www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 24, 2015

ISIS ၏ အာရှကွန်ရက် အခြေစိုက်နိုင်ရန် ပစ်မှတ်ထားခံ နေရသည့် ဘင်္ဂလားဒေ့ရှ်


ISIS ၏ အာရှကွန်ရက် အခြေစိုက်နိုင်ရန် ပစ်မှတ်ထားခံ နေရသည့် ဘင်္ဂလားဒေ့ရှ်

ရှိန်းထက်

အစွန်းရောက် မဟုတ်သော မွတ်စလင်အများစု နေထိုင်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ဘလော့ဂါများ၊ စာရေးဆရာများ၊ ထုတ်ဝေသူ များနှင့် မီဒီယာသမား များသည် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် အစွန်းရောက် အုပ်စုများ၏ ပစ်မှတ်အသစ် ဖြစ်လာသည်။ မွတ်စလင် ဘာသာရေးကို ဝေဖန်ရေးသား သူများနှင့် ဘာသာမဲ့ လူသားများသည် မွတ်စလင် ဘာသာ၏ ရန်သူတော်ကြီး များ ဖြစ်သည်ဟု အစ္စလာမ်မစ် အစွန်းရောက် တို့က ယူဆကြသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် ရှိ အစ္စလာမ်မစ် အစွန်းရောက်တို့ ကလည်း နိုင်ငံတွင်းရှိ မွတ်စလင် ဘာသာကို ပုတ်ခတ် ရေးသားသူများနှင့် ဘာသာမဲ့ များကို တိုက်ခိုက်မှုများ တိုးမြှင့်လာခြင်း ဖြစ်သည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ် အစွန်းရောက် တို့က ဘလော့ဂါ များနှင့် စာရေးဆရာများ အပြင် စာအုပ် ထုတ်ဝေသူများ ကိုပါ ပစ်မှတ်ထား တိုက်ခိုက် လာကြသည်။ နိုဝင်ဘာ ၂ ရက်က မြို့တော်ဒါကာရှိ စာအုပ်တိုက် နှစ်တိုက်ကို အစွန်းရောက် တို့က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ယင်း တိုက်ခိုက်မှုကြောင့် ထုတ်ဝေသူ ဖေဆယ်အာရီဖင် မှာ ရုံးခန်းထဲ၌ သေဆုံးခဲ့ပြီး ရှူဒတ်ဟော့စ်ဝါ စာအုပ်တိုက်၏ ထုတ်ဝေသူ အာမတ် ရာဟင်တူတယ် နှင့် စာရေးဆရာ နှစ်ဦးမှာ ဓားဖြင့် အခုတ်ခံ ခဲ့ရကာ သေနတ်ဖြင့် လည်း အပစ်ခံခဲ့ ရသည်။ အဆိုပါ တိုက်ခိုက်မှု၏ တရားခံများကို သံသယရှိသည့် အဆင့်ဖြင့်သာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ယနေ့ အချိန်ထိ တရားခံ မမိသေးဘဲ ဘလော့ဂါနှင့် စာရေးဆရာ များမှာ တစ်ဦးပြီးတစ်ဦး အသတ်ခံ နေရသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် ရှိ ဘလော့ဂါများ၊ စာရေးဆရာ များနှင့် ထုတ်ဝေသူ များ၏ ဘဝသည် ကျီးလန့်စာစား ဖြစ်နေရသည်။ အစိုးရ၏ တရားဥပဒေ စိုးမိုးရေးသည် ဘင်္ဂလားဒေ့ရှ် ဘလော့ဂါ များနှင့် မီဒီယာ သမားများကို အကာအကွယ် မပေးနိုင် ဖြစ်နေသည်။

အသတ်ခံခဲ့ ရသော ဖေဆယ်အာရီဖင် သည် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား အမေရိကန် လူမျိုး အဗွီဂျစ်ရွိုင်း ၏ စာအုပ်ကို ထုတ်ဝေခဲ့သူ ဖြစ်သည်။ ရွိုင်းသည် ယခုနှစ် ဖေဖော်ဝါရီ လက အာရီဖင် နည်းတူ သူ၏ ရုံးခန်း၌ အသတ်ခံခဲ့ ရသူဖြစ်သည်။ သူသည် မွတ်စလင် ဘာသာကို ဝေဖန်ရေးသား ခဲ့ပြီး လောကုတ္တရာ ဆိုင်ရာ စာပေများကို ရေးသားသော ဘလော့ဂါ တစ်ဦးဖြစ်ပြီး ဘာသာမဲ့ တစ်ဦးလည်း ဖြစ်သည်။ ဒုတိယမြောက် အသတ်ခံရသည့် ဘလော့ဂါ မှာ ဝါရှီကွာရာ မမ်ဘာဘူ ဖြစ်ပြီး မြို့တော်ဒါကာ ၌ပင် ၄င်း၏ နေအိမ်နားတွင် မတ်လက အသတ်ခံခဲ့ ရခြင်းဖြစ်သည်။ တတိယမြောက် အသတ်ခံခဲ့ ရသည့် ဘလော့ဂါမှာ အန်နက်တာ ဘီဂျိုင်းဒက်စ် ဖြစ်ပြီး မေလက အသတ်ခံခဲ့ ရခြင်းဖြစ်သည်။ လေးဦးမြောက် အသတ်ခံ ခဲ့ရသည့် ဘလော့ဂါမှာ နီလွိုင်းနေး ဖြစ်ပြီး သြဂုတ်လက ဒါကာရှိ ၄င်း၏ နေအိမ်၌ အသတ်ခံခဲ့ ရခြင်း ဖြစ်သည်။ အသတ်ခံ ခဲ့ရသော ဘလော့ဂါများ အားလုံးသည် ဘာသာမဲ့များ ဖြစ်ကြပြီး အစ္စလာမ် ဘာသာကို ဝေဖန်ရေးသား ခဲ့ကြသူများ ဖြစ်သည်။

သူတို့ အားလုံးသည် အစိုးရက နိုင်ငံကို ဘာသာရေး ဥပဒေဖြင့် မအုပ်ချုပ်ရေး ဇောင်းပေး ရေးသားခဲ့ သူများ ဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ် ပြည်သူများ အကြား ယင်း ဘလော့ဂါ များသည် နာမည်ကြီး လှသည်။ ဘင်္ဂလားဒေ့ရှ် ရှိ အစွန်းရောက် တို့သည် ဆီးရီးယားနှင့် အီရတ်ကို ခြေကုပ် ယူထားသော ISIS တို့နည်းတူ သူတို့နိုင်ငံကို ရှရီယာ ဟု ခေါ်သော အစ္စလာမ် ဘာသာရေး ဥပဒေဖြင့် အုပ်ချုပ်စေလို သူများဖြစ်သည်။ ထို အစွန်းရောက်တို့ ရည်ရွယ်ချက် ကပင် ISIS တို့အတွက် ဘင်္ဂလားဒေ့ရှ် အစွန်းရောက် များကို စည်းရုံး သိမ်းသွင်းပြီး အခြေစိုက် နိုင်ရန် အကောင်းဆုံး လက်နက်တစ်ခု ဖြစ်နေသည်။

ယခု ငါးဦးမြောက် သတ်ရန် ခြိမ်းခြောက် ခံရသော ဘလော့ဂါမှာ မြို့တော်ဒါကာ ၌နေသော အမ်မာအိတိခ်ျ ဆာကာ ဖြစ်သည်။ သူသည် အောက်တိုဘာလ ကတည်းက ISIS တို့၏ ခြိမ်းခြောက်စာကို ဖေ့ဘွတ်မှ တစ်ဆင့် လက်ခံရရှိ ထားသူ ဖြစ်သည်။ ယင်းစာတွင် သင်သည် မွတ်စလင် ဘာသာဝင်တို့ အတွက် မကောင်းဆိုးဝါး တစ်ကောင် ဖြစ်သည်။ သင်၏ သေမင်းသည် သင့်ဆီသို့ မကြာမီ ရောက်လာ တော့မည်။ သင်သည် နိုင်ငံခြားသား နှစ်ဦး သေဆုံးသကဲ့သို့ အသေဆိုးဖြင့် သေရမည် ဟူ၍ ရေးသား ထားခဲ့သည်။

နိုင်ငံခြားသား နှစ်ဦးဆိုသည်မှာ ဂျပန်နိုင်ငံသား တစ်ဦးနှင့် အီတလီနိုင်ငံသား တစ်ဦး တို့ဖြစ်သည်။ ISIS တို့က လူစည်ကားသော နေရာများ၌ ဆိုင်ကယ်များဖြင့် ရောက်လာပြီး ဓားများဖြင့် ဝင်ခုတ်သည်။ လက်ပစ်ဗုံး များဖြင့်ပစ်၍ ကားဗုံး ဖောက်သည်။ ထိုသို့ နည်းလမ်း ပေါင်းစုံသုံးကာ အကြမ်းဖက် လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိသည်။ ထိုနည်းတူစွာ အုပ်စုဖွဲ့ အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက် နေသော အစွန်းရောက် အဖွဲ့များလည်း နိုင်ငံတွင်း၌ ရှိနေသေးသည်။ ၂ဝ၁၃ ခုနှစ်မှစ၍ ဘလော့ဂါ များနှင့် မွတ်စလင် ဘာသာ ဝေဖန်ရေးသား ခဲ့သူများကို တိုက်ခိုက်သော အကြမ်း ဖက်မှုများသည် ၂ဝ၁၅ ခုနှစ် ရောက်သည့် အခါ ဆက်တိုက် ဖြစ်လာ ခဲ့သည်။ ခြောက်လအတွင်း ဘလော့ဂါ လေးဦး အသတ်ခံရသည်။ နိုင်ငံခြားသား အကူအညီ ပေးရေး ဝန်ထမ်းများ အသတ်ခံ ရသည်။ နောက်ဆုံး ထုတ်ဝေသူများ အထိပါ ရောက်ရှိ လာသည်။ အစ္စလာမ်ဝါဒ ကို ဆန့်ကျင်သူ အားလုံးကို ဘင်္ဂလားဒေ့ရှ် အစွန်းရောက် တို့က တစ်လှည့် ၊ ISIS တို့က တစ်လှည့် လိုက်လံ သတ်ဖြတ်နေသည်။

ထိုကြားထဲ ISIS ၏ ထိုးဖောက် ဝင်ရောက် လာမှုသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက် လာသည်။ အောက်တိုဘာလ ကလည်း ရှီးယိုက် ဘာသာဝင်ပေါင်း ၂၅ဝဝဝ ခန့် စုဝေးနေသော နေရာ တစ်ခုကို ISIS တို့က ဗုံးခွဲခဲ့သည်။ လူပေါင်း ၁ဝဝ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံး ခဲ့သည်။ ထို့ပြင် နိုဝင်ဘာလ အစောပိုင်း ကလည်း ဆိုင်ကယ်များနှင့် ရောက်ရှိလာပြီး ဓားဖြင့်ခုတ် သူများကြောင့် ရဲအရာရှိ တစ်ဦး သေဆုံးပြီး နောက်တစ်ဦးလည်း ဒဏ်ရာရရှိ ခဲ့သည်။ ISIS အဖွဲ့၏ တိုက်ခိုက်မှုသည် သူတို့အဖွဲ့ လက်ချက် ဖြစ်ကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီး မကြာမီ ၄င်းတို့၏ အွန်လိုင်း စာမျက်နှာတွင် ရေးသား ခဲ့သည်။ နိုဝင်ဘာ ၁၈ ရက်ကလည်း စစ်သွေးကြွ သေနတ်သမား များက အီတာလျံ ဘုန်းတော်ကြီး တစ်ပါးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ သေးသည်။ ထိုအရာများက ISIS တို့ ဘင်္ဂလားဒေ့ရှ် တွင် နေရာ တစ်နေရာကို အခြေချ နေနိုင်ပြီ ဆိုသည်ကို သက်သေပြ နေသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ သူတို့နိုင်ငံ ထဲ၌ ISIS အစ္စလာမ်မစ် စစ်သွေးကြွ များ စိမ့်ဝင်မှု မရှိကြောင်း ငြင်းဆန်ထား သော်လည်း စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုများ အမှန်တကယ် ရှိနေကြောင်း ယခုအခါ လက်ခံလာပြီ ဖြစ်သည်။ နိုင်ငံတကာ ထောက်လှမ်းရေး အေဂျင်စီများ က ဘင်္ဂလားဒေ့ရှ်၌ ISIS တို့ ထိုးဖောက် ဝင်ရောက်မှု အတိုင်းအတာ တစ်ခုအထိ ရှိနေပြီ ဖြစ်ကြောင်း ထုတ်ဖော် ကြေညာထားပြီး အမေရိကန် ကလည်း နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ် ရှိ အစွန်းရောက် များသည် နိုင်ငံခြားသား များကို ပစ်မှတ်ထား လာနေသည့် အတွက် သူ့နိုင်ငံသား များကို အထူးသတိပြု နေထိုင်ရန် တိုက်တွန်း ထားသည်။

၂ဝ၁၅ ခုနှစ်အတွက် ကွာလာလမ်ပူ၌ ကျင်းပသည့် အာရှနှင့် ပစိဖိတ် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးသည့် အာဆီယံစီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး တွင်လည်း နိုင်ငံတကာ ခေါင်းဆောင် များသည် စီးပွားရေး အလေးပေး ဆွေးနွေး ရမည့်အစား တစ်ကမ္ဘာလုံးကို လွှမ်းမိုးလာ နေသည့် ဂျီဟတ်ဝါဒ တိုက်ဖျက်ရေး ကိုသာ အဓိကထား ဆွေးနွေးခဲ့ ကြသည်။ ဖိလစ်ပိုင်၌ ကျင်းပသော APEC အာရှ- ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ တွင်လည်း နိုင်ငံတကာ ခေါင်းဆောင် များသည် ISIS တိုက်ဖျက်ရေး ကို အလေးထား ဆွေးနွေးခဲ့သည်။ ထို့အတူ တူရကီ၌ ကျင်းပသော G20 စက်မှု ထိပ်သီး အစည်းအဝေး တွင်လည်း အစွန်းရောက် များ အဆုံးသတ်ရေး ကိုသာ အလေးထား ဆွေးနွေးခဲ့သည်။

ယင်းကဲ့သို့ ISIS ၏ ကွန်ရက် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် လာသည့်အချိန် ဘင်္ဂလားဒေ့ရှ် အစွန်းရောက် တို့ကလည်း ၄င်းတို့နိုင်ငံကို အစ္စလာမ်မစ် ဥပဒေဖြင့် အုပ်ချုပ်လိုသည်။ ထို အခွင့်အရေးသည် ISIS တို့အတွက် ရေကန်အသင့် ကြာအတင့် ဖြစ်သွားသည်။ ထို့ကြောင့် ISIS တို့က အစ္စလာမ်မစ် ဝါဒီ အစွန်းရောက် အများဆုံးရှိသော ဘင်္ဂလားဒေ့ရှ် ကို အာရှဒေသ ကွန်ရက် အခြေစိုက်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း လေ့လာ ရေးသား လိုက်ရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger