www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 24, 2015

ကြက်သွန်နီဈေးနှုန်း မြင့်တက်နေပြီး တရုတ်ကြက်သွန်နီများ ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်



ရန်ကုန် ၊ ၂၄-၁၁-၂၀၁၅

ဒေသအသီးသီး၌ ကြက်သွန်နီ ပေါ်ချိန်သို့ ရောက်ရှိသော်လည်း ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းမှာ မြင့်တက်နေပြီး တရုတ် ကြက်သွန်နီများ ပြည်တွင်းသို့ ဝင်ရောက် နေကြောင်း သိရသည်။

ထို့ပြင် ကြက်သွန်နီ ပေါ်ချိန်သို့ ရောက်ရှိသော်လည်း ကြက်သွန်နီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၂၈ဝဝ အထိပင် ရောက်ရှိခဲ့ကြောင်း ကြက်သွန်နီ ကုန်သည်ပွဲစား များနှင့် ဈေးကွက် ပေါက်ဈေးနှုန်း များအရ သိရသည်။

ကြက်သွန်နီ ဈေးနှုန်းသည် နိုဝင်ဘာလ အစပိုင်း ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိသာ အမြင့်ဆုံး ရှိခဲ့သော်လည်း နိုဝင်ဘာ ဒုတိယပတ်မှ စတင်ကာ ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ ကြက်သွန်နီ ကုန်စည်
ပေါက်ဈေးနှုန်း အရ ရက်သတ္တပတ် တာကာလ အတွင်း တစ်ပိဿာလျှင် ကျပ် ၆ဝဝ မှ ၈ဝဝ အထိ မြင့်တက် သွားကြောင်း သိရသည်။

ယင်းသို့ ပြည်တွင်း၌ ကြက်သွန်နီ ဈေးနှုန်းများ မြင့်မား နေချိန်တွင် နယ်စပ် လမ်းကြောင်း မှတစ်ဆင့် မန္တလေးနှင့် ရန်ကုန် စသည့်မြို့ကြီး တို့၏ ဈေးကွက် အတွင်းသို့ တရုတ်နိုင်ငံမှ ကြက်သွန်နီများ ဝင်ရောက်မှု ရှိနေကြောင်း မန္တလေးနှင့် ပခုက္ကူ အခြေစိုက် ကြက်သွန်နီ ကုန်သည် တချို့က ပြောသည်။

တရုတ်နိုင်ငံ ဘက်သို့ ယခင်က ပြည်တွင်း မှ ကြက်သွန်နီများကို တင်ပို့ ရောင်းချခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် မြန်မာ့ ကြက်သွန်နီ ဈေးနှုန်းသည် စံချိန်တင် မြင့်မား နေသဖြင့် ပြည်တွင်းသို့ တရုတ် ကြက်သွန်နီ များ ပြန်လည် ဝင်ရောက် နေခြင်းဖြစ်ကြောင်း ပြည်တွင်း ကြက်သွန်နီ ကုန်သည်များက ပြောသည်။

နိုဝင်ဘာ လလယ်ပိုင်းတွင် ကြက်သွန်နီ ကို အဓိက ဖြန့်ဖြူးနေသည့် ပခုက္ကူ ကြက်သွန်နီ ဒိုင်တွင် ကြက်သွန်နီ (ဂျွန်သန်ကြီး) တစ်ပိဿာလျှင် ကျပ် ၂၆၅ဝ၊ ကြက်သွန်နီ (ဂျွန်သန်) တစ်ပိဿာလျှင် ကျပ် ၂၄၅ဝ နှင့် ကြက်သွန်နီ (ဂျွန်လတ်) တစ်ပိဿာလျှင် ကျပ် ၂၃ဝဝ အထိ ပေါက်ဈေး ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မန္တလေး ဈေးကွက်၌ နိုဝင်ဘာ လလယ်ပိုင်း ရက်များတွင် ကြက်သွန်နီ (ဥကြီးရှယ်သန့်) တစ်ပိဿာလျှင် ကျပ်၂၆ဝဝ မှ ၂၈ဝဝ အထိ ပေါက်ဈေး ရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ကြက်သွန်နီ ကို စိုက်ပျိုးသော ဒေသများမှာ အဓိကအားဖြင့် အညာဒေသနှင့် စစ်ကိုင်း၊ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ ရေနံချောင်း၊ မြင်းမူ၊ မြစ်သား၊ ဝဲလောင်၊ ယောချောင်းနယ် တစ်လျှောက်နှင့် ပေါက် တို့၌ စိုက်ပျိုးကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်တွင် ဒေသ အသီးသီး၌ စိုက်ပျိုးထားသည့် ကြက်သွန်နီ များမှာ ပေါ်ချိန် နောက်ကျ နိုင်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger