www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 25, 2015

(၆၈)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ရေယာဉ် - ဆင်ဖြူရှင် ပေါ်တွင် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်


နေပြည်တော် ၊ ၂၅-၁၂-၂၀၁၅

ကာကွယ်ရေးစနစ် ဆိုသည်မှာ လက်ရုံးတပ်ဖွဲ့ တစ်ခုတည်း ရပ်တည်လုပ်ဆောင်၍ မရဘဲ တပ်မတော် (ကြည်း၊ရေ၊လေ) ပေါင်းစည်း ဆောင်ရွက်ရကြောင်း၊ ရေတပ်ဖွဲ့၏ ရေပြင်ကို ကာကွယ်နိုင်သည့် စွမ်းပကား များအား ဝေဟင် ကာကွယ်ရေး စွမ်းအားများနှင့် ပေါင်းစပ် အားဖြည့်ခြင်းဖြင့် မြန်မာ့ပင်လယ် ကာကွယ်နိုင်မှုကို စိတ်ချရသည့် အနေအထား ရောက်အောင် ကြိုးစား လုပ်ဆောင် သွားရမည် ဖြစ်ကြောင်းဖြင့် (၆၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်(ရေ) ၀တ်စုံအား ဂုဏ်ပြု ၀တ်ဆင်၍ တက်ရောက် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

သန်လျင်တပ်နယ် အမှတ်(၃) ရေတပ်ဆိပ်ခံ တံတား၌ (၆၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ သန်လျင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

ရှေးဦးစွာ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ် မိုးအောင် က တပ်တော်ဝင် အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ်မှူး က ဗျူဟာ စစ်ရေယာဉ်စုမှူး ထံသို့ စစ်ရေယာဉ်များနှင့် ပတ်သက်သော စာရွက်စာတမ်းများ လွှဲပြောင်း ပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ထံသို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ) က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ် များကို ဂါရ၀ပြု ပေးအပ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဖရီးဂိတ်စစ်ရေယာဉ် ဆင်ဖြူရှင် ၏ ပုံစံငယ်ကို ဂါရ၀ပြု ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ ပင်လယ်သွားဆေးရုံ ရေယာဉ်-သံလွင် အတွင်းလှည့်လည်ကြည့်ရှုစဉ်

တပ်တော်ဝင် ဖရီးဂိတ် စစ်ရေယာဉ် ဆင်ဖြူရှင် အားတွေ့ရစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ရေယာဉ် ဆင်ဖြူရှင် ပေါ်တွင် တပ်မတော်(ရေ)မှ အရာရှိ ၊ စစ်သည်များအား ဂုဏ်ပြုအမှာစကား ပြောကြားစဉ်
 
၎င်းနောက် စစ်ဦးစီးအရာရှိချုပ် (ရေ)မှ တပ်တော်ဝင် စစ်ရေယာဉ်များအဖြစ် ကြေငြာရာ နိုင်ငံတော်သီချင်း တီးခတ်ခြင်း၊ တပ်တော်ဝင် အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း ရှစ်ချက်တီးခြင်း၊ နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ တပ်မတော်(ရေ) အလံ လွှင့်တင်ခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များကို အစီအစဉ် အတိုင်း ဆက်လက် ဆောင်ရွက်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များ ဖြစ်သော ကမ်းထိုး ရေယာဉ်များ၊ ပင်လယ်သွား ဆေးရုံရေယာဉ်- သံလွင် နှင့် စစ်ရေယာဉ်- ဆင်ဖြူရှင် တို့အား လှည့်လည် ကြည့်ရှုကြရာ စစ်ရေယာဉ် တာဝန်ကျတပ်ဖွဲ့များက ကြိုဆိုအလေးပြုပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် စစ်ရေယာဉ်မှူး များက လိုက်လံရှင်းလင်း ပြသကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က စစ်ရေယာဉ်- ဆင်ဖြူရှင် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ် ဆင်ဖြူရှင်ပေါ်တွင် အလေးပြုခံ စင်မြင့်ပေါ်သို့ တက်ရောက်၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထိုအချိန်တွင် စစ်ရေယာဉ်- ရန်တိုင်းအောင် မှလည်း အမြောက် ၁၉ ချက် ပစ်ဖောက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဂုဏ်ပြု အလေးပြုသည်။ ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ (၆၈)နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည် ကြည့်ရှုစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အခမ်းအနားသို့ တက်ရောက်လာသော အရာရှိ ၊ စစ်သည်များနှင့် စစ်ရေယာဉ် တည်ဆောက်စဉ်က ပါဝင်ခဲ့သည့် တပ်မတော်(ရေ) မှ အငြိမ်းစား စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ် 



ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဖရီးဂိတ် စစ်ရေယာဉ် - အောင်ဇေယျ ဦးဆောင်သော ဖရီးဂိတ် စစ်ရေယာဉ် ကျန်စစ်သား၊ ဘုရင့်နောင်၊ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် (ဒုံးပျံ) ၄၉၁၊ ၅၆၂၊ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်(အမြောက်) ၅၆၃၊ ၅၅၆၊ ၅၅၇ စုစုပေါင်း ၈ စီး တို့က Single Line Formation ပုံပြုမောင်းနှင်၍ ချီတက် အလေးပြု ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ကာကွယ်ရေး ဦးစီးချုပ်(ရေ) က အမြောက်ပစ်ဖောက် ဂုဏ်ပြု အလေးပြုထားသော ပထမဆုံး ကျည်ဆံအား အထိမ်းအမှတ် လက်ဆောင် အဖြစ် ဂါရ၀ပြု ပေးအပ်သည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ဂုဏ်ပြုမောင်းနှင် ချီတက် အလေးပြုခဲ့သော စစ်ရေယာဉ် များမှ ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး နိုင်မင်းကျော် နှင့် တပ်တော်ဝင် စစ်ရေယာဉ်များမှ စစ်ရေယာဉ်မှူး ဒုတိယ ဗိုလ်မှူးကြီး အောင်မျိုးလှိုင် တို့အား ဂုဏ်ပြု လက်ဆောင်များ အား လည်းကောင်း၊ ရေ တပ်သင်္ဘောကျင်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်မြင့်ဦး အား ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာ များအား လည်းကောင်း ပေးအပ်ကာ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စစ်ရေယာဉ် တည်ဆောက်စဉ်က ပါဝင်ခဲ့သည့် တပ်မတော်(ရေ)မှ အငြိမ်းစား အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ယနေ့ ကျင်းပပြုလုပ်သော (၆၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ဒုံးပျံတင် ဖရီးဂိတ် စစ်ရေယာဉ် ၁ စီး၊ ပင်လယ်သွား ဆေးရုံရေယာဉ် ၁ စီးနှင့် တင့်ကားတင် ကမ်းထိုးရေယာဉ် ၆ စီးတို့ တပ်တော်ဝင်ခဲ့ခြင်း ဖြစ်သည်။ တပ်မတော်(ရေ) အနေဖြင့် ဒုံးပျံတင် ဖရီးဂိတ် စစ်ရေယာဉ် များအား ၂၀၀၅ ခုနှစ်မှ စတင်၍ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ရာ စစ်ရေယာဉ် အောင်ဇေယျအား ၂၀၁၀ ပြည့်နှစ်တွင် လည်းကောင်း၊ စစ်ရေယာဉ် ကျန်စစ်သားအား ၂၀၁၄ ခုနှစ်တွင် လည်းကောင်း တပ်တော်ဝင် ခဲ့ပြီးဖြစ်သည်။ ယခု တတိယ စစ်ရေယာဉ် ဖြစ်သည့် စစ်ရေယာဉ် ဆင်ဖြူရှင်အား ၂၀၁၀ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယခင် တည်ဆောက်ပြီး ဖရီးဂိတ် စစ်ရေယာဉ်များနှင့် အခြေခံပုံစံ တူညီသော်လည်း ရေဒါပုံရိပ် ဖမ်းယူရရှိမှုကို ပိုမို လျော့ချနိုင်သည့် ကိုယ်ပျောက် နည်းပညာ ဒီဇိုင်း အသုံးပြုထားပြီး ပိုမိုစွမ်းအား မြင့်မားသည့် စစ်လက်နက် ပစ္စည်းများ ထပ်မံဖြည့်ဆည်း တပ်ဆင်ထားသော အလျား ၁၀၈ မီတာ၊ တန်ချိန် ၁၈၅၀ ရှိသည့် အဆင့်မြင့် ခေတ်မီဒုံးပျံတင် ဖရီးဂိတ် စစ်ရေယာဉ် ဖြစ်သည်။ အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၆ စီးကိုလည်း ၂၀၁၅ ခုနှစ်၊ မတ်လမှစတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး တပ်မတော်၏ စစ်ဆင်ရေးများတွင် များစွာ အထောက် အကူပြုနိုင်သည့် တင့်ကားတင် ကမ်းထိုးရေယာဉ်များ အဖြစ် ထိရောက်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။

ယင်းသို့ စစ်ရေယာဉ်များကို ကိုယ်တိုင် တည်ဆောက် နိုင်ခြင်းကြောင့် ပြည်ပနိုင်ငံများမှ ၀ယ်ယူခြင်းထက် ကုန်ကျစရိတ်များစွာ သက်သာခြင်း၊ မိမိ အရာရှိ၊ စစ်သည်များ အတွက် အဖိုးမဖြတ် နိုင်သော ရေ ယာဉ်ဒီဇိုင်း ပြုလုပ် တည်ဆောက်မှု နည်းပညာ အတွေ့အကြုံများ ရရှိခြင်း၊ တပ်မတော်(ရေ) ၏ မြန်မာ့ပင်လယ်ပြင် ကာကွယ်ရေး စွမ်းပကား တိုးမြှင့်ရာတွင် များစွာ အထောက်အကူ ရရှိခြင်း အကျိုးကျေးဇူးများ ရရှိစေသည်။

ပင်လယ်သွား ဆေးရုံရေယာဉ်- သံလွင်ကို ၂၀၁၃ ခုနှစ်တွင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ လွှဲပြောင်း ရယူပြီး အဆင့်မြင့် ဆေးရုံရေယာဉ် အဖြစ် အသွင်ပြောင်းလဲ တည်ဆောက်ခဲ့ခြင်း ဖြစ် သည်။ ဆေးရုံရေယာဉ် သံလွင်တွင် ၂၅ ခုတင်ဆံ့ အဆင့်မြင့် ဆေးရုံတစ်ခုနှင့် ညီမျှသည့် CT Scan Room ၊ Minor Eye Operation Room ၊ Minor Operation Theatre နှင့် Major Operation Theatre တို့ပါဝင်ပြီး ဆေးရုံတက်ရောက် ကုသနိုင်ရန် လူနာဆောင် (Patient Room)၊ မေ့ဆေးစက်၊ အသက်ရှု အားကူစက်များ ပါဝင်သော အထူးကြပ်မတ် ကုသဆောင်တို့လည်း ပါဝင်သည်။ ထို့ပြင် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်စက်၊ သွေးအတွင်း ရောဂါ ရှာဖွေရေးစက်များ၊ မျက်စိ၊ နား၊ နှာခေါင်း စမ်းသပ်စက်များ၊ အောင်ဆီဂျင် ထုတ်လုပ်သော အထိုင်စက်နှင့် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများ ဖျက်ဆီးရန် စက်များပါရှိသည်။ သားဖွား၊ မီးယပ်လူနာ များကိုလည်း ကုသပေးနိုင် ကာ သားဖွားခန်း တစ်ခန်းပါရှိပြီး မွေးကင်းစကလေး အသားဝါ ကုသခြင်းကိုလည်း ပြုလုပ် နိုင်ပါသည်။ သွားဘက်ဆိုင်ရာ ရောဂါများ ကုသနိုင်ရန် အတွက် Dental Chair and Unit အပြည့်အစုံ၊ ခေတ်မီဓာတ် ခွဲခန်း တို့ပါရှိပါသည်။ ဆေးရုံရေယာဉ်တွင် လူနာများ လွယ်ကူေ ချာမွေ့စွာ သွားလာနိုင်ရေး ဓာတ်လှေကား စနစ် ကိုလည်း တပ်ဆင်ထားသည်။

ပင်လယ်သွား ဆေးရုံရေယာဉ် သံလွင်အား တပ်တော်ဝင် နိုင်ခြင်းကြောင့် မြန်မာ့ပင်လယ် ကန်းရိုးတန်း တစ်လျောက်ရှိ မြို့ရွာများမှ ပြည်သူလူထုအား တပ်မတော်၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ထိရောက်စွာ အကျိုးပြုနိုင်မည် ဖြစ်သည့်အပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများ သို့ လည်း အမြန်ဆုံး သွားရောက်၍ အဆင့်ဆင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြုလုပ်ေ ပး နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ကျရောက်သော (၆၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၌ အရုဏ်ဆွမ်း ကပ်ခြင်းနှင့် သန်လျင်တပ်နယ် ရေတပ် လေ့ကျင့်ရေးဌာနချုပ်၌ စစ်ရေးပြ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger