www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 14, 2015

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံတစ်ဝန်း၌ တောဆင်ရိုင်း ၃၄ ကောင်သေဆုံး



ရန်ကုန် ၊ ၁၄-၁၂-၂၀၁၅

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တောဆင်ရိုင်း ၃၄ ကောင် သေဆုံးခဲ့ပြီး ယင်းတို့အနက် ၁၅ ကောင်မှာ သဘာဝအတိုင်း သေဆုံးခြင်း ဖြစ်၍ ၁၉ ကောင်သည် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း သစ်တောဦးစီး ဌာန၏ စာရင်းများ အရ သိရသည်။

တစ်နှစ်အတွင်း တောဆင်ရိုင်း ၁၉ ကောင် သတ်ဖြတ်ခံခဲ့ ရပြီး တောဆင်ရိုင်း သေဆုံး၊ သတ်ဖြတ်ခံရမှု မှာ ဧရာဝတီတိုင်း ဒေသကြီး၌ အများဆုံး ဖြစ်ပွားခဲ့ကာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး တို့၌လည်း ဖြစ်ပွားခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးသည် တောဆင်ရိုင်း အများဆုံး ကျက်စားရာနေရာ ဖြစ်သကဲ့သို့ ဆင်များမကြာခဏ သတ်ဖြတ်ခံ နေရသည့် နေရာလည်း ဖြစ်သည်။၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် သစ်တော ဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ပါဝင်သည့် ဆင်ခိုးဂိုဏ်း ဖမ်းဆီးရေး ပူးပေါင်းစစ်ကြောင်း ဖွဲ့စည်းကာ တရားမဝင် ဆင်ခိုးဂိုဏ်းအဖွဲ့ ကို ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ်အထိ လေးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ အတွင်းရှိ သဘာဝသစ်တော များ၌ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှု များကြောင့် ၂၆ ကောင် သေဆုံးခဲ့ပြီး သဘာဝအတိုင်း ရောဂါကြောင့် ၄၇ ကောင် သေဆုံးခဲ့ကြောင်း၊ တောဆင်ရိုင်း များကို ယခင်က အစွယ်ရရုံသာ သတ်ဖြတ်ခဲ့ကြ သော်လည်း ယခု နောက်ပိုင်းတွင် တိုင်းရင်းဆေး ဖော်ရာ၌ ဆေးဖက်ဝင် သည်ဟုဆိုကာ ဆင်သားရေနှင့် နှာမောင်း စသည့် အစိတ်အပိုင်းများ ဈေးကွက်ဝင် လာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင် နေသူများက ပြောသည်။

တောဆင်ရိုင်း များသည် ကချင်ပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်း၊ ရှမ်းရိုးမ မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ချင်းတွင်းမြစ် အထက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ် (မေယု တောင်တန်း၊ ရခိုင်ရိုးမ)၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသ၊ ကရင်ပြည်နယ် (သံလွင်အရှေ့ခြမ်း)၊ မွန်ပြည်နယ်၊ ပဲခူးရိုးမ(အလယ်ပိုင်း၊ အောက်ပိုင်း)၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး (တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး) မြို့နယ်တို့၌ နေထိုင် ကျက်စားလျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger