သမိုင်းဝင် အမွေအနှစ်မြို့ အဖြစ် ယူနက်စကို ၏ ကမ္ဘာ့စာရင်းဝင် နိုင်ရန် အနေအထားမှာ ရွှေတိဂုံ စေတီတော်နှင့် ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံ များကြောင့် သာမက တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ စုဝေးနေထိုင်ရာ မြို့ကြီး ဖြစ်သည့်အတွက် ယင်းအချက်များမှာ ပဏာမ စာရင်း လျှောက်ထားပါက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နိုင်မည်ဖြစ်ကြောင်း ယူနက်စကို မြန်မာ (ယဉ်ကျေးမှု) ၏ အမျိုးသားအဆင့် စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုး က ပြောသည်။

ရန်ကုန်မြို့သည် သမိုင်းဝင်စေတီ၊ ရှေးဟောင်း အဆောက်အအုံ များစွာ ရှိသော်လည်း တစ်ဖက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်တစ်ခု ဖြစ်သည့်အတွက် မြို့ပြဖွံ့ဖြိုး တိုးတက်မှုမှာလည်း ဆက်လက် ဖြစ်ပေါ်လျက် ရှိပြီး ရန်ကုန်မြို့တော် အတွက် အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ခြင်း နှင့် မြို့ပြဖွံ့ဖြိုး တိုးတက်မှုကို ချိန်ညှိပေးနိုင်မည့် စီမံခန့်ခွဲမှု ရှိမှသာလျှင် ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ပါဝင်ရန် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

ရန်ကုန်မြို့တော် အတွက် အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ခြင်း နှင့် မြို့ပြဖွံ့ဖြိုးမှုကို ထိန်းညှိပေး နိုင်သည့် စီမံခန့်ခွဲမှု မျိုးမှာ လက်ရှိတွင် မရှိသေးသည့် အတွက် ယူနက်စကို ၏ စာရင်းဝင်ရန် ထက် ကနဦးပဏာမ စာရင်းတင်သွင်းရန် ကြိုးစားရမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် အတွက် အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ခြင်း နှင့် မြို့ပြဖွံ့ဖြိုးမှုကို ထိန်းညှိ ပေးနိုင်သည့် စီမံခန့်ခွဲမှု မျိုးသည် ရန်ကုန်မြို့အတွက် မရှိမဖြစ် လိုအပ်လျက် ရှိသည့်အတွက် လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့် ကတည်းက မြို့ပြစီမံကိန်း ပညာရှင်များနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပညာရှင်များ စုပေါင်းရေးဆွဲ ခဲ့ကြပြီး လတ်တလော အနေအထားတွင် ပြည်သူများကို ချပြကာ တုံ့ပြန်ချက် ပြန်လည်ရယူ ဦးမည် ဖြစ်သဖြင့် ရပ်နား ထားရကြောင်း၊ ဒေသခံများ၏ တုံ့ပြန်မှုများ အပေါ် ပြန်လည် အခြေခံကာ ပြင်ဆင်ရေးဆွဲ ရမည်ဖြစ်သည့် အတွက် အချိန်များစွာ ယူရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ထို့ပြင် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လက်ရှိ အနေအထားမှာ ပျူမြို့ဟောင်းကို ကမ္ဘာ့ အမွေအနှစ် သမိုင်းဝင်ရန် လုပ်ဆောင်ခဲ့ပြီး နောက် ပုဂံမြို့ဟောင်းနှင့် မြောက်ဦးမြို့ တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ဆက်လက် ကြိုးပမ်းနေပြီး ယင်းမြို့နှစ်မြို့ ၏ လုပ်ဆောင်ချက်များ ပြီးစီးပါက ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်ကိုလည်း ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရန် အစီအစဉ် ရှိကြောင်း ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger