www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 7, 2015

အယ်နီညိုဖြစ်စဉ်ကြောင့် စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် မြစ်၊ ချောင်းများ ဒုတိယအကြိမ် ရေကြီးနိုင်


မိုးနှောင်းကာလ အတွင်းဖြစ်ပေါ် နိုင်သည့် မိုးလေဝသနှင့် ရေကြီးနိုင်မှု အခြေအနေ၊ ကြိုတင်ခန့်မှန်းချက်များနှင့် ပတ်သက်၍ အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ ထုတ်ပြန်ကြေညာ

နေပြည်တော် ၊ ၇-၉-၂ဝ၁၅

ကမ္ဘာနှင့်အဝှမ်း တွင် ရာသီဥတု အစွန်းရောက် ပြောင်းလဲမှုများ ဖြစ်ပေါ်မှုကြောင့် မြန်မာနိုင်ငံ တွင်လည်း ဒေသအနှံ့ အပြား၌ မိုးရေချိန် စံချိန်သစ် များဖြင့် ထူးကဲ မိုးရွာသွန်းခြင်းများ ကြုံတွေ့ခဲ့ ရသည်။ ဇူလိုင်လ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် ရေလှောင်တမံ များတွင် အချိန်တို အတွင်း ရေသိုလှောင် နိုင်မှု ပမာဏထက် ကျော်လွန်ပြီး ရေပိုလွှဲများမှ သာမန်ထက် ပို၍ ရေကျော်ကျမှုများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ အီကွေတာ ပစိဖိတ် သမုဒ္ဒရာ ဒေသတွင် ''အယ်နီညို'' ဖြစ်စဉ် အားကောင်းစွာ ဖြစ်ပေါ်နေကြောင်း ကမ္ဘာ့ ရာသီဥတု ခန့်မှန်းရေး ဗဟိုဌာနများမှ ထုတ်ပြန် ထားသည်။ ''အယ်နီညို'' ဆိုသည်မှာ ပင်လယ် ရေမျက်နှာပြင် အပူချိန်နှင့် ရေအောက် အပူချိန်သည် ပုံမှန်ထက် ပိုမိုပူနွေးသည့် အခြေအနေကို ဖော်ညွှန်းကြောင်း၊ စက်တင်ဘာ၊ အောက်တိုဘာ နှင့် နိုဝင်ဘာလ တို့တွင် အယ်နီညို ဖြစ်စဉ် ဆက်လက်ဖြစ်ပေါ် နိုင်ကြောင်း ခန့်မှန်း ထားသည်။

အယ်နီညို ဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ မိုးလေဝသ အခြေအနေများ အပေါ် သက်ရောက်မှု ရှိသည့်အတွက် ယခုလ အတွင်း မြန်မာ နိုင်ငံ၏ မိုးရွာသွန်းမှု အခြေအနေကို ခန့်မှန်းရာ ယခင် အယ်နီညို ဖြစ်ခဲ့သော ၁၉၉၁ ခုနှစ်၊ ၁၉၉၇ ခုနှစ်နှင့် ၂ဝဝ၂ ခုနှစ်တို့၏ အလားတူ ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် မိုးရွာသွန်းမှု အခြေအနေ များနှင့် နှိုင်းယှဉ် တွက်ချက်ရာ မြန်မာနိုင်ငံ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း တို့တွင် စက်တင်ဘာလ ၏ ရွာသွန်းမြဲ မိုးရေချိန်ထက် ပိုမို၍ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ရွာသွန်းမြဲခန့် လည်းကောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် ရွာသွန်းမြဲ အောက် မိုးရွာသွန်း နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်း ထားသည်။

အယ်နီညို ဖြစ်စဉ်ကြောင့် ဒေသတစ်ခုတွင် လတစ်လ၏ မိုးရွာသွန်းမှုမှာ တစ်လလုံး အနေဖြင့် ကြည့်ပါက နည်းနိုင် သော်လည်း အချိန်တို အတွင်း မိုးသည်းထန်စွာ ရွာသွန်း တတ်သည့် ရက်များ ရှိနိုင်သည့် အတွက် မြစ်ချောင်းများ ရုတ်တရက် မြစ်ရေမြင့်တက် နိုင်ပြီး မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်တွေ့ရှိ ရသဖြင့် မြန်မာနိုင်ငံ အတွင်း မြစ်ကြီးများနှင့် မြစ်ငယ်၊ ချောင်းငယ် များတွင် မိုးနှောင်းကာလ ဖြစ်သည့် စက်တင်ဘာလ နှင့် အောက်တိုဘာလ တို့တွင် ဒုတိယအကြိမ် ရေကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

ထိုကဲ့သို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ကြိုတင် ခန့်မှန်းချက် များအရ ဇူလိုင်နှင့် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော ပုံမှန် မဟုတ်သည့် ရေကြီးမှု ဖြစ်စဉ်များ၏ အတွေ့အကြုံ များအပေါ် အခြေခံကာ ဆည်မြောင်း ဦးစီးဌာနမှ တည်ဆောက် ထိန်းသိမ်း ထားသည့် ရေလှောင်တမံ နှင့် ရေဘေး ကာကွယ်ရေး တာများတွင် အောက်ပါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ် များကို အချိန်ကိုက် အလေးထား စီမံ ဆောင်ရွက်လျက် ရှိသည်-

  • (၁) ရေလှောင်တမံ များတွင် လက်ရှိ သိုလှောင်ထားသော ရေလှောင်တမံ ပမာဏနှင့် နေ့စဉ်စီးဝင် ရေပမာဏ၊ ကန်ရေပြည့် သိုလှောင် နိုင်သော ပမာဏတို့အား ချိန်ဆ တွက်ချက်ပြီး ရေလှောင်တမံ ဝန်းကျင်တွင် နေထိုင်သော ပြည်သူများ မထိခိုက် စေဘဲ ရေကြိုတင် လျှော့ချထား နိုင်ရေး စီမံ ဆောင်ရွက်ခြင်း။
  • (၂) ရေလှောင်တမံ များတွင် သဲ၊ ကျောက်စရစ်၊ ကျောက်ကြီး စသည့် အရေးပေါ် လုပ်ငန်းသုံး ပစ္စည်းများ အလုံအလောက် အရန်သင့် ကြိုတင် စုဆောင်း ထားခြင်း။ 
  • (၃) အရေးပေါ် လိုအပ်လျှင် ဆောင်ရွက်နိုင်ရန် အတွက် စက်ယန္တရား/ ယာဉ်နှင့် လုပ်သား အင်အားများ အရန်သင့် စုဖွဲ့ထားခြင်း။
  • (၄) ရေလှောင်တမံ ၏ ကြံ့ခိုင်မှု အတွက် ၂၄ နာရီ အချိန်ပြည့် စောင့်ကြည့် စစ်ဆေးခြင်း နှင့် လိုအပ်သော နေရာများတွင် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခြင်း။
  • (၅) ရေဘေး ကာကွယ်ရေး တာများတွင် လည်း ၂၄ နာရီ ရေကင်း ချထား၍ စောင့်ကြည့်ခြင်း နှင့် အရေးပေါ်  ရေဘေး ကာကွယ်ရေး ပစ္စည်းများ အလုံအလောက် ကြိုတင် စုဆောင်း ထားခြင်း။
  • (၆) ဇူလိုင်နှင့် သြဂုတ်လ အတွင်း မြစ်ရေ အမြင့်ဆုံး မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည့် ကာလတွင် ယာယီ ကာကွယ်မှု ပြုလုပ်ခဲ့ရသည့် ရေပေါက်များကို စက်ယန္တရား အင်အား၊ လူအင်အား များဖြင့် ပြန်လည်ပြုပြင် မြေဖို့ကြိတ်ခြင်း၊ တာ၏ ရှေ့ဘက်နှင့် နောက်ဘက်ရှိ ယာယီ ဆောင်ရွက်ခဲ့ ရသော ကတုတ်တန်းများ၊ လှိုင်းကာတန်း များအား တောင့်တင်း ခိုင်မာအောင် ပြန်လည် ပြုပြင်ခြင်း၊ တာထိပ် နိမ့်သော အပိုင်းများတွင် သဲအိတ်များ ဆင့်၍ မြှင့်တင်ခြင်း။
  • (၇) မြစ်ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် အတွက် ရေလွှဲတန်းများ၊ ရေပေါ် ရေကာတန်းများ ဆောင်ရွက်ခြင်း။
  • (၈) ဌာန၏ ရေဘေးကြိုတင် ကာကွယ်ရေး စီမံချက်ပါ လုပ်ငန်းစဉ်များ အတိုင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များနှင့် ပူးပေါင်း ညှိနှိုင်းပြီး စီမံ ဆောင်ရွက်ခြင်း။
  • (၉) မိုးလေဝသ အခြေအနေနှင့် သတင်း အချက်အလက် များ ထပ်ဆင့် ဖြန့်ဝေခြင်း နှင့် ရေဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်း လက်ကမ်း စာစောင်များ ဖြန့်ဝေ၍ အသိပေးခြင်း။
သို့ဖြစ်၍ ၂ဝ၁၅ ခုနှစ် မိုးနှောင်း ကာလတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု ဖြစ်ပေါ် လာပါက ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ထိခိုက် ပျက်စီးမှုမှ လုံခြုံစိတ်ချစွာ ကာကွယ် စောင့်ရှောက်မှု များပေးနိုင်ရေး အတွက် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းစဉ် များကို စီမံချက် များနှင့်အညီ အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် တိုင်းဒေသကြီး ပြည်နယ် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များက အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက် ရှိပြီး ထိခိုက် နစ်နာမှု လျော့ပါး သက်သာရေး အတွက် ပြည်သူများ သိရှိ လိုက်နာ ဆောင်ရွက်နိုင်ရန်  သဘာဝ ဘေးအန္တရာယ် ကြိုတင် သတိပေးမှုနှင့် လုပ်ငန်းစဉ် များအား နှိုးဆော် အသိပေး သွားမည် ဖြစ်ကြောင်း ကြိုတင် ကြေညာ ထားရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger