www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 17, 2015

မြန်မာအမျိုးသားလေကြောင်းလိုင်း အနေဖြင့် IATA အသင်းဝင်နိုင်ငံ ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိ



ရန်ကုန် ၊ ၁၇-၁၁-၂၀၁၅

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) အနေဖြင့် အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေး အသင်း (International Air Transport Association – IATA) ၏ အသင်းဝင်နိုင်ငံ ဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း MNA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် နိုင်ငံတကာ အဆင့်မြင့် လေကြောင်း ပို့ဆောင်ရေး သင်တန်းများသို့ သင်တန်းသားများ စေလွှတ်ခြင်း၊ လေကြောင်း ဘေးကင်း လုံခြုံစေရေး လုပ်ငန်းစဉ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့်အညီ ပြင်ဆင် ဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ခြင်း အစရှိသော ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ပြုပြင် ပြောင်းလဲမှု များကို MNA မှ လေယာဉ်မှူး၊ လေကြောင်း အင်ဂျင်နီယာ၊ လေယာဉ်မောင်၊ လေယာဉ်မယ် များသာမက ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများ အထိ ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတကာ လေကြောင်း စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးမှုကို ခံယူကာ IATA ၏ အသင်းဝင်နိုင်ငံ ဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေး အသင်း (IATA) သည် နိုင်ငံတကာ လေကြောင်းလိုင်း များအတွက် လေကြောင်း လုံခြုံရေးနှင့် ဝန်ဆောင်မှု ဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီရန် နိုင်ငံတကာမှ လေကြောင်း ကျွမ်းကျင်သူ များဖြင့် ၁၉၄၅ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သော အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။

မြန်မာ အမျိုးသား လေကြောင်းလိုင်း MNA သည် မြန်မာနိုင်ငံ၌ သက်တမ်း အကြာဆုံးသော လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၆၈ နှစ်ခန့်က စတင်တည်ထောင် ခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြည်တွင်းရှိ မြို့ကြီးပေါင်း ၂၆ မြို့နှင့် ပြည်ပခရီးစဉ် အဖြစ် စင်ကာပူ နိုင်ငံသို့ လေကြောင်း ခရီးစဉ်များ ပျံသန်းလျက် ရှိကြောင်း သိရသည်။ (မိုးယံထက်)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger