ဤရေ နှင့် ဤလှေ
မဒါလေး
အတိတ်ကို မမေ့သော်လည်း အတိတ်တွင် ဤနေရာ၌ ကြာရှည်စွာ မနေခဲ့ သောကြောင့် ဤနေရာနှင့် စိမ်းနေသည် မှာတော့ အမှန်ပင်။ စိမ်းလွန်းသဖြင့် ကြောက်သွေးများ ဖြာနေသည်။ ကြောက်စိတ် များကြောင့် ကြက်သီးများ တဖြန်းဖြန်း ထကာ ကိုယ့်ကိုယ်ကိုယ် ပင် မဝံ့မရဲ ဖြစ်မိသည်။ သည်နေရာတွင် အစိမ်းဟူ၍ တွေ့မြင်သမျှ နေရာများ၊ အရာဝတ္တုများ သာရှိပြီး လူများအားလုံး နီးပါးမှာ ကိုယ့်ကို သိသူများ ဖြစ်ကြသည်။ ရွာစကားနှင့် ပြောလျှင် တစ်ရွာလုံး အမျိုးတွေ ချည်းပဲ ဖြစ်သည်။ သို့သော် အမျိုးဝေးသည်ပဲ ပြောရမည်လား၊ အနေဝေး သဖြင့် မျက်နှာစိမ်း သည်ပဲ ပြောရမည်လား၊ ကျွန်မ မသိသော သူများက ကျွန်မကို အားလုံးနီးပါး သိကြသည်။ ကျွန်မကို တိုက်ရိုက် သိသည်ထက် အမေ၏ သမီးအဖြစ် ပိုသိကြသည်။
ဤရွာလေးမှာ စစ်တောင်းမြစ်ဝ နှင့် မလှမ်းမကမ်းတွင် ရှိသဖြင့် အတန်အသင့် သာယာသော ရွာလေး ဖြစ်သည်။ စိမ်းစိုသော သစ်ပင်၊ ပန်းပင်တို့ဖြင့် လှပနေသည်။ သီးပင်စားပင် များလည်း စုံလင်လှသည်။ ဒေသထွက် အပေါဆုံး အစားအစာမှာ ငါး၊ ငါးပိနှင့် ငါးခြောက် ဖြစ်သည်။ အိမ်တိုင်းတွင် ရာဝင်အိုး ကြီးများ မရှိလှဘူး ဆိုသည့် အိမ်တွင်ပင် ငါးလုံးနှင့် ဆယ်လုံးကြား တွင်ရှိသည်။ အင်းသူကြီး ဟု ဆိုသူများ အိမ်တွင် ငါးဆယ်၊ တစ်ရာလောက်ပင် နည်းသေးသည် ထင်ရသည်။ မြစ်နှင့်နီးသဖြင့် အင်းအိုင်များလည်းပေါများသည်။ အများဆုံးမှာ လယ်နှင့် အင်း လုပ်ငန်းများ လုပ်ကိုင် ကြသည်။ အင်းပြီးချိန် ဆိုလျှင် ကုန်သည် သို့မဟုတ် လယ်သူဌေး၊ အင်းလုပ်ချိန် ဆိုလျှင် အင်းသူဌေး၊ အင်းလုပ်သား အဖြစ် တစ်နှစ် နှစ်ဘဝဖြင့် နေကြသူ များသည်။
သူတို့အခေါ် အင်းသူဌေး ဆိုသော်လည်း ကျွန်မ အမြင်မှာတော့ အနေရော အစားပါ ဆင်းရဲလွန်း လှသည်။ ရေများ ဝန်းရံထားသော အင်းတဲပေါ်တွင် အလုပ်သမား များနှင့် အတူနေ ရသည်။ သူ့နေရာ ငါ့နေရာ မခွဲခြားနိုင်။ အင်းမှ ငါး၊ ပုစွန်များ ကျလာလျှင် ဈေးကောင်းရသည့် ငါးနှင့် ဈေးမရသည့် ငါး ခွဲရသည်။ ပွဲရုံပို့မည့် ငါးနှင့် ငါးပိလုပ်မည့် ငါးခွဲရသည်။ သူ့အမျိုးအစား နှင့်သူ ပုံးများဖြင့် ထည့်ကာ ခွဲရသည်။ ပုစွန်ကျလျှင် နံနက်မြို့ဈေး အမီပို့ရန် သီးသန့်ရှယ်များ ရွေးကာ အလုပ်ပိုကြ ပြန်သည်။ အင်းမှ ပထမဦး ဆုံးကျသည့် ပုစွန်ကို အင်းနတ် တင်သည်။ မြို့သို့ ဈေးကောင်းရရန် အရင်ဆုံး ပို့သည်။ သူတို့ကတော့ ငါးကြွင်းငါးကျန် များဖြင့်သာ ဖြစ်သလို စားကြသည်။ ငါးကြွင်းငါးကျန် ဆိုသော်လည်း လတ်ဆတ်သဖြင့် ကျွန်မတို့ စားရသည့် ရေခဲရိုက် ငါးများထက် အဆတစ်ရာ မက သာလွန် ကောင်းမွန် နေသည်။
ကျွန်မတို့ အလည်လာ သဖြင့် အင်းမှကျသည့် လတ်လတ် ဆတ်ဆတ် မြစ်ငါးခူများကို ရွှံ့မံပြီး ကင်ကာ မန်ကျီးမှည့်နှင့် ငရုတ်သီးစိမ်း ရောဖျော် ထားသော အချဉ်နှင့် ဧည့်ခံ ကျွေးသည်။ အဦးဆုံး ကျသည့်ပုစွန်ကို အင်းနတ်တင်ရန် ဖယ်ပြီးလျှင် ကျွန်မတို့ကို ကင်ကျွေးသည်။ ပုစွန်ကို လတ်လတ် ဆတ်ဆတ် ယခုရေထဲ ကဆယ် ယခုကင်သဖြင့် စားနေကြ ပုစွန်ဟင်းထက် ပိုချိုပိုကောင်း နေပြန်သည်။ ရွှံ့နံ့လေး တသင်းသင်း နှင့်သဘာဝ အရသာကို အပြည့်အဝ ခံစားလိုက် ရသည်။ အစားအသောက် နှင့် ဗိုက်ဖြည့်ပြီး မှပင် အင်းထဲမှ လူများဘဝကို လေ့လာကြည့် မိသည်။ မိုးက သည်းသည်း ရွှံ့မြေထဲတွင် ဖိနပ်မပါ ခြေဗလာဖြင့် ကလေးရော လူကြီးပါမကျန် ကျွန်မတို့ ဦးကြီး အင်းသူကြီး ဆိုသူပါ ထိုအတိုင်း သွားလာ နေကြသည်။ တခဏတာ အတွက် ပျော်စရာ ကောင်းလှ သော်လည်း သူတို့ဘဝ တစ်လျှောက် ဖြတ်သန်း လာရသော အခိုက်အတန့် များက ပျော်နိုင်မည် မထင်ပါ။ ဖခင်ဖြစ်သူက သည်အင်း အလုပ်ဖြင့်ပင် အသက်မွေးကာ သားသမီးများကို ကြီးပြင်းအောင် ကျွေးမွေး လာသဖြင့် သားသမီးများ သည်လည်း သည်အင်းထဲ မှာပင် ဘဝကို စခဲ့ကြသည်။ သည်အင်းထဲမှာပင် ဘဝသစ် ထူခဲ့ကြသည်။ သားမြေးများနှင့် ပျော်စရာ ကောင်းသော်လည်း ဘဝမှာ နုံချာလွန်း လှသည်။ အစား အသောက်နှင့် ငွေရေးကြေးရေး အရ မညံ့လှ သော်လည်း အနေအထိုင် ဘဝမှာ နုံချာလွန်းသည်။ ရွာထဲရှိ အိမ်ကြီး အိမ်ကောင်း များကို အစောင့်အရှောက် မဲ့စွာ ပစ်ထားကြပြီး အင်းရေပြင် ကျယ်ထဲမှ တဲငယ်ငယ် ထဲတွင် ဇနီးမယား သားသမီး ပါမကျန် အလုပ်သမား များပါ ပျော်ပျော်ကြီး နေကြသည်။
ညနေ မှောင်ချိန် လွန်ကာ မိုးလည်း အနည်းငယ် ပိုရွာ လာသဖြင့် ကျွန်မတို့ကို တည်းခိုမည့် အင်း တစ်ဖက်ကမ်းက မြစ်ကျိုးရွာ လေးဆီ စက်လှေဖြင့် ပြန်ပို့ရန် စီစဉ်ကြသည်။ ထိုရွာထဲမှ အသိအိမ် တစ်အိမ်တွင် ညအိပ်ရန် စီစဉ် ပေးထားခြင်း ဖြစ်သည်။ မြို့မှလာသည့် တူမများမို့ အင်းထဲတွင် မသိပ်နိုင်ဟု လည်း ကြီးတော် လုပ်သူက အလုပ်သမားများ ရှေ့တွင် မာန်ပါပါဖြင့် အော်ပြော နေသေးသဖြင့် ကျွန်မတို့မှာ ရှက်အားနာ ခဲ့ရသည်။ နံနက်ကျမှ အင်းငါးကင် နှင့် ကောက်ညှင်းပေါင်း၊ မုန့်ဟင်းခါး တို့ဖြင့် ဧည့်ခံမည်ဟု ပြောကာ တည်းခိုရန် အိမ်သို့ ပြန်ခဲ့ရသည်။ တစ်ညလုံး ကျသော မိုးတဖြောက်ဖြောက် အသံသည် ရင်ခုန်သံတို့နှင့် အတူ စည်းချက် ညီလျက် အိပ်မပျော်သော ညတွင် ညတာကို ပိုရှည် စေခဲ့သည်။ နံနက် မိုးလင်းလျှင် အင်းရေပြင်နှင့် အင်းလုပ်သား တို့၏ ဘဝကို ပိုမိုသိမြင် ရမည် ဖြစ်သဖြင့် လည်းကောင်း၊ ကြီးတော် ပြောသော မုန့်ဟင်းခါးကို မြင်ယောင်၍ လည်းကောင်း ရင်ခုန်သံ တို့မှာ တလှပ်လှပ် ဖြစ်နေသည်။
အင်းသို့သွားရန် တည်းခိုရန် အိမ်မှ ကမ်းနားသို့ ရောက်ခဲ့ကြသည်။ သည်နံနက်တော့ နေသာသဖြင့် စက်လှေနှင့် လာမကြိုဘဲ လက်နှင့် လှော်ရသော လှေငယ်လေးဖြင့် လာကြိုသည်။ လှေပေါ်တွင် ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးတစ်ဦး လှော်တက် ကိုင်ကာ ထိုင်နေသည်။ ကျွန်မတို့ တက်အပြီးတွင် ထိုကလေးက နောက်ဆုံးလူက လှော်တက်ကိုင်ပြီး အနည်းငယ် ထိန်းပေးရန် လှမ်းပြောသည်။ အနောက်ကို ကြည့်လိုက်တော့ ကျွန်မနောက်မှာ ဘယ်သူမျှမရှိ။ ဘယ်သူများ လာဦးမလဲဟု မျှော်ကြည့်မိ သော်လည်း ဘယ်သူမှ မလာပါ။ နောက်မှ ထိုကလေး တစ်ဦးတည်း လာကြိုခြင်း ဖြစ်ကြောင်းနှင့် ကျွန်မကို ပြောကြောင်း သိလိုက်ရသည်။ လှော်တက်ကို မကိုင်တတ် ကိုင်တတ်နှင့် သူလှော်သည့် အတိုင်း လိုက်လှော်သည်။ သူပြောင်းသည့် အတိုင်း လိုက်ပြောင်းကာ လှော်သည်။ လူးကာလွန့်ကာ၊ ဘုရားတကာ နှင့် တစ်ဖက်ကမ်း ရောက်ခဲ့ရသည်။ ကျွန်မတို့လှေ ကမ်းအကပ်ကို မမှိတ်မသုန် ကြည့်ကာ ကြိုနေကြသော အင်းသူကြီး လင်မယားကို စိတ်ထဲမှ မကျေမနပ် ဖြစ်မိသည်။ အင်းတဲပေါ် ရောက်ပြီး လာကြိုသော ကလေးအကြောင်း စပ်စုမိသည်။ ထိုကလေးမှာ အင်းထဲတွင် မွေး၊ အင်းထဲတွင် ပင် ကြီးပြင်းသော အောက်ပြည် အင်းသား စစ်စစ်ဖြစ်သည်။ မိဘများမှာ အင်းထဲတွင် ငါးကောက် ငါးပိလုပ် ကြသည့် အလုပ်သမားများ ဖြစ်ကြသည်။ ကျောင်းနှင့်နီးပြီး ကျောင်းမနေ ရရှာသော ကလေးတစ်ဦး ဖြစ်သည်။ ကျောင်းမနေ ရသည့် အကြောင်းမှာ မိခင်ဖြစ်သူက အင်းထဲတွင်ပင် ကလေး တစ်ယောက်ပြီး တစ်ယောက် မွေးသဖြင့် ထိုကလေးမှာ ကလေး ကလေးချင်း ထိန်းရင်း ကလေးထိန်း ဖြစ်နေကြောင်း၊ တစ်ဖက်ကမ်းသို့ လှေဖြင့် အသွားအပြန် ကျောင်းတက်ဖို့ထက် ငွေကြေး မတတ်နိုင်သည့် အတွက် ကလေးများကို ကျောင်းမထား ကြကြောင်း သိရသည်။ သည်လို အရွယ်လေးကို သည်မြစ်ထဲ အင်းထဲ လှေတစ်စီးဖြင့် ခိုင်းသည် ကိုတော့ ကျွန်မ သဘောမတွေ့ လှပေ။
ကျွန်မဦးကြီး အင်းသူကြီး ကတော့ ထိုကလေးမှာ လှော်တက်ကို ငါးနှစ် ခြောက်နှစ် အရွယ်ကပင် ကောင်းကောင်း ကိုင်နိုင်ကြောင်း၊ လူကြီးများ မအားလျှင် သူ့ကိုပင် အားကိုးရကြောင်း ပြောပြသည်။ ထိုကလေးကို ကြည့်တော့လည်း ကျွန်မတို့ ပြောဆိုနေကြ သည်များကို စိတ်ပျက် အားငယ်ပုံ မပေါ် သူတို့ဘဝကို သူတို့ ကျေနပ် နေကြသည်လား၊ စိတ်ပျက် အားငယ်ရ ကောင်းမှန်း မသိသည်လား ပုံမဖော်တတ် တော့ပါ။ အင်းရေပြင် ကျယ်ကျယ်ကို သူတို့ဘဝ ဟုပင် မှတ်ယူထား ကြပုံပေါ်သည်။ သူတို့အနီး တွင်လည်း အတုယူစရာ ဟူ၍ ပညာတတ် ဟူသည်မှာ လက်ညှိုးထိုး စရာ မပြောနှင့် စကားနှင့် ထည့်ပြောဖို့တောင် မရှိသလောက် ရှားနေပြီ ဖြစ်သည်။ လူကြီးတွေ အနေနှင့် ကလည်း သည်အင်းက မွေး၊ သည်အင်း ကကျွေး သကဲ့သို့ ဖြစ်နေ၍ သည်အင်း ထဲတွင်ပဲ ပျော်သည်။ ရွာကို ပြန်နေ ရကောင်းမှန်း၊ သားသမီးတွေ ပညာသင်ရ ကောင်းမှန်း စဉ်းစားပုံလည်း မပေါ်။ ငါးကောက်ပြီး ငါးဘယ်လောက် ရသည် ပြောနေရလျှင် ပင် ကျေနပ် နေကြတော့သည်။ ရင်ထဲမှာပြော မပြတတ်သော အစိုင်အခဲ တစ်ခု ဖြစ်ခဲ့ရသည်။ အဝေးမှ စစ်တောင်းမြစ် ရေသည် ထစ်ချုန်း နေသည့် မိုးနှင့်အတူ တဝေါဝေါ မြည်ကာ ဟစ်အော် လာသည်။ ကျွန်မရင်ထဲက လိုပဲ စစ်တောင်း မြစ်ကြီးလည်း ငိုနေလေပြီလား ထင်မိသည်။ အစောက ကလေးမှာ ကမ်းနား ရပ်ထားသော လှေနားသို့ အပြေးသွား နေသည်ကို တွေ့ရသည်။ လှေကြိုးကို အပေါ်အဆင့် ငုတ်တိုင်သို့ ဆွဲကာ ခပ်မြင့်မြင့် ပြောင်းချည် နေသည်။ မိုးရောလေရော လာလျှင် ရေလည်း များလာလိမ့်မည်။ လှေကြိုး ပြောင်းထားမှ လှေထဲရေများ မဝင်နိုင်သဖြင့် လှေမနစ်ဘဲ ရှိနေမည်။ ဤသည် ပင် ကျွန်မတို့ မသိနိုင်သော ထိုကလေး၏ ပညာတစ်ရပ် ဖြစ်နေပြန်သည်။
#Yadanarpondaily
No comments:
Post a Comment