www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 8, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
အစ္စရေး ကာကွယ်ရေးဝန်ကြီး Mr. Moshe Ya'alon တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
အစ္စရေး ကာကွယ်ရေးဝန်ကြီး Mr. Moshe Ya'alon တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
အစ္စရေး ကာကွယ်ရေးဝန်ကြီး Mr. Moshe Ya'alon တို့ 
အမှတ်တရပစ္စည်း အပြန်အလှန် ပေးအပ်စဉ်

နေပြည်တော်၊ ၈-၉-၂၀၁၅

အစ္စရေးနိုင်ငံ တွင် ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အစ္စရေး ကာကွယ်ရေး ဝန်ကြီး Mr. Moshe Ya'alom က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့်  ကြိုဆိုသည့် အခမ်းအနားကို ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၈ နာရီ ၄ဝ မိနစ်တွင် အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန ၌ ကျင်းပ ပြုလုပ်သည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားသို့ ရောက်ရှိရာ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Mr. Moshe Ya'alom က ခရီးဦးကြိုဆို နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အစ္စရေး ကာကွယ်ရေး ဝန်ကြီးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ အား စစ်ဆေးသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အစ္စရေး ကာကွယ်ရေး ဝန်ကြီးတို့သည် ဝန်ကြီး၏ ရုံးခန်း၌ တွေ့ဆုံ ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံ တို့သည် သံတမန် ဆက်ဆံရေးကို ၁၉၅၃ ခုနှစ်က စတင်ခဲ့ပြီး ဝန်ကြီးချုပ် ဦးနု သည် ၁၉၅၅ ခုနှစ်တွင် လည်းကောင်း၊ အိမ်စောင့်အစိုးရ လက်ထက် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၅၉ ခုနှစ်တွင် လည်းကောင်း အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက် ခဲ့ကြောင်း ၊ ယခု ခရီးစဉ်သည် နှစ်ပေါင်း ၆ဝ အတွင်း တပ်မတော် အကြီးအကဲ တစ်ဦး၏ ပထမဦးဆုံး ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ဆက်ဆံရေး ခြေလှမ်းသစ် ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ်သည် အစ္စရေးနိုင်ငံ ထူထောင်သည့် နှစ်ဖြစ်သလို မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့် နှစ်လည်း ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီးခါစတွင် တပ်မတော်ပိုင်း ဆိုင်ရာ အကူအညီ ပေးခဲ့သည် များကိုလည်း အမြဲအမှတ်ရ နေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်း လျက် ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်သည့် အခွင့်အလမ်းများ ရှိနေသည်ဟု ယုံကြည် မျှော်လင့်ကြောင်း ဖြင့် ဆွေးနွေး ပြောကြားသည်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင် နိုင်မည်ဟု ယုံကြည်ကြောင်း၊ စိန်ခေါ်မှု များကို နားလည်မှု၊ ယုံကြည်မှု များဖြင့် အပြန်အလှန် ပူးပေါင်းေ ဆာင်ရွက် နိုင်မည်ဟု ယုံကြည်ကြောင်း၊ လုံခြုံရေးဆိုင်ရာ နှင့် ကာကွယ်ရေးပိုင်း ဆိုင်ရာ အတွေ့အကြုံ များကိုလည်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက် နိုင်မည်ဟု မျှော်လင့် ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အစ္စရေး ကာကွယ်ရေး ဝန်ကြီးတို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ ကြသည်။

ယင်းနောက် ဒေသ စံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ကာကွယ်ရေး ဝန်ကြီးဌာန၌ အစ္စရေး ကာကွယ်ရေး ညွှန်ကြားရေးမှူးချုပ် Maj. Gen. (Ret:) Mr. Dan Harel က နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အစ္စရေး ကာကွယ်ရေး ညွှန်ကြားရေးမှူးချုပ် တို့သည် အမှတ်တရ ပစ္စည်းများ အပြန်အလှန် ပေးအပ် ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger