www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 25, 2015

အာဏာကို လက်နက်ကိုင်ပြီး ရယူထားခြင်းကို မလိုလား၊ ဥပဒေနှင့်အညီ စီမံခန့်ခွဲမှုကိုသာလိုလား


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့်  မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး 
H.E.Mr.Thierry MATHOU အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၅-၇-၂၀၁၅

တပ်မတော်၏ ဆန္ဒမှာ အာဏာကို လက်နက်ကိုင်ပြီး ရယူထားခြင်းကို မလိုလား ပါကြောင်း ၊ တည်ငြိမ် အေးချမ်းမှုကို ဥပဒေအရသာ ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းရေး အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း များရှိကြောင်း၊ ၎င်း အုပ်ချုပ်ရေး အဖွဲ့အစည်းကို အထောက်အကူ ပြုသည့် တရားသူကြီး၊ ရဲတပ်ဖွဲ့ကဲ့သို့ တရားဥပဒေ ထိန်းသိမ်းရေး အဖွဲ့များလည်း ရှိကြောင်း၊ ယင်းတို့၏ လုပ်ပိုင်ခွင့် များလည်း ရှိကြောင်း၊ နောက်တစ်ဆင့် အနေဖြင့် ထို့ထက်ပိုပြီး စွမ်းဆောင် နိုင်သည့် အဖွဲ့အစည်း များရှိပြီး တိုင်းပြည်ကို ဥပဒေနှင့်အညီ စီမံခန့်ခွဲမှု ကိုသာ လိုလားကြောင်း ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင် ၌ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Thierry MATHOU အား လက်ခံ တွေ့ဆုံစဉ် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးမှုအပေါ် ထင်မြင် ယူဆချက်အား မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် တပ်မတော် အကြီးအကဲ များ၏ ခရီးစဉ်များ၊ လေ့ကျင့်ရေး သင်တန်း ကိစ္စရပ်များ ၊ စစ်သံမှူး ထားရှိရေး ကိစ္စရပ်များ အပါအ၀င် လုပ်ဆောင် နိုင်သည့် နယ်ပယ်များတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးနှင့် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်၏ အခန်းကဏ္ဍ ဆိုင်ရာများကို အပြန်အလှန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြပြီး ဧည့်သည်တော် သံအမတ်ကြီး ၏ သိရှိလိုသည်များ မေးမြန်းမှု အပေါ် ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်၏ ဖြတ်သန်းလာမှု သမိုင်းတွင် ပြည်တွင်း သောင်းကျန်းမှု ပြဿနာများ ရှိခဲ့ကြောင်း၊ လက်ရှိ အခြေအနေ အထိလည်း မတည်ငြိမ် သေးပါကြောင်း၊ ၎င်းအပြင် တပ်မတော် အနေဖြင့် နိုင်ငံရေး တည်ငြိမ်မှု၊ လုံခြုံရေး တည်ငြိမ်မှု၊ နိုင်ငံရေး အာမခံချက် ကိုလည်း ထည့်သွင်း စဉ်းစားရကြောင်း၊ တိုင်းပြည်၏ နိုင်ငံရေး ဦးဆောင်သူ အနေဖြင့်လည်း ခိုင်ခိုင်မာမာ ဖြစ်နေရန် လိုကြောင်း၊ ခိုင်မာစွာ ဆောင်ရွက် နိုင်ရန်လည်း ၀ိုင်းဝန်း အထောက်အပံ့ ပြုနေရမည် ဖြစ်ကြောင်း၊ ထိုသို့ ထောက်ပံ့မှု ကဏ္ဍ အနေဖြင့်လည်း မှန်မှန် ကန်ကန် ရှိနေရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ တိုင်းပြည် တည်ငြိမ် အေးချမ်းမှု အာမခံချက် ရှိရန် အရေးကြီးကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရန် ၊ နိုင်ငံရေး တည်ငြိမ်မှု ရှိရန်၊ နောက်ကွယ်မှ တွန်းအားပေး နေသည့်နိုင်ငံ၊ အဖွဲ့အစည်းများ အနေဖြင့်လည်း တပ်မတော် အပေါ် မှန်မှန်ကန်ကန် သိမြင်ရန် လိုကြောင်း၊ ထိုအာမခံမှုများ ရှိလာပါက တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်နှင့် အတူ ရှိရမည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ချိန်တွင် ပြင်ရန် ရှိကြောင်းနှင့် ယခု အချိန်မတိုင် သေးဟု ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံ တည်ငြိမ် အေးချမ်းမှု အမြန်ဆုံး ရရှိလိုသည်မှာ တပ်မတော်၏ ဆန္ဒပင် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

အနာဂတ် နိုင်ငံတော် သမ္မတနှင့် ပတ်သက်၍ ထင်မြင် ယူဆချက် မေးမြန်းမှု ကိုလည်း လက်ရှိမိမိတို့ သမ္မတ ရွေးချယ်ရေး စနစ်မှာ တိုက်ရိုက် ရွေးချယ်သည့် စနစ် မဟုတ်ကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တို့မှ သမ္မတအား ပြည်သူ့ ကိုယ်စားပြု၍ ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ သမ္မတ အနေဖြင့် ပြည်သူက ထောက်ခံသူ၊ အသိအမှတ် ပြုသည့်သူ ၊ သမ္မတဖြစ်ရန် အရည်အချင်း သတ်မှတ်ချက် များနှင့် ကိုက်ညီသူလည်း ဖြစ်ရန်လိုကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှ ၁၉၆၂ ခုနှစ်အတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍ သုံးခုလုံးတွင် ပြည်ပနိုင်ငံများ၊ နိုင်ငံခြားသားများ ၊ နောက်ကွယ်မှ နိုင်ငံခြားသား များ၏ စွက်ဖက်မှု များကို ကြုံတွေ့ခဲ့ရပြီး တိုင်းသူ ပြည်သားများ ခံစားခဲ့ရကြောင်း၊ ၁၉၅၈ ခုနှစ် အိမ်စောင့် အစိုးရနှင့် ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ ပေါ်ပေါက် ခဲ့ခြင်းမှာလည်း ယင်းသမိုင်း ကပေးသည့် သင်ခန်းစာပင် ဖြစ်ကြောင်း၊ ထို အခြေအနေမျိုး ပြန်မရောက်ရန် အရေးကြီး ကြောင်း၊ သမ္မတ သာမက တိုင်းပြည်တွင် အရေးကြီး သည့် တာဝန် ထမ်းဆောင်သူ မှန်သမျှ ၎င်း အရည်အချင်း သတ်မှတ်ချက် များ ရှိစေချင်သည်မှာ မိမိ၏ ရိုးသားသည့် ဆန္ဒပင် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သံအမတ်ကြီးအား အထိမ်းအမှတ် တံဆိပ် အမှတ်တရ ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Thierry MATHOU သည် ၂၀၁၁ ခုနှစ် မေလ ၂၃ ရက်မှစတင်၍ တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ အတွင်း တာဝန်ပြီးဆုံး ၍ ပြင်သစ်နိုင်ငံ သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger