ညောင်ရွှေ ၊ ၂၃-၁၀-၂၀၁၅
မြန်မာနိုင်ငံ၏ အထင်ကရ နေရာတစ်ခု ဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အတွင်းရှိ အင်းလေးကန် အတွင်း ရေလျော့နည်း မှုကို ကာကွယ် ထိန်းသိမ်းနိုင်ရန် လာမည့် ဒီဇင်ဘာလ အတွင်း ဒေသလက်လုပ် ဆည်များ တည်ဆောက် သွားမည် ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ထံမှ သိရသည်။
ယခုနှစ်အတွင်း အင်းလေးကန် ရေမှာ ယခင်နှစ်ထက် လျော့နည်းလျက် ရှိပြီး အင်းလေးကန် အတွင်း ရေစီးနှုန်းကို တားဆီးနိုင်ရန် ဒေသလက်လုပ် ဆည် ၁ဝ ခုခန့် တည်ဆောက်မည် ဖြစ်ကြောင်း၊ လက်လုပ်ဆည် ဆိုသည်မှာ ကန်အတွင်း ဝါးများကိုရက်၍ မိုးကာသား၊ သဲအိတ် စသည်တို့ ထည့်သွင်းပြုလုပ် ရမည်ဖြစ်ပြီး ဆည်တစ်ခုလျှင် ကျပ် သိန်း ၂ဝ ခန့် ကုန်ကျမည် ဖြစ်သည်။
လက်လုပ်ဆည် တစ်ခုနှင့်တစ်ခု ၄ ဖာလုံခန့်ခြား၍ တည်ဆောက်မည် ဖြစ်ပြီး ဆည်တစ်ခုတွင် ကန်ရေ ငါးလက်မခန့် ထိန်းထားနိုင်ကာ အင်းလေးကန် တစ်ခုလုံး အနေဖြင့် ကန်ရေ သုံးပေခန့် ထိန်းထားနိုင်မည် ဖြစ်ကြောင်း၊ ရေ အခြေအနေကို ကြည့်ပြီး ရေလျော့ မသွားစေရန် လက်လုပ်ဆည်များ ပြုလုပ်သွားမည် ဖြစ်သည်။
ယခုနှစ်အတွင်း အင်းလေးကန် အတွင်းသို့ ရေဝင်ရောက်မှု နည်းပါးသဖြင့် အောက်တိုဘာ ၂ဝ ရက် တိုင်းတာချက် အရ အင်းလေးကန် ရေပြင်အနက်မှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် တစ်ပေခွဲခန့် လျော့နည်းလျက် ရှိသည်။
မြန်မာနိုင်ငံ၌ ထူးခြားသော အမျိုးသား ယဉ်ကျေးမှု၊ ဇီဝမျိုးစုံမျိုးကွဲများ နှင့် ဂေဟစနစ်များ ပေါင်းစပ် တည်ရှိနေသည့် အင်းလေးကန် ဒေသကို လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ် ယူနက်စကို မှ ယခုနှစ် ဇွန် ၁ဝ ရက်က အသိအမှတ်ပြု သတ်မှတ် ခဲ့ကြောင်း သိရသည်။ (၄၄၇)
မြ၀တီနေ့စဉ် ၊ စာ(၄)
#Themyawadydaily






No comments:
Post a Comment