www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 18, 2015

နိုင်ငံခြား ခရီးသွားဧည့်သည်များ အထူး စိတ်ဝင်စား ၀ယ်ယူမှုများသည့် ပလောင်ရိုးရာ ဦးထုပ်



ရန်ကုန် ၊ ၁၈-၈-၂၀၁၅

နှစ်စဉ် ခရီးသွားရာသီ များတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ညောင်ရွှေ အင်းလေးဒေသ၊ ပင်းတယမြို့ နှင့် ကုံလုံဒေသ၊ ကလောမြို့ တို့သို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အမြောက်အမြား လာရောက် လည်ပတ်လေ့ ရှိပြီး ဒေသထွက် အစားအစာ များနှင့် ဒေသထွက် လက်မှုပစ္စည်း များကို ဝယ်ယူကြ ရာတွင် ရိုးရာ အိမ်တွင်းမှု ကုန်ထုတ် လုပ်ငန်းများ ထဲမှ ပလောင်ရိုးရာ ဦးထုပ် (ပုံ) များသည် ရောင်းအား ကောင်းကာ ဈေးကွက်တစ်ခု အဖြစ် ရရှိ လာကြောင်း သိရသည်။

''ပလောင်၊ လားဟူ၊ လီရှော လူမျိုးများရဲ့ ရိုးရာဓလေ့ ဦးထုပ်ပုံစံတွေ ရောင်းအားကောင်း လာတာကြောင့် အခုနှစ်မှာ ပိုမိုထုတ်လုပ် လာကြပါတယ်။ ဦးထုပ်ကို အနက်ရောင် ပိတ်စလေး ခံပြီး ရောင်စုံ သိုးမွေးချည်တွေ
နဲ့ ပန်းပွင့်သဏ္ဌာန် ပုံဖော် အနားသတ် ထားပါတယ်။ အနက်ရောင် အောက်ခံ ပေါ်မှာ ရောင်စုံပန်းပွင့် ပုံစံလေးတွေ ပါတော့ ဦးထုပ်က ပေါ်လွင် တာကြောင့် ပြည်ပ ခရီးသွားတွေ ဝယ်ယူမှု များပြားပါတယ်။ အခုချိန်ထက် ပွင့်လင်း ရာသီဆို ပိုပြီးရောင်းရ ပါတယ်။ ဒါကြောင့် ဒီ ပလောင်ရိုးရာ ဦးထုပ်လေး တွေကို ဒီနှစ်ပိုပြီး ချုပ်လုပ် နေပါတယ်'' ဟု ဦးထုပ် အမျိုးမျိုး ချုပ်လုပ် ရောင်းချနေသော မနန်းညွန့်မေ က ပြောသည်။

ပလောင်ရိုးရာ ဦးထုပ်၏ အပေါ်ပိုင်း မျက်နှာပြင်တွင် ငါးထောင့်ကြယ် ပုံစံအား သိုးမွေးချည်ဖြင့် ရက်လုပ် ပုံဖော်ထားပြီး ရောင်စုံ ပန်းပွားများဖြင့် ဝန်းရံကာ အလှဆင် ပုံဖော်ထားသည်။ အဓိပ္ပာယ်မှာ ငါးထောင့်ကြယ် သည် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဟူ၍ အနန္တော အနန္တငါးပါး ကို ရည်စူးပြီး ရောင်စုံပန်း များသည် ယင်း အနန္တော အနန္တ ငါးပါးကို ပူဇော်ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း ပလောင်ရိုးရာ ဦးထုပ်အသေး တစ်လုံးလျှင် ကျပ် ၁၅ဝဝ၊ အကြီး တစ်လုံးလျှင် ကျပ် ၂ဝဝဝ ဖြင့် ဈေးကွက်သို့ တင်ပို့ ရောင်းချမှုများ ပြုလုပ် နေကြောင်း သိရသည်။

ထို့အပြင် ဦးထုပ်ချုပ် လုပ်သား တစ်ဦးသည် တစ်ရက်လျှင် ဦးထုပ် ၁၅ လုံးခန့် ချုပ်လုပ်နိုင်သည်။ ထို့ကြောင့် ဦးထုပ်ချုပ် လုပ်သားသည် လုပ်ခ အနေဖြင့် တစ်နေ့လျှင် ကျပ် ၃ဝဝဝ မှ ကျပ် ၅ဝဝဝ အထိရရှိ နေသည့် အတွက် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်ကာ ဈေးကွက် ဝင်သော ကုန်ထုတ်ပစ္စည်း တစ်ခုဖြစ်ကြောင်း သိရသည်။

သီရိ

မြဝတီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger