www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, September 5, 2015

ပြည်ပဈေးကွက် ရရှိရန် မြန်မာ့သနပ်ခါးကို တရုတ်နိုင်ငံ၌ ကျင်းပမည့် နန်နင်းကုန်စည်ပြပွဲ တွင် ပြသသွားမည်



ရန်ကုန် ၊ ၅-၉-၂၀၁၅

မြန်မာ့ သနပ်ခါးကို မြန်မာ အမျိုးသမီးများ နေ့စဉ်လိမ်းခြယ်မှု ရှိနေသဖြင့် သနပ်ခါး အတုံး၊ သနပ်ခါးအမြစ်၊ သနပ်ခါးအခဲ နှင့် သနပ်ခါးအရည် များအဖြစ် ပြည်တွင်း ဈေးကွက်၌သာ ဈေးကွက် တွင်ကျယ်လျက် ရှိရာမှ ယခုအခါ ပြည်ပဈေးကွက် ရရှိစေရန် တရုတ်နိုင်ငံ၌ စက်တင်ဘာ ၁၁ ရက် မှ ၂ဝ ရက်အထိ ကျင်းပမည့် နန်နင်းကုန်စည် ပြပွဲတွင် ပြသသွားမည် ဖြစ်ကြောင်း စီးပွားဖြစ် သနပ်ခါး စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ ထံမှ သိရသည်။

လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး၏ သနပ်ခါး လိုအပ်ချက်ကို မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ဖြည့်ဆည်းပေး နေပြီး ပြည်တွင်း၌ သာမက ပြည်ပအထိ ထိုးဖောက်နိုင်ရန် တန်ဖိုးမြင့် သနပ်ခါး ထုတ်ကုန်များကို ထုတ်လုပ် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ထိုးဖောက်နိုင်ရန် ခိုင်မာသည့် ဈေးကွက် လိုအပ်သောကြောင့် သနပ်ခါးနှင့် ပတ်သက်သော တိကျသည့် သုတေသန ပြုမှုများ လုပ်ဆောင် ရမည်ဖြစ်သည်။

ထို့အပြင် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ရာတွင် အခက်အခဲမရှိ စေရန်နှင့် မူပိုင်ခွင့် ရရှိရေး ကြိုးစား လုပ်ဆောင်နိုင်ရန် သနပ်ခါးနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ များကို ကျင်းပလျက် ရှိသည်။

မြန်မာ့ သနပ်ခါးများကို ပြည်ပဈေးကွက် ရရှိရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ ကုန်စည်ပြပွဲ၌ နိုင်ငံတကာမှ ပြခန်းပေါင်း ၁ဝဝဝ ကျော် ခင်းကျင်း ပြသမည် ဖြစ်သည်။ ပြပွဲပြသချိန်တွင် သနပ်ခါး လိမ်းခြင်း၏ အကျိုးအာနိသင်၊ သဘာဝ ဆေးဖက်ဝင်မှု၊ ပင်စည်မှ အပွေးသာမက အမြစ်၊ အရွက် စသည်တို့ကိုပါ အကျိုးရှိရှိ  သုံးစွဲနိုင်ကြောင်း ကို နိုင်ငံခြားသားများ သိရှိစေရန် ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း စီးပွားဖြစ် သနပ်ခါး စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ ထံမှ သိရသည်။

သနပ်ခါးသည် နှစ်ရှည်စိုက်ပျိုး ရသော်လည်း တစ်ကြိမ် ရောင်းတမ်းဝင် ဖြစ်လာပါက ကျပ်သိန်းရာချီ ရရှိသည်။ သနပ်ခါးကို နှစ်ရှည် စိုက်ပျိုးထားပြီး သနပ်ခါးပင်များ အကြားတွင် ရာသီအလိုက် သီးနှံများဖြစ်သော ပဲစင်းငုံ၊ မြေပဲနှင့် နှမ်းစသည့် သီးပင်များကို စိုက်ပျိုး နိုင်သည်။

အရွယ်အစားပေါ် မူတည်၍ သနပ်ခါး တစ်ပင်လျှင် ကျပ် ၈ဝဝဝ မှ ၁၅ဝဝဝ ဝန်းကျင်အထိရှိပြီး သနပ်ခါး ပျိုးပင်မှာ မျိုးမကောင်းလျှင် တစ်ပင် ၂၅ ကျပ်နှင့် မျိုးကောင်းလျှင် တစ်ပင် ၅ဝ ကျပ် ခန့်ရှိကြောင်း သိရသည်။

ဇာညီသစ္စာ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger