ယဉ်ကျေးမှု အနုပညာ
လူမျိုးတစ်မျိုး၏ အဆင့်အတန်း၊ တန်ဖိုးကို ယဉ်ကျေးမှု အနုပညာ တည်းဟူသော အတိုင်းအတာ ဖြင့် တိုင်းတာ နိုင်သည်။ အနုပညာ အဆင့်အတန်း မြင့်မားလျှင် လူ၏ တန်ဖိုးလည်း မြင့်မား လာပေမည်။ လူတို့သည် ဒေါသဖြစ်ခြင်း၊ မာန်မာန ကြီးထွားခြင်း စသည့် စိတ်ရိုင်းများကို မခံစားတတ် သကဲ့သို့ပင် အနု၊ အလှ၊ အရွလေးများ ပျော်ရွှင်မှု များကို သာယာကြ သည်။ မိမိတို့ စိတ်တွင် ဖြစ်ပေါ်လာသော စိတ်ကူး စိတ်သန်းများ အတိုင်း ဖန်တီးခဲ့ကြ ရာမှ ရိုးရာ အနုပညာ လက်ရာများ ပေါ်ပေါက် လာခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် အကြီးဆုံး နိုင်ငံဖြစ်သည်။ ယဉ်ကျေးမှုတွင် ကျောက်ခေတ် ၊ သံခေတ် ၊ ကြေးခေတ် တို့ကိုလည်း ဖြတ်ကျော် ခဲ့သည်။ ပျူ ၊ ရခိုင် ၊ မွန် ၊ တကောင်း ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေး ရပြီးခေတ် စသည့် ခေတ်များကို ဖြတ်သန်း လာခဲ့ရသည်။ ထို့ကြောင့် မြန်မာတို့၏ ယဉ်ကျေးမှု သက်တမ်းသည် နှစ်ပေါင်း သုံးသောင်းခန့် ရှိလာပြီဟု သမိုင်းပညာရှင် များက သတ်မှတ်ခဲ့ ကြသည်။
မြန်မာတို့၏ ယဉ်ကျေးမှု အနုပညာ များသည် ကြုံတွေ့ခဲ့ ရသော ပတ်ဝန်းကျင် သဘာဝ အလျောက် သူ့ခေတ်နှင့်သူ မြတ်နိုးဖွယ် ပေါ်ပေါက် လာခဲ့သည်။ မြန်မာနိုင်ငံတွင် မြို့ပြ လူဦးရေသည် အနည်းငယ်သာ ရှိပြီး ကျေးလက်နေသူ လူဦးရေသည် ၇ဝ ရာခိုင်နှုန်း ရှိသည်။ ရှေးဘုရင်များ လက်ထက်ကပင် နေပြည်တော်မှ အပ ကျန်ဒေသတို့မှာ ကျေးလက်များပင် ဖြစ်သည်။ ကျေးလက် လူထုသည် မိမိတို့ မွေးဖွားရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ စိမ့်၊ စမ်း၊ ဆည်မြောင်း၊ ဘုရား၊ ကျောင်းကန် ဝန်းကျင်ကို တွယ်တာ ကြသည်။ မြတ်နိုးကြသည်။ မိမိတို့မိဘ ဘိုးဘွား လက်ငုတ်လက်ရင်း လုပ်ငန်း များကိုသာ လုပ်ကိုင်ခဲ့ ကြသည်။
ကျေးလက်နေ ပြည်သူတို့မှာ တော၊ တောင်၊ လျှိုမြောင်၊ သစ်တောများ အတွင်း၌ သစ်သီးဝလံ ရှာဖွေခြင်း၊ ထင်းခုတ်ခြင်း၊ အမဲလိုက်ခြင်း၊ လယ်မြေ တောယာတို့၌ ထွန်ယက် စိုက်ပျိုးခြင်း စသည်ဖြင့် အသက်မွေး ဝမ်းကျောင်း ကြသည်။ ဝတ်ဆင်ရေးအတွက် အထည်ရက်လုပ် ကြသည်။ အဆင်တန်ဆာ အတွက် ပန်းထိမ်၊ ပန်းပု၊ ပန်းတော့၊ ပန်းရန်၊ ပန်းချီ၊ ပန်းတဉ်း၊ ပန်းတမော့၊ ပန်းယွန်း၊ ပန်းပဲ၊ ပန်းပွတ်ဟူသော ပန်း ၁ဝ မျိုးဖြင့် မွမ်းမံပြင်ဆင် ကြသည်။
တစ်ဦးမှ အစပြုခဲ့သော အနုပညာ ပစ္စည်းကို အခြားသူတို့က ကောင်းသည်ထက် ကောင်းအောင် ပြုပြင်တိုးချဲ့ ခဲ့ကြသည်။ အလှအပ တန်ဆာဆင်ကာ မျက်စိပသာဒ ဖြစ်အောင် ဖန်တီးခဲ့ကြသည်။ ဤနည်းအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းတွင် နှစ်သက် မြတ်နိုးဖွယ် ဖြစ်သော ယဉ်ကျေးမှု အနုပညာ ပစ္စည်းများ ကျန်ခဲ့ခြင်းဖြစ်သည်။ ယခု ဘိုးစဉ်ဘောင်ဆက် အမွေအနှစ်များ ဖြစ်သော ယဉ်ကျေးမှု အနုပညာရပ် များကို စွန့်ပယ်ခွာ၍ အခြား အလုပ်များကို လုပ်ကိုင် လာကြသည့် အတွက် ယဉ်ကျေးမှု အနုပညာ လက်ရာ လယ်ယာသုံး၊ အရပ်သုံး ကျောင်းသုံး စသည့် အနုပညာ ပန်းပွင့်များစွာ ကို ပြပွဲအဖြစ်သာ ပြသ နိုင်တော့မည့် အခြေအနေတွင် ရှိနေသည်။
သို့ဖြစ်ရာ အမျိုးသား စိတ်ဓာတ်ကို ပိုမို ရင့်သန်စေသော ယဉ်ကျေးမှု အနုပညာများကို ဟောင်းရာမှ သစ်လာစေရန်၊ နိမ့်ရာမှ မြင့်လာစေရန်၊ မှောင်ရာမှ လင်းလာစေရန်၊ အမွေအနှစ် ကို ဖော်ထုတ်ရန် တာဝန်သည် ပြည်သူများတွင် ရှိနေပြီး ပြန်လည် ဖော်ထုတ်၍ မြန်မာ့ဂုဏ်ပုဒ်ကို မြှင့်တင်ကြရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
No comments:
Post a Comment