ညောင်ရွှေ ၊ ၃၁-၈-၂၀၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အင်းလေးကန်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ UNESCO မှ ယခုနှစ်တွင် ဇီဝဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နယ်မြေအဖြစ် အသိအမှတ် ပြုခဲ့မှု နှင့်အတူ ကန်အတွင်း ရေများ ညစ်ညမ်းမှု မရှိစေရန်နှင့် ရေကောင်း ရေသန့်များ ရရှိလာစေရန် အော်ဂဲနစ် စိုက်ပျိုးရေး စနစ် ( Organic Farming ) ကို အဓိက ဦးစားပေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် ဒေသမျိုးရင်း သီးနှံများ စိုက်ပျိုး ထုတ်လုပ်ခြင်း၊ ဓာတ်မြေသြဇာ နှင့် ဓာတုဆေးဝါး များ အသုံးပြုမှု လျှော့ချရမည် ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိခိုက်မှု မရှိသည့် စိုက်ပျိုးရေး စနစ်များကို အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။
အင်းလေးကန်ကို ဇီဝဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နယ်မြေအဖြစ် သတ်မှတ် လိုက်ခြင်းကြောင့် ပင်မ ထိန်းသိမ်းရေး နယ်မြေ၊ ကြားခံဇုန် နယ်မြေနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဇုန်နယ်မြေများ အဖြစ် စနစ်တကျ အုပ်ချုပ်မှု စီမံချက်များ ရေးဆွဲ ဆောင်ရွက် သွားမည်ဖြစ်ကာ ဒေသခံများ ပူးပေါင်း ပါဝင်မှု တိုးတက် လာစေရန်နှင့် အသိပညာ ဗဟုသုတ မြှင့်တင်ရေး လုပ်ငန်းများ လုပ်ကိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
ဒေသခံများ အတွက် သန့်ရှင်းသည့် ရာသီဥတု၊ ငါး သယံဇာတနှင့် တခြား ရေသယံဇာတ အရင်းအမြစ် များ၊ ဂေဟစနစ် ဝန်ဆောင်မှုများ ထောက်ပံ့ပေး နေသည့် အင်းလေးကန် ရေရှည် တည်တံ့ရေး လုပ်ငန်းများတွင် ဒေသခံများ၏ ပူးပေါင်း ပါဝင်ရေးမှာ အဓိက ကျပြီး အော်ဂဲနစ် စိုက်ပျိုးရေးစနစ် ကျင့်သုံးခြင်းဖြင့် ကန်အတွင်း ရေနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေး နိုင်မည်ဖြစ်သည်။
ဇီဝအဝန်း နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ၂ဝ၁၃ ခုနှစ်တွင် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ခဲ့သည်။ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် အမည်စာရင်း ပေးပို့ အဆိုပြုခဲ့ကာ ယခုနှစ်တွင် အသိအမှတ် ပြုခဲ့ခြင်းကြောင့် နိုင်ငံတကာ အဖွဲ့အစည်း များ၏ နည်းပညာနှင့် ရန်ပုံငွေများ ရရှိလာမည် ဖြစ်ကာ အင်းလေးကန် ဒေသ ပတ်ဝန်းကျင်များ ပြန်လည် ကောင်းမွန် လာစေရန် အထောက်အကူ ပြုမည် ဖြစ်ကြောင်း သိရသည်။
အင်းလေးကန်တွင် ငှက်မျိုးစိတ်ပေါင်း၂၇ဝ ခန့်၊ ရေချိုငါး၊ လိပ် နှင့် ဖျံများ အပါအဝင် ကုန်းနေ ရေနေ သတ္တဝါ ၄၃ မျိုး နေထိုင် ကျက်စားလျက် ရှိပြီး သစ်ခွနှင့် ဆေးဖက်ဝင် အပင်များ ရှင်သန် ပေါက်ရောက်ရာ ဒေသတစ်ခု ဖြစ်ကြောင်း ယူနက်စကို ၏ ဇီဝဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နယ်မြေ သတ်မှတ်ခြင်း ဆိုင်ရာ ကြေညာချက်တွင် ဖော်ပြ ထားကြောင်း သိရသည်။
အေဒီမိုး
#Themyawadydaily






No comments:
Post a Comment