www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 12, 2015

ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ရသော မြန်မာနိုင်ငံအပူပိုင်း ဒေသများ၌ နွေရာသီကာလတွင် ရေချိုရရှိမှု ပြဿနာများ ကြုံတွေ့ နိုင်


ရေကြီးရေလျှံခဲ့သော ဒေသရှိ ရေတွင်းများ ပြန်လည်တူးဖော် နေမှုကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၂-၁၁-၂ဝ၁၅

ယခုနှစ် ဇူလိုင်လအတွင်းမှ စတင်၍ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြား၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသ များဖြစ်သည့် မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့၌လည်း ရေကြီးမှုဒဏ်ကို ဆိုးရွားစွာ ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျ ချောင်းရေများ ကျဆင်းမှုကြောင့် လူနေအိမ်များ ထိခိုက် ပျက်စီးကာ လူအများအပြား ရေဘေးသင့် ခဲ့ရသည်။ ရေများ ပြန်လည် ကျဆင်းသွားခဲ့ သော်လည်း ရွှံ့များ၊ ညွန်များနှင့် အမှိုက်များ အများအပြား ကျန်ရစ်ခဲ့သည်။

ထိုသို့ ရေကြီးရေလျှံမှု အကျိုးဆက်ကြောင့် ရေတွင်း၊ ရေကန် များသို့  ရွှံ့အနည် အနှစ်များ ဝင်ရောက်ကာ ထိခိုက် ပျက်စီးခဲ့ပြီး ရေချိုဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် အတွက် လာမည့်နှစ် နွေရာသီတွင် အပူပိုင်း ဒေသများ၌ ရေချို ရရှိနိုင်မှု ပြဿနာကို ယခင်ထက် ပိုမိုခံစား ရနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သတိပေး ပြောကြား ထားသည်။

ထို့ပြင် ယခုနှစ်တွင် ပစိဖိတ် သမုဒ္ဒရာ၌ ဖြစ်ပေါ်နေသည့် အယ်လ်နီနို ရာသီဥတု၏ ရိုက်ခတ်မှု ဒဏ်ကြောင့် မြန်မာနိုင်ငံ၌ လည်း အပူချိန် မြင့်တက်ခြင်းနှင့် မိုးရေချိန် နည်းပါးခြင်းတို့ ဖြစ်လာနိုင်ပြီး ယင်း အကျိုးဆက် အနေဖြင့် ရေရှားပါးမှု ပြဿနာနှင့် စိုက်ပျိုးရေး ပြဿနာများ ကြုံတွေ့ ရနိုင်ကြောင်း သိရသည်။

အပူပိုင်း ဒေသများ၌ ရေကြီးရေလျှံ မှုကြောင့် ရေတွင်း၊ ရေကန်များ ပျက်စီး ဆုံးရှုံးခဲ့သည့် အတွက် နွေရာသီတွင် ရေအခက်အခဲ မဖြစ်စေရန် ပြန်လည် ပြုပြင်ရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ ရေကြီးရေလျှံမှု များကြောင့် ရေတွင်း၊ ရေကန်များ အတွင်းသို့ ရေဆိုး ဝင်ရောက်နေမှု များကို ခပ်ထုတ်ခြင်း နှင့် ဆေးခတ်ခြင်းများ ပြုလုပ်ပြီး နွေရာသီတွင် ရေပြဿနာ မကြုံရစေရန် ရေကန် ပြန်လည် တူးဖော်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ သိရသည်။

အပူပိုင်းဒေသ များ၌ ရေရှားပါးမှုနှင့် ပတ်သက်၍ ကမ္ဘာ့ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ဆိုင်ရာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) က မြန်မာနိုင်ငံအတွင်း ရေရှားပါး ပြတ်လပ်မှု ဆိုင်ရာ အခြေအနေ ပြမြေပုံ တစ်ခုကို ၂ဝ၁ဝ ပြည့်နှစ်တွင် ထုတ်ပြန် ခဲ့သည်။

နွေရာသီတွင် မဖြစ်မနေ ကြုံတွေ့ရမည့် ရေရှားပါးမှု ပြဿနာအတွက် သက်ဆိုင်ရာ ဌာနများ အနေဖြင့် နွေရာသီကာလ မရောက်မီ ပျက်စီး ဆုံးရှုံးသွားသည့် ရေတွင်း၊ ရေကန် များကို အမြန်ပြုပြင် ထားသင့်ပြီး ရေဘေးသင့် ဒေသများ၌ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ရာတွင် ရေပြဿနာ အခက်အခဲ ကိုပါ အဓိကထား ဆောင်ရွက်ရန် လိုကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူ များက အကြံပြု ထားသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger