www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 24, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနား တွင် သင်တန်းဆင်း တပ်ခွဲများ၏ ချီတက်အလေးပြုခြင်းကို ခံယူစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနား တွင် မိန့်ခွန်းပြောကြားစဉ် 

နေပြည်တော် ၊ ၂၄-၁၂-၂၀၁၅

တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ရောဂါပြုစု ကုသရေး၊ ရောဂါရှာဖွေရေး၊ ရောဂါတားဆီး ကာကွယ် နှိမ်နှင်းရေး၊ ကျန်းမာရေး မြှင့်တင်မှုနှင့် လူနာများ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် များတွင် စံပြုထိုက်သည့် သူနာပြုများ၊ ဆေးဘက် ပညာသည်များ ဖြစ်ကြရမည် ဖြစ်သကဲ့သို့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက်လည်း အထောက်အကူ ပြုနိုင်သူများ ဖြစ်ကြရမည် ဖြစ်ကြောင်း၊ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများမှာ လူပုဂ္ဂိုလ် တစ်ဦးချင်း၊ မိသားစု တစ်စုချင်းမှသည် ဒေသအလိုက် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့် ပြန့် ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနာနချုပ် တိုင်းမှူး၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ရန်ကုန်တပ်နယ်မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် သင်တန်းဆင်း သူနာပြုများ၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။

ဦးစွာ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က သင်တန်းတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်း တပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သင်တန်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၃) မှ ထူးချွန်ဆု ရရှိသော သင်တန်းသား များအား ဆုများပေးအပ် ချီးမြှင့်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အကောင်းဆုံး သင်တန်းသားဆုရရှိသူ သင်တန်းသားအမှတ် ၊ ၃၄၃၂ သင်တန်းသား ခန့်ထက်ကျော် အား ဆုချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ သင်တန်းသားအမှတ် ၊ ၃၄၉၄ သင်တန်းသား နှင်းကို အား ဆုချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စာပေထူးချွန်ဆု ရရှိသူ သင်တန်းသားအမှတ် ၊ ၃၄၄၅ သင်တန်းသား စိုးဌေးလှိုင် အား ဆုချီးမြှင့်စဉ်
 

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က သင်တန်းသားများအား မိန့်ခွန်း ပြောကြားရာတွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကို ၂၀၀၀ ပြည့်နှစ်တွင် တပ်မတော် သူနာပြု တက္ကသိုလ် အဖြစ် စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၂ ခုနှစ်၌ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် အဖြစ် တိုးချဲ့ ဖွင့်လှစ် ပေးခဲ့ကြောင်း၊ အမျိုးသမီး သူနာပြု သိပ္ပံဘွဲ့ သင်တန်းများ ကိုလည်း ၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ် ပေးလျက်ရှိကြောင်း၊ အဆင့်မြင့် ပညာရပ်များကို ဆက်လက်ဆည်းပူး နိုင်ရန် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ ကိုပါ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ပါရဂူဘွဲ့ ရရှိပြီးသူ ၄ ဦး၊ မဟာဘွဲ့ ရရှိပြီးသူ ၂၉၇ ဦးနှင့် တက်ရောက်ဆဲ ပါရဂူ သင်တန်းသား ၉ ဦး၊ မဟာ သင်တန်းသား ၄၅ ဦးတို့ ရှိပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ အဆင့်မြင့်ပညာ များဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကို အလုပ်အကျွေး ပြုနိုင်အောင် ကြိုးစားကြရန် တိုက်တွန်း ပြောကြား လိုကြောင်း။

ယနေ့ခေတ် စစ်ပွဲများသည် အဖျက်စွမ်းအား ကြီးမားသည့် ခေတ်မီနည်းပညာ လက်နက်များ အသုံးပြု တိုက်ခိုက်ကြသည် ဖြစ်၍ သေကြေဒဏ်ရာ ရမှုများလည်း ပိုမိုများပြား လာသဖြင့် ထက်မြက် ထိရောက်သည့် ဆေး အကာအကွယ် ပေးရေးနှင့် ဒဏ်ရာ အနာတရ ဖြစ်သူများ ကို ပြုစုကု သပေး  နေသော ဆေးဘက်ဆိုင်ရာ ပညာသည် လိုအပ်ချက်များ ပိုမိုမြင့်တက် လာနေကြောင်း၊ သို့ဖြစ်၍ နိုင်ငံတကာ တပ်မတော်များသည် စစ်ပွဲတစ်ပွဲကြောင့် ဖြစ်ပေါ် လာနိုင်သည့် အခြေအနေ အရပ်ရပ်ကို အလွယ်တကူ တုံ့ပြန်ဖြေရှင်း နိုင်သော တပ်မတော်မျိုး ဖြစ်အောင် တည်ဆောက် နေကြကြောင်း၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အကူအညီ ပေးရေး လုပ်ငန်းစဉ်သည် တပ်မတော် တစ်ရပ်ကို အထောက်အကူ ပြုနေသော အဓိက အစိတ်အပိုင်း တစ်ရပ် ဖြစ်ကြောင်း၊ ခေတ်မီ အစွမ်းထက် ဆေးဝါးများကို အသုံးပြုပြီး ထိရောက်မြန်ဆန်သည့် ပြုစုကုသမှုနှင့် လေ့ကျင့် သား ပြည့် ၀သော ဆေးဘက်ဆိုင်ရာ ပညာသည် များကိုပါ စနစ်တကျ ဖွဲ့စည်း တည်ဆောက် နေကြသည်ကို တွေ့ရှိရမှာ ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့်လည်း Military Might ကို ရရှိအောင် လက်နက် နည်းပညာပိုင်း အပြင် စိတ်ပိုင်း၊ ရုပ်ပိုင်း ကြံ့ခိုင်သန်စွမ်းပြီး အမြဲတမ်း တိုက်ပွဲဝင်အသင့် ဖြစ်နေသော တိုက်ခိုက်ရေးတပ်များ၊ အထောက်အကူပြု လက်ရုံးဝန်ထမ်း တပ်နှင့် ပေါင်းစပ်ပြီး စွမ်းရည်ရှိသော တပ်မတော် တစ်ရပ်အဖြစ် ဖွဲ့စည်းတည်ဆောက် နေကြောင်း၊ တပ်မတော်က သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ပညာသည် များကို မွေးထုတ်နေခြင်းသည် တပ်မတော်သား များအား အထောက်အကူ ပြုရန်အတွက် သာမက ရောက်ရှိ  တာဝန် ထမ်းဆောင် ရမည့် ဒေသများတွင် ဆေးဘက်ဆိုင်ရာ အထောက်အကူ လိုအပ်နေသော ဒေသခံ တိုင်းရင်းသား ပြည်သူများကိုပါ အလုပ်အကျွေး ပြုပေးနိုင်ရန်လည်း ရည်ရွယ်ကြောင်း၊ ဒဏ်ရာ အနာတရ ဖြစ်ပွားသည့်သူ၊ ကျန်းမာရေး ချို့တဲ့သည့်သူ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများကို သင်ယူတတ်မြောက် ထားသော သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ပညာများအား ထိရောက်စွာ အသုံးပြုပြီး “ စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ ” ဆိုသည့် ဆေးတပ်ဖွဲ့၏ ဆောင်ပုဒ်အတိုင်း ပြည့်စုံလုံလောက်သော ဆေးအကာကွယ်ပေးခြင်း၊ ပြုစုကုသခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင် သွားကြရမှာ ဖြစ်ကြောင်း။ထက်မြက် ကျွမ်းကျင်သည့် သူနာပြုများ ဖြစ်စေရေးအတွက် သူနာပြုသိပံ္ပနှင့် ဆေးဘက်ပညာရပ် ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု များကို ခေတ်နှင့်အညီ မျက်ခြည်မပြတ် လေ့လာဆည်းပူး နေကြရန်လိုကြောင်း၊ ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု အားလုံးတွင် ရှေးဦးသူနာ ပြုစုခြင်းမှာ အရေးကြီးဆုံး ဖြစ်သလို ရောဂါရှာဖွေမှု၊ ကုသပေးမှု၊ ပြုစုမှုနှင့် ပြန်လည်ထူထောင် ပေးမှုများ ဆောင်ရွက် ရာ၌လည်း ဆေးဝါးများ၊ စက်ကိရိယာများ ထက်ပိုပြီး အစွမ်းထက်သော စိတ်ပိုင်းဆိုင်ရာ ဖေးမကုသမှုမှာ ခံယူချက်နှင့် စိတ်နှလုံးသား အတွင်းတွင် ရှိနေရန် လိုအပ်ကြောင်း၊ ခေတ်မီသူနာပြုစု စောင့်ရှောက်မှုများမှာ လူနာကို ပြုစုစောင့်ရှောက် ယုံသာမက စီမံအုပ်ချုပ်မှုနှင့် သူနာပြုစု စောင့်ရှောက်မှု လုပ်ငန်းစဉ်များကို စိစစ်စောင့်ကြည့် ဆောင်ရွက်ခြင်း၊ လူနာဆိုင်ရာ အဓိက အချက်အလက်များကို မှတ်တမ်းပြုစု ထားရှိခြင်း၊ လူနာနှင့် ပတ်သက်သည့် အစာအာဟာရကို စောင့်ကြည့်စီမံခြင်းများ အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြ တာကို တွေ့ရမှာဖြစ်ကြောင်း၊ သူနာပြု တစ်ဦးသည် မိမိ၏ဂုဏ်သိက္ခာကို လေးစားတန်ဖိုး ထားပြီး မိမိကိုယ်ကို စံပြအဖြစ် ပြဋ္ဌာန်းလျက် ထူးခြား ကောင်းမွန်သော သည်းခံစိတ်ရှည်မှု များနှင့် လူနာကို ဆက်ဆံပေးသည့် ကျင့်ဝတ်တန်ဖိုးများကို အခြေခံထားပြီး ဆောင်ရွက်နေရန် လည်း လိုအပ်ကြောင်း၊ ယင်းသို့ ကောင်းမွန် မြင့်မြတ်သည့် ကျင့်ဝတ်၊ စံများကို မိမိတို့၏ နှလုံးသားတွင် ထာဝရကိန်းအောင်း နေအောင် ကျင့်ကြံဆောင်ရွက်မှသာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ “ ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည် ” များ ဖြစ်လာမည်ဖြစ်ကြောင်း။

နိုင်ငံတော်နှင့် တပ်မတော်က မျှော်မှန်းချက် ကြီးစွာဖြင့် ပြုစုပျိုးထောင် ပေးလိုက်ခြင်းဖြစ်၍ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ကာ စည်းလုံးညီညွတ်စွာ နှင့် စွမ်းရည်သုံးရပ် အစဉ်ပြည့်စုံ နေစေရန် သစ္စာရှိရှိ ကြိုးပမ်းဆောင်ရွက် နေကြရမှာဖြစ်ကြောင်း၊ တစ်ဦးချင်း တတ်မြောက်ထားသည့် အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်စွာ အသုံးချရန်လိုအပ်ပြီး တစ်ဦးချင်းစွမ်းရည်များ စုပေါင်းခြင်းဖြင့် တပ်ရင်း၊ တပ်ဖွဲ့များ၏ စွမ်းရည်များ မြင့်မားလာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ တပ်မတော် တစ်ရပ်လုံး စွမ်းရည်နှင့် အရည်အချင်းများ တိုးတက် မြင့်မားလာအောင် တပ်မတော်သားတိုင်း ကိုယ်စီအသိ၊ သတိရှိရှိဖြင့် ကြိုးစားလုပ်ဆောင် သွားကြရမှာ ဖြစ်ကြောင်း။

တပ်တွင်း စည်းလုံးညီညွတ်ရေး ၏ ပင်မ အကြောင်းတရားမှာ ရဲဘော်စိတ်နှင့် စစ်စည်း ကမ်းကောင်းမွန်မှု ပင်ဖြစ်ကြောင်း၊ ရဲဘော်စိတ် ရှိမှုသည် အသက်နှင့်လဲ၍ ထမ်းဆောင်ရသည့် တာဝန်များတွင် ရဲဘော်အချင်းချင်း အသက်ပေး စွန့်လွှတ်စွန့်စားမှု စိတ်ဓာတ်ကို ရရှိစေပြီး တပ်မတော်ကို ချစ်မြတ်နိုးစိတ်၊ နိုင်ငံချစ်စိတ်တို့ကို ရှင်သန် ထက်မြက်စေကြောင်း၊ တပ်၏ ကောင်းရာကောင်းကျိုးအတွက် အစဉ် ကြိုးပမ်းဆောင်ရွက် လိုစိတ် ကိုလည်း တိုးပွားစေမှာ ဖြစ်ကြောင်း။

နိုင်ငံတော် ကာကွယ်ရေးအတွက် လက်ရုံးရည် ပြည့်ဝသည့် စစ်သည်တော် ကောင်းများဖြစ်ရန် လိုအပ်သလို သူနာပြုများလည်း ဖြစ်သည်နှင့်အညီ မြင့်မြတ်သည့် နှလုံးသားနှင့် အကြင်နာတရား လက်ကိုင်ထားပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ထမ်းဆောင်ရန် အမြဲအသင့်ရှိသူများ ဖြစ်အောင် ဆက်လက် လေ့ကျင့် တည်ဆောက် နေကြရမှာဖြစ်ကြောင်း၊ တပ်မတော်နှင့် ပြည်သူအပေါ် အလုပ်အကျွေး ပြုနိုင်သည့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင် သားကောင်း ရတနာများ ဖြစ်အောင် ဆက်လက်ကျင့်ကြံ ကြိုးစားသွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနား တွင် သင်တန်းဆင်း တပ်ခွဲများကို စစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ထူးချွန်ဆုရ သင်တန်းသားများနှင့် မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့်စကား ပြောကြားစဉ် 

 စစ်ရေးပြ အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော် ဆေးတက္ကသိုလ် ပင်မစာသင်ဆောင်ရှိ ဧည့်ခန်းမဆောင်၌ ထူးချွန်ဆုရ သင်တန်းသား သုံးဦးနှင့် ၄င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့်စကား ပြောကြားသည်။

ထိုသို့ ပြောကြားရာတွင် စဉ်ဆက်မပြတ် ကြိုးစားခဲ့မှု များကြောင့် ရလဒ်ကောင်းများ ရရှိခဲ့ခြင်းဖြစ်ပြီး အခြေခံရလဒ်ကောင်း များကို ဆက်လက်ကြိုးစား သွားလျှင် ရည်မှန်းချက် ခိုင်မာမည် ဖြစ်ကြောင်း၊ သူနာပြုများကို ပိုမိုပြီး လေးနက်မှုများ ရှိစေရန်အတွက် သတ်မှတ် ကာလတွင် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ် ပေးလျက်ရှိကြောင်း၊ တပ်မတော်တစ်ရပ် စွမ်းရည်ရှိရေး အတွက် ဘက်ပေါင်းစုံမှ ပြည့်စုံရန် လိုအပ်ပြီး စိတ်ဓာတ် မြင့်မားရေးမှာ ပိုမိုအရေးပါကြောင်း၊ စိတ်ဓာတ် မြင့်မားရေးတွင် ကျန်းမာကြံ့ခိုင်မှု ရှိရန်လိုအပ်ပြီး ယင်းကို အထောက်အကူပြု သည်မှာ ဆေးဝန်ထမ်း တပ်ဖွဲ့များ ဖြစ်သဖြင့် တပ်မတော်၏ စွမ်းရည် မြင့်မားရေး လုပ်ငန်းတွင် အဓိက အခန်းကဏ္ဍမှာ ပါဝင်နေခြင်းကြောင့် မိမိ၏ လုပ်ငန်းတာဝန် များကို မှန်မှန်ကန်ကန် ကြိုးစားဆောင်ရွက် သွားရန်လိုကြောင်း၊ ရှိပြီးသား စည်းကမ်း ကောင်းမွန်မှု၊ အမိန့်နာခံမှု၊ ကြိုးစား အားထုတ်မှုများ ကို ကိုယ်တိုင် ဆက်လက် ထိန်းသိမ်းသွားရန် နှင့် လက်အောက်ကိုပါ ကြပ်မတ်ပေး ရမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနား သို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း သူနာပြုများ၏ မိဘဆွေမျိုးများကို တွေ့ရစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းရှိ Computed Tomography ကို ကြည့်ရှုစဉ် 
 
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အဖွဲ့ဝင်များ လိုက်ပါလျက် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကျောင်း ရှိ Computed Tomography ၊ Hydro Therapy Room ၊ Physio Therapy Practical Room ၊ Nursing Skill Lab တို့အား လှည့်လည်ကြည့်ရှု ကြရာ တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းနှစ် အလိုက် လေ့ကျင့်သင်ကြား ပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျန်းမာရေး အထောက်အကူ ပစ္စည်းများအား အခြား တပ်မတော် ဆေးရုံကြီးများတွင် ထားရှိနိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger