www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 4, 2015

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း များတွင် နည်းပညာနှင့် ကုန်ပစ္စည်းဆိုင်ရာ အထောက်အထား ထုတ်လုပ်သည့်နေရာများကို ဆက်လက် ဖော်ထုတ်သွားမည်



ရန်ကုန် ၊ ၄-၈-၂၀၁၅

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း များတွင် နည်းပညာ နှင့် ကုန်ပစ္စည်း ဆိုင်ရာ အထောက်အထား၊ ထုတ်လုပ်သည့် နေရာများနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို ဆက်လက် ဖော်ထုတ် သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန မှ သိရသည်။

မြန်မာနိုင်ငံ၏ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများ ဖြစ်သော ဟန်လင်း ၊ ဗိဿနိုး နှင့် သရေ ခေတ္တရာ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်စေရန် World Heritage Center မှ ဆုံးဖြတ်ချက်များ၊ အကြံပြုချက်များ နှင့်အညီ ပြုစု ထားရှိသည့် Nomination Dossier (Draft) အား World Heritage Center သို့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် လည်းကောင်း၊ Complete Nomination Dossier ကို World Heritage Center သို့ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့သည်။ ၂ဝ၁၄ ခုနှစ် ဇွန် ၂၂ ရက်တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပ ခဲ့သော (၂၈)ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီ ညီလာခံတွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုး OUV အမျိုးအစား ခြောက်မျိုးရှိသည့် အနက် (၁၊ ၂၊ ၃) များနှင့် ပြည့်စုံ၍ အထောက်အထား ပြည့်စုံခဲ့ သဖြင့် World Heritage Center အဖြစ် သတ်မှတ်ခံခဲ့ ရခြင်း ဖြစ်သည်။

လက်ရှိတွင် ပျူရှေးဟောင်း မြို့များ၏ ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုးတို့ကို ဖော်ပြသည့် လက္ခဏာ အထောက်ထားများ ဆိုင်ရာ ဖော်ထုတ် ရမည့် လုပ်ငန်း အစီအစဉ် အနေဖြင့် ရှေးဟောင်း သုတေသန တူးဖော်မှု လုပ်ငန်းမှ မြို့ပြ ဖွဲ့စည်းမှု ပုံသဏ္ဌာန်၊ တည်ဆောက်မှု နှင့် ယင်းတို့နှင့် ဆက်စပ်နေသော အထောက်အထား များကို ဆက်လက် ဖော်ထုတ်ရန်၊ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူရှေးဟောင်း မြို့များ၏ အဆိုပြု သတ်မှတ်ချက် ဧရိယာ အတွင်းရှိ ပျူခေတ် ရေသွင်း၊ ရေထုတ် စနစ်တို့၏ ကြွင်းကျန်ရစ်သော အထောက်အထား များ၊ ယနေ့တိုင် အသုံးပြု နေသော အထောက် အထားများ၊ ထိန်းသိမ်းရန် လိုအပ်ချက်နှင့် ထိန်းသိမ်း ထားမှု အခြေအနေ တို့ကို ဆက်လက် ဖော်ထုတ်ရန် စသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်လျက် ရှိသည်။ 

ယခုအခါ သံချက်ဖိုများ၊ အိုး၊ အုတ်နှင့် အလှကုန် ပစ္စည်း ထုတ်လုပ်သည့် နေရာဒေသ များလည်း ဆက်လက် ဖော်ထုတ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဇာညီသစ္စာ

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger