www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 12, 2015

သဘာဝဘေးကို ကြေးမုံပြင်ကဲ့သို့ ကြည့်ပါ


သဘာဝဘေးကို ကြေးမုံပြင်ကဲ့သို့ ကြည့်ပါ

လူတို့သည် သိတတ်စ အရွယ်ကစ၍ မိမိတို့၏ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ပြင်ဆင် လိမ်းခြယ်ကြ ရသည်။ လူဖြစ်လာလျှင် လူမှု အသိုင်းအဝိုင်း အတွင်း၌ ကြည့်ပျော်၊ ရှုပျော် ရှိစေရန် မိမိတို့၏ ရုပ်ဆင်း သဏ္ဌာန်ကို ပြင်ဆင်ဖီးလိမ်းရန် မှန်ကိုကြည့်ကြ ရသည်။ လူတို့သည် မိမိတို့၏ ရုပ်ဆင်း သဏ္ဌာန်ကို မြင်နိုင်ရန် မှန်ကိုကြည့်ကြ ရသကဲ့သို့ မှန်ကလည်း လူတို့၏ ရုပ်ဆင်းသဏ္ဌာန် မြင်နိုင်ရန် အထောက်အကူ ပြုသည်။

လူတို့နေ့စဉ် ကြည့်ရှုနေသည့် မှန် (ကြေးမုံပြင်) ကဲ့သို့ မိမိတို့နေထိုင်ရာ သဘာဝ မိခင်မြေကြီးနှင့် တိုက်ရိုက် ပတ်သက်နေသည့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ကိုလည်း ကမ္ဘာ့လူသားတို့ ကြည့်ရှုရန် လိုအပ် လာပြီဖြစ်သည်။ 

ယခုအခါ ကမ္ဘာတစ်ဝန်း မုန်တိုင်း ကျရောက်ခြင်း၊ ရေကြီးရေလျှံ ဖြစ်ပေါ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း စသော သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများမှာ တစ်နေ့တခြား တိုးပွားလာလျက် ရှိသည်။ထို့အတူ မြန်မာနိုင်ငံ သည်လည်း ရာသီဥတု ပြောင်းလဲခြင်း အကျိုးဆက် များကို ရင်ဆိုင်ကြုံတွေ့ နေကြရသည်။ ၂ဝ၁၃ ခုနှစ်အတွင်းက သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အကြိမ် ၃၆ဝ ဖြစ်ပွားခဲ့ပြီး ၂ဝဝ၈ ခုနှစ်က ဖြစ်ပွားခဲ့သော သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု များနှင့် လူသေဆုံးမှု များ၏ အနိဋ္ဌာရုံများကို အောက်မေ့ဆင်ခြင် ကြရမည် ဖြစ်သည်။ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ကြေးမုံပြင် ကဲ့သို့ နေ့စဉ် ကြည့်ရှုကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ကြရန် လိုအပ်နေပြီ ဖြစ်သည်။

ယနေ့အချိန် သည် စိုက်ပျိုးစွမ်းအား ဖြင့် နိုင်ငံကို တိုးတက်စေရန် စွမ်းဆောင် နေချိန်ဖြစ်ရာ ကောင်းမွန်သော ရာသီဥတု ဖြစ်ရန်လိုသည်။ သို့တော် နိုင်ငံတစ်ဝန်း ရာသီဥတုများ ဖောက်လှဲ ဖောက်ပြန် ဖြစ်ကာ ရေကြီးရေလျှံ မှုများ ၊ ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် မိုးလိုသော ဒေသများတွင် တောင်သူများ သီးနှံစိုက်ပျိုးချိန် နှောင့်နှေးကြ ရပြီး ရေနစ်မြုပ်သော ဒေသများရှိ တောင်သူများ အနေဖြင့် သီးနှံများ ဆုံးရှုံးကြ ရသည်။

လူတို့၏ ပယောဂကြောင့် တန်ပြန် သက်ရောက် စေခဲ့သည့် ရာသီဥတု ဖောက်လှဲ ဖောက်ပြန်ဖြစ်မှု ၏ အကျိုးရလဒ်များကို လက်ခံမယူဘဲ ဖြေရှင်းရမည့် နည်းလမ်းများကို ရှာကြံကြ ရမည် ဖြစ်သည်။သဘာဝဘေးဒဏ် ကျရောက်လာလျှင် ကြိုတင်ကာကွယ် နိုင်ရန်နှင့် သဘာဝဘေး မကျရောက်စေရန် နေ့စဉ် ကြည့်ရှုရသည့် ကြေးမုံပြင် ကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ၀ိုင်းဝန်း အဖြေရှာ ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ လူသားတို့အနေဖြင့် မိမိတို့၏ အကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ပြီး မဆင်မခြင် ပြုမူ လုပ်ဆောင်နေမည် ဆိုပါက ကမ္ဘာကြီး အလုံးစုံ ဆိတ်သုဉ်း သွားမည် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး စိမ်းလန်းစိုပြည် စေရန်မှာ လူသားတို့၏ ပြုမူ လုပ်ဆောင်ချက် အပေါ်တွင် မူတည်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger