www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 17, 2015

တပ်မတော်စစ်ကြောင်းနှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပတ်ဝန်းကျင်တွင် နှောင့်ယှက်မှုများ ပြုလုပ်နေသည့် KIA(ကချင်) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား



နေပြည်တော် ၊ ၁၇-၁၁-၂၀၁၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး ပတ်ဝန်းကျင်တွင် KIA(ကချင်) အဖွဲ့များသည်  ဒေသခံပြည်သူလူထု၏ တောင်ယာများ၊ ဆက်သွယ်ရေး လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ လူသစ် စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်လျက် ရှိပြီး ဒေသခံပြည်သူများ သွားလာလုပ်ကိုင် ဆောင်ရွက် ရာတွင်လည်း မကြာခဏ မိုင်းပေါက်ကွဲ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် တပ်မတော် စစ်ကြောင်းများက မိုးညှင်းမြို့ ပတ်ဝန်းကျင်တွင် နယ်မြေ ရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက် ရှိရာ နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် မိုးညှင်းမြို့ အရှေ့တောင်ဘက် ၃ မိုင်ခန့် အကွာရှိ ပွိုင့်-၉၂၈ တောင်ကုန်းအား ရှင်းလင်းစဉ် ၎င်း တောင်ကုန်း၌ အခြေပြုနေသော KIA(ကချင်) အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ 

တပ်မတော် စစ်ကြောင်းမှ စနစ်တကျ ဝိုင်းပတ် ချေမှုန်း တိုက်ခိုက်မှုကြောင့် KIA(ကချင်) အဖွဲ့သည် မြောက်ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်းက ဆုတ်ခွာသွားသော KIA(ကချင်)အဖွဲ့ နောက်သို့ ထပ်ကြပ် လိုက်လံရှင်းလင်းရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပွိုင့်-၉၂၈ တောင်ကုန်း မြောက်ဘက် မီတာ ၃၀၀ ခန့်၌ အင်အား ဖြည့်တင်း၍ အသင့်နေရာယူ စောင့်ဆိုင်းနေသော KIA(ကချင်) အဖွဲ့များနှင့် ထပ်မံ တိုက်ပွဲဖြစ်ပွား ခဲ့သည်။ KIA(ကချင်) အဖွဲ့များက မြေအနေအထား နှင့် အင်အား အသာစီးရယူ၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်အားသုံး တိုက်ခိုက်မှုကြောင့် တပ်မတော် စစ်ကြောင်းမှ ရဲဝံ့စွာဖြင့် တန်ပြန် ပစ်အားသုံး တိုက်ခိုက်ကာ ရင်ဆိုင်ထိန်းချုပ် တိုက်ခိုက်လျက် ရှိသည်။ ယင်း ဖြစ်စဉ်များတွင် KIA (ကချင်) အဖွဲ့ထံမှ အမ်(၂၅) သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀၀ တောင့်၊ အီနာဂါဗုံးသီး ၆ လုံး၊ ပို့ကျည် ၈ တောင့်နှင့် တောင်ကုန်းပေါ်တွင် ဆောက်လုပ် ထားသော လူနေတဲ ၇ လုံး၊ အိုဗာဟတ် ၂ လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှ အရာရှိနှင့် စစ်သည်တချို့ တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ပြီး စစ်သည်တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရ စစ်သည် များအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ကုသမှု ခံယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

နိုဝင်ဘာ ၁၆ ရက်တွင် KIA(ကချင်) အဖွဲ့များသည် အင်အားများ ထပ်မံပူးပေါင်း၍ တပ်မတော် စစ်ကြောင်းအား တိုက်ခိုက် လာမှုကြောင့် မွန်းလွဲပိုင်းတွင် ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ တပ်မတော် (လေ)မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးဖြင့် ၂ ကြိမ်၊ လေယာဉ် နှစ်စီးဖြင့် ၁ ကြိမ် သွားရောက် ပစ်ကူပေး တိုက်ခိုက်ချေမှုန်း ခဲ့ပြီး မိုးညှင်းမြို့ အနီးရှိ အမြောက်စခန်း များမှလည်း စတင်တိုက်ပွဲ ဖြစ်ပွားချိန်မှ စ၍ အမြောက်များဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

တပ်မတော် အနေဖြင့် မိုးညှင်းမြို့ရှိ ဒေသခံပြည်သူများ အေးချမ်းစွာဖြင့် သွားလာနေထိုင် လုပ်ကိုင် စားသောက်နေမှုအား နှောင့်ယှက်မှုများ ပြုလုပ်နေသည့် KIA(ကချင်) အဖွဲ့များကို ဆက်လက် နယ်မြေရှင်းလင်း တိုက်ခိုက်ချေမှုန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger