www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 21, 2015

ရန်ကုန်မြို့စက်မှုဇုန်များရှိ စက်ရုံတချို့မှ ရေဆိုးအများအပြား စွန့်ထုတ်လျက်ရှိသဖြင့် ရေနေသတ္တဝါများ၏ ဂေဟစနစ် ထိခိုက်မှုများ ဖြစ်ပေါ်



ရန်ကုန် ၊ ၂၁-၁၂-၂ဝ၁၅

ရန်ကုန်မြို့၌ စက်မှုဇုန်ပေါင်း ၂၄ ဇုန်တွင် စက်ရုံပေါင်း ၃၆၅ဝ ကျော်ရှိပြီး အရက်ချက် စက်ရုံ၊ ငါးအအေးခန်း စက်ရုံ၊ ဓာတုဗေဒ စက်ရုံ၊ ဆေးဆိုးပန်းရိုက် စက်ရုံ၊ ခဲသန့်စင် စက်ရုံ၊ စက္ကူစက်ရုံ၊ သားရေစက်ရုံ နှင့် စားသောက်ကုန် လုပ်ငန်းများမှ ရေဆိုး အများအပြား စွန့်ထုတ်လျက် ရှိသဖြင့် ရေနေသတ္တဝါ များ၏ ဂေဟစနစ်ကို ထိခိုက်မှုများ ဖြစ်ပေါ် နေကြောင်း စိမ်းလန်း အမိမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်းမှ သိရသည်။

စိမ်းလန်း အမိမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်းက ရန်ကုန်မြို့ စက်မှုဇုန် အနီးဝန်းကျင်မှ ရေများကို ဓာတ်ခွဲ စမ်းသပ်ခဲ့ရာ ရေနေသတ္တဝါ များ၏ ဂေဟစနစ်ကို ထိခိုက်နိုင်သည့် ဇီဝနှင့် ဓာတုဆိုင်ရာ အောက်ဆီဂျင် လိုအပ်ချက် (Biochemical Oxygen Demand & Chemical Oxygen Demand) ဓာတ်ပါဝင်မှု များပြား နေသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ အသင်းက ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ် နှစ်နှစ်တာ ကာလအတွင်း လှိုင်သာယာ စက်မှုဇုန်မှ စွန့်ပစ်ရေနှင့် ရွှေပြည်သာ စက်မှုဇုန်မှ စွန့်ပစ်ရေ တို့ကို ခြောက်လတာ စောင့်ကြည့် တိုင်းတာခဲ့ရာ စွန့်ပစ်ရေတွင် ဇီဝနှင့် ဓာတုဆိုင်ရာ အောက်ဆီဂျင် လိုအပ်ချက် (BOD & COD) ၊ ကလိုရိုက်၊ နောက်ကျိကိန်း၊ ရေစေးရေသွက် ဖြစ်မှုနှင့် သံဓာတ်တို့မှာ သတ်မှတ်ချက်ထက် များပြားလျက် ရှိကြောင်း စိမ်းလန်း အမိမြေဖွံ့ဖြိုး တိုးတက်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် Heavy Metal ခေါ် ဒြပ်ထု အလေးဆ ကြီးမားသော သတ္တုဓာတ် တို့ကို ယခုနှစ်တွင် တိုင်းတာခဲ့ရာ ခဲဓာတ်၊ ကက်ဒမီယမ် သတ္တုဓာတ်၊ သံဓာတ်နှင့် အာဆင်းနစ်ဓာတ် ပါဝင်မှုမှာ စံနှုန်းထက် ကျော်လွန်နေကြောင်း၊ ယင်းဓာတ် ပါဝင်မှုမှာ မိုးရာသီ ကာလတွင် ပုံမှန်သာ ရှိသော်လည်း နွေနှင့် ဆောင်းရာသီ တို့တွင် စွန့်ပစ်ရေသည် စံနှုန်းထက် ကျော်လွန်လျက် ရှိသဖြင့် စက်ရုံများ အနေဖြင့် စံချိန်စံညွှန်း များနှင့် ကိုက်ညီသည် အထိ ရေဆိုး သန့်စင်မှု ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း စီးဆင်းနေသော ချောင်းနှင့် မြောင်းအတွင်းရှိ အမှိုက်သရိုက် များကို နွေရာသီနှင့် မိုးရာသီ မကျရောက်မီ အချိန်အထိ ရှင်းလင်း နေသော်လည်း ဝန်ထမ်း အင်အား နည်းပါးခြင်း၊ အထောက်အကူပြု ပစ္စည်းများ လိုအပ်ချက် ရှိခြင်း၊ ချောင်းများ၊ မြောင်းများ ပေါများခြင်းနှင့် ပြည်သူများ ကလည်း လိုက်နာမှု မရှိခြင်းတို့ကြောင့် ထိရောက်မှု မရှိခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger